အမျိုးသားကျောင်းများနှင့် မြန်မာစာပေ
မြန်မာတို့၏ သမိုင်းစဉ်တွင် သရေခေတ္တရာခေတ်၊ ပုဂံခေတ်တို့မှစ၍ ကုန်းဘောင်ခေတ်အလယ်ပိုင်း ကာလတိုင်အောင် အမျိုးသားပညာရေးစနစ်သည် ခိုင်ခိုင်မြဲမြဲ တည်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ဤအမျိုးသား ပညာရေးစနစ်ကြောင့် မြန်မာတိုင်းရင်းသားတို့၏ ဘဝသည် တင့်တယ်ခံ့ညားခဲ့ရသည်နှင့်အမျှ မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှု အစုစုတို့သည်လည်း ရေမြင့်၍ ကြာတင့်ခဲ့ရလေသည်။
ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံအား ကိုလိုနီလက်အောက်ခံ နိုင်ငံအဖြစ် သိမ်းပိုက်ရာတွင် နိုင်ငံ၏ အမျိုးသား ယဉ်ကျေးမှုကိုသာမက အသိပညာ၊ ကုန်ထုတ်လုပ်မှု၊ ကာကွယ်ရေးဆိုင်ရာ အတတ်ပညာများကို သင်ကြားတတ်မြောက်စေသော အမျိုးသားပညာရေးတစ်ခုလုံးကို ဖျောက်ဖျက်ပစ်ခဲ့ကြသည်။
ထို့ကြောင့်ပင် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကို အကြောင်းပြု၍ ပေါ်ပေါက်ခဲ့သော အမျိုးသားပညာရေး တောင်းဆိုမှု တိုက်ပွဲဖြစ်သည့် ကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သည်။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေသည် ကြေးရတတ် သားသမီးများကိုသာ အကျိုးပြု၍ အများစုဖြစ်သော တိုင်းရင်းသားများအား တက္ကသိုလ်အထက်တန်း ပညာသင်ကြားနိုင်မှုကို ကန့်သတ်ထားပေသည်။ တက္ကသိုလ်ကျောင်း အုပ်ချုပ်ရေးမှာလည်း ကျောင်းသားများအပေါ် ဖိနှိပ်လွန်းသည်။
တက္ကသိုလ်မှ ဘွဲ့ရဦးရေမထွက်နိုင်အောင် ချုပ်ကိုင်ထားသကဲ့သို့ အချုပ်အချယ်အမျိုးမျိုးဖြင့် ရေးဆွဲထားရာ ယင်းဥပဒေကြမ်းကို ဝေဖန်ကန့်ကွက်ခဲ့ကြသည်။
သို့သော် ဗြိတိသျှအစိုးရသည် မည်သူ့ကိုမျှ အရေးမထားဘဲ ရန်ကုန်တက္ကသိုလ်ဥပဒေကို အဓမ္မအတည်ပြုခဲ့ပေသည်။ ထိုအခါ တိုင်းပြည်ခေါင်းဆောင်များနှင့် သတင်းစာအပေါင်းက ကျောင်းသားများကိုယ်တိုင် ဆောင်ရွက်မှ အထမြောက်တော့မည်ဟု ပြောဆိုရေးသားလာကြသည်။
ရန်ကုန်တက္ကသိုလ်ဥပဒေသည် ဒီဇင်ဘာလ ၁ ရက်နေ့၌ အတည်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ရန် ကြေညာထားသည်။ ရန်ကုန်ကောလိပ်မှ ကျောင်းသားတို့အနေဖြင့်ကား တက္ကသိုလ် ဥပဒေသည် အမျိုးသားတို့အားနှောင်ကြိုးဖြင့် အစဉ်ချုပ်နှောင်ထားရန် ဗြိတိသျှအစိုးရက ဖန်တီးထားသည့် လက်နက်ကောင်း တစ်ခုဖြစ်သည်ဟု မမှိတ်မသုန် ယုံကြည်သည်။ ထို့ကြောင့် ရန်ကုန်ကောလိပ်မှ ကျောင်းသားကြီးတို့သည် တက္ကသိုလ်ဥပဒေ ပျက်စီးသွားရန်နှင့် ထိုဥပဒေအရ တက္ကသိုလ်မဖွင့်ဖြစ်ရန် မြန်မာအမျိုးသားတို့၏ အစီအမံဖြင့် အမျိုးသားတက္ကသိုလ် တည်ထောင်ရန်တို့ကို စိတ်အားထက်သန်စွာ တွေးတောကြံဆခဲ့ကြပေသည်။ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် (ဒီဇင်ဘာလ ၃ ရက်နေ့)နေ့လယ်တွင် ရန်ကုန်ကောလိပ်မှ ကျောင်းသားကြီး ၁၁ ဦးတို့သည် ရွှေတိဂုံကုန်းတော်ပေါ် စနေထောင့်တွင် တက္ကသိုလ်ကျောင်းကို သပိတ်မှောက်ရေးအတွက် လျှို့ဝှက်တိုင်ပင်ကြသည်။ ကိုဘရှင်၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုအေး၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်၊ ကိုဘခင်၊ ကိုအောင်ဒင်၊ ကိုဘဦးဟူသော ခေါင်းဆောင် ၁၁ ဦးတို့ လေးနက်စွာ ဆင်ခြင်စဉ်းစားပြီးနောက် အမိနိုင်ငံ၏ ဂုဏ်သိက္ခာကို ကယ်တင်ရေးအတွက် ကောလိပ်ကျောင်းများကို သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်မဆုတ်တမ်း ကောင်းအတူဆိုးအမျှ ဆောင်ရွက်ကြမည်ဟု သစ္စာဓိဋ္ဌာန်ပြုကြ၏။ ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသားပေါင်း ၆၀၀ ခန့် ဗဟန်း ဦးအရိယကျောင်းတိုက်သို့ စုဝေးရောက်ရှိလာကြသည်။ ကျောင်းနှစ်ကျောင်းမှ ကိုယ်စားလှယ်များ ပါဝင်သော ၂၆ ဦးကော်မတီကို ရွေးချယ်ကာ တာဝန်အရပ်ရပ်ကို လွှဲအပ်သည်။ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်စောစောတွင် အမှုဆောင်များ လူစုခွဲသွားပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသား၊ ကျောင်းသူများက ကန့်ကွက်၍ သပိတ်မှောက်ကြောင်း၊ ယင်းတို့သည် ဗဟန်းကြားတောရသို့ ချီတက်နေကြပြီဖြစ်ကြောင်း ဈေးသည်များနှင့် ဈေးဝယ်လာသူများသိရှိကြစေရန် သတင်းလွှင့်ပေးလိုက်သည်။ ရန်ကုန်ဟိုက်စကူးကျောင်းများ သပိတ်မှောက်ခြင်းကြောင့် အခြားမြို့ရှိ ဟိုက်စကူးကျောင်းနှင့် အလယ်တန်းကျောင်း ၈၉ ကျောင်းသို့ သပိတ်မှောက်မီး ကူးစက်သွားလေသည်။
၂၄-၁၂-၁၉၂၀ ပြည့်နှစ်တွင် ဗဟန်းသပိတ်မှောက်စခန်း အထက်တန်းကျောင်းကို အမျိုးသားကျောင်းဟု အမည်ပေး၍ အမျိုးသားပညာရေး လှုပ်ရှားမှုကော်မတီက စတင်ဖွင့်လှစ်လိုက်သည်။ ၂၈-၁၂-၁၉၂၀ ပြည့်နှစ် ဗဟန်းတန်းမြင့်ကျောင်း၊ ပုစွန်တောင်တန်းမြင့်ကျောင်း၊ ကြည့်မြင်တိုင်တန်းမြင့်ကျောင်း၊ ၃၂ လမ်းမိန်းကလေးတန်းမြင့်ကျောင်း၊ ဗိုလ်တထောင်အလယ်တန်းကျောင်း၊ စမ်းချောင်းအလယ်တန်းကျောင်းဟူ၍ ခြောက်ကျောင်းခွဲ၍ ထူထောင်ခဲ့သည်။ ယင်းကော်မတီက အမြို့မြို့၌ အမျိုးသားကျောင်းများ ဖွဲ့စည်းရန်အတွက် သပိတ်မှောက်ကောလိပ်ကျောင်းသားများကို ၂၁-၁၂-၁၉၂၀ မှစတင်၍ စေလွှတ်ခဲ့သည်။ ၁-၁-၁၉၂၁ တွင် မြင်းခြံ၌ အမျိုးသားကျောင်း ပေါ်ထွန်းခဲ့၏။ နှစ်လကြာသော် မြန်မာတစ်ပြည်လုံးတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၆၀၀၀ ရှိသော အမျိုးသားကျောင်း ၉၀ ရှိလာခဲ့၏။ ၁၄-၈-၁၉၂၁ တွင် ဗဟန်းရွှေကျင်ကျောင်းတိုက်၌ ပထမအမျိုးသား တက္ကသိုလ် ပေါက်ဖွားလာသည်ကား နောက်ဆက်တွဲအကျိုး ကျေးဇူးပေတည်း။
အမျိုးသားကျောင်းသင်ရိုးညွှန်းတမ်းကို အမျိုးသားပညာရေး ရည်ရွယ်ချက်နှင့် အညီဖြစ်ရန် ကြိုးစားထားကြောင်း တွေ့ရ၏။ အမျိုးသားကျောင်းများ မပေါ်ပေါက်မီက မြန်မာစာပေ၊ မြန်မာရာဇဝင်စသည် တို့သည် ချောင်ထိုးခံနေရသည့် အခြေအနေမျိုး၌ ရှိ၏။ မြန်မာစာကို အင်္ဂလိပ်စာနှင့်တွဲ၍ ဘာသာပြန်ခိုင်းရုံမျှသာရှိ၏။ မြန်မာစာပေ၏ဂုဏ်၊ ရသ၊ ခက်ခဲနက်နဲ သိမ်မွေ့ပုံတို့ကို ဖော်ထုတ်မပေးခဲ့ချေ။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာမှ မြန်မာစာပေကို အပိုဘာသာရပ်အဖြစ်နှင့်ပင် တိုးချဲ့သင်ကြားပေးလာ၏။ တစ်ချိန်က ကိုယ့်ဘုရင်၊ ကိုယ့်နိုင်ငံနှင့် နှစ်ပေါင်းများစွာ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ နေလာခဲ့ပုံနှင့် ရှေးမြန်မာတို့၏ သူရသတ္တိ၊ မျိုးချစ်စိတ်တို့ကိုပါ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားလာသည်။ ၁၀ နှစ်ခန့်အကြာ ၁၉၃၀ ပြည့်နှစ်ခန့်တွင်မူ အင်္ဂလိပ်ပညာရပ်မှတစ်ပါး အခြားဘာသာရပ်များကို ခုနစ်တန်းအထိ မြန်မာဘာသာဖြင့် သင်ကြားခွင့်ရလေပြီ။ အထက်တန်းကျောင်းများတွင်ကား မြန်မာရာဇဝင်နှင့် ပါဠိဘာသာကို မြန်မာစာဖြင့် သင်ကြားကြလေပြီ။
အမျိုးသားကျောင်းများ ပေါ်ထွက်လာခြင်း၏ အကျိုးဆက်ကား မြန်မာစာပေ တိုးတက်လာခြင်း ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် သပိတ်မတိုင်မီက မြန်မာစာပေ နိမ့်ကျနေချိန်ဖြစ်သည်။ အစိုးရ၏ဝါဒမှာ အင်္ဂလိပ်စာတတ်မှ အမှုထမ်း၊ အရာထမ်းဖြစ်နိုင်အောင် စီမံထားသည်။ အင်္ဂလိပ်ယဉ်ကျေးမှုကို အထင်ကြီးနေမှ အုပ်ချုပ်ခံရသူတို့စိတ်ထဲတွင် တော်လှန်လိုစိတ်များ ပျောက်ပြီး ကျွန်စိတ်များ ဝင်နေအောင် ပြုလုပ်ထားခြင်းပါပေ။ အမျိုးသားကျောင်းများ ပေါ်ပေါက်ပြီးနောက် မြန်မာစာသင်ရိုး မာတိကာသည် တသီးတသန့်ဖြစ်လာသည်။ ရိုးရိုးမြန်မာစာအပြင် စိတ်ကြိုက်အပို မြန်မာစာကိုပါ သင်ပေးလာသည်။ မြန်မာစာ၌ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များကို မြန်မာဆရာများအဖြစ် ခန့်ထားသည်။ မြန်မာစာပေကျမ်းဟောင်းများကိုလည်း ဖော်ထုတ်လာသည်။ အချို့ကျမ်းများကို ခေတ်လူများ နားလည်နိုင်ရန် ပြင်ဆင်ပြုစုပေးသည်လည်း တွေ့ရသည်။ မြန်မာစာပေကို အမျိုးသားကျောင်းများက မြေတောင်မြှောက်ပေးသည့် အားလျော်စွာ မြန်မာစာပေ လိုက်စားသူများလာပြီး မြန်မာစာအုပ်ကောင်းများလည်း တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
၁၉၂၉ ခုနှစ် ထွက်ပြီးသမျှစာအုပ်များမှ အချို့ကို အမျိုးသားပညာရေး မဂ္ဂဇင်းက ဖော်ပြထားသည်မှာ ဤသို့ဖြစ်သည်။
အမျိုးသားကျောင်းများ၏ အကျိုးကျေးဇူးကြောင့် အထက်တန်းကျောင်းများတွင် မြန်မာဘာသာမြင့်မားလာသည့်နည်းတူ တက္ကသိုလ်မြန်မာစာ အဆင့်သည်လည်း မြင့်မားလာသည်။ ယခင်ကမူ တက္ကသိုလ်ကျောင်း၌ မြန်မာစာသင်ရန် သီးခြားဆရာမရှိခဲ့ချေ။ အခြားဘာသာရပ် သင်တန်းဆရာတစ်ဦးဦးက အချိန်အားတွင် လာရောက်သင်ကြားလေ့ရှိသည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ အရှေ့တိုင်းဘာသာရပ်ဌာန ပေါ်ပေါက်ခဲ့သည်။ ထိုဌာနလက်အောက်တွင် ပါဠိဘာသာ၊ ပါရှန်ဘာသာနှင့် မြန်မာဘာသာများ ရှိခဲ့သည်။၁၉၂၂ ခုနှစ်တွင် မြန်မာဘာသာပြဆရာကို ပထမဦးဆုံး ခန့်ထားခဲ့သည်။ ထိုဆရာမှာ မြန်မာပညာရှိ ဆရာပွားဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် မြန်မာစာဝိဇ္ဇာ ဂုဏ်ထူးတန်း၊ ၁၉၂၇-၁၉၂၈ ခုနှစ်တွင် မြန်မာစာ မဟာဝိဇ္ဇာ ဂုဏ်ထူးတန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ဥပစာတန်း၌ မြန်မာစာသည် မြန်မာတိုင်းရင်းသား ကျောင်းသားများအတွက် မယူမနေရ ဘာသာဖြစ်လာသည်။
သို့ဖြစ်ရာ မြန်မာစာပေတိုးတက် ဖွံ့ဖြိုးခြင်းနှင့် ဆက်နွှယ်၍ ကျေးဇူးရှိသော အကြောင်းခြင်းရာကို သိရှိနားလည်အပ်ပြီးဖြစ်သည်။ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားများ သပိတ်မှောက် ထွက်လာသောနေ့ဖြစ်သည်။ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကား ၁၉၂၀ ပြည့် ကောလိပ်ကျောင်းသား သပိတ်ကြီး၏ ကနဦး ခြေလှမ်းဖြစ်သည့် အားလျော်စွာ ယင်းနေ့ကို နေရှင်နယ်ဒေးခေါ် အမျိုးသားနေ့အဖြစ် တစ်မျိုးသားလုံးက အလေးအနက်ထားသော နေ့ထူးနေ့မြတ်ကြီးပါပေ။ ထို့ကြောင့် ဤလရာသီသို့ ရောက်တိုင်းရောက်တိုင်း ဤနေ့ထူးနေ့မြတ်ကြီးသို့ ရောက်တိုင်းရောက်တိုင်း အမျိုးသားကျောင်းများကို အမှီပြု၍ မြန်မာစာပေသည် ပြန်လည်ရှင်သန် လန်းဆန်းခွင့် ရခဲ့ပါတကားဟု မှတ်ပိုက်ဆင်ခြင် အပ်ပါသတည်း။ ။
ခိုင်(မိထ္ထီလာ)