ဖျာပုံမြို့နယ်၌ ယာယီရပ်နားခဲ့သည့် ပင်လယ်ကျားဖောင် ငါးဖမ်းလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်၌ ယာယီရပ်နားခဲ့သည့် ပင်လယ်ကျားဖောင် ငါးဖမ်းလုပ်ငန်းများကို နိုဝင်ဘာ ဒုတိယပတ်မှ စတင်လုပ်ကိုင် လျက်ရှိကြောင်း ဖျာပုံမြို့နယ်၌ ပင်လယ် ကျားဖောင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။
ဖျာပုံမြို့နယ်၌ အထွေထွေကုန်ကျစရိတ်များကြောင့် ပင်လယ်ကျားဖောင်ဖြင့် ငါးဖမ်းသည့်လုပ်ငန်းများ ယာယီရပ်နားခဲ့ပြီး ယခုအခါ ငါးဈေးကွက်ပြန်လည် ကောင်းမွန်လာခြင်း၊ ပင်လယ်ကျားဖောင် ပြင်ဆင်သည့် ကုန်ကျစရိတ် လျော့နည်း လာခြင်းတို့ကြောင့် ပင်လယ်ကျားဖောင် ငါးဖမ်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ ခြင်းဖြစ်ကြောင်းနှင့် အဆိုပါပင်လယ် ကျားဖောင်ငါးဖမ်း လုပ်ငန်းမှရရှိသည့် ငါးနှင့်ပုစွန်များကို တင်ပို့ရောင်းချသည့် ပြည်တွင်းပြည်ပ ဈေးကွက်များလည်း ပြန်လည် ကောင်းမွန်လာကြောင်း သိရသည်။
“အကြောင်းအမျိုးမျိုးကြောင့် ပင်လယ်ကျားဖောင် ငါးဖမ်းလုပ်ငန်းကို မနှစ်ကတည်း ကရပ်နားခဲ့တာပါ။ ဒီနှစ်မှာ ရာသီဥတုက သာယာတယ်။ ကျားဖောင်ပြင်ဆင်တဲ့ စရိတ်ကလည်း နည်းနည်းပြန်လျော့ကျလာလို့ ပင်လယ်ကျားဖောင် ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ကိုင်လာတာပါ။ ငါးဖမ်းလုပ်ငန်းကနေ ရရှိတဲ့ ငါးနဲ့ပုစွန်တွေကို အဓိကဝယ်ယူတဲ့ ပြည်တွင်းနဲ့ပြည်ပ ဈေးကွက်တွေလည်း ပြန်ပွင့်လာပြီဖြစ်လို့ ဈေးကွက်ရှိလာတဲ့အတွက် ပြန်လည် လုပ်ကိုင်လာတာပါ”ဟု ဖျာပုံမြို့နယ်မှ ပင်လယ်ကျားဖောင် ငါးဖမ်းလုပ်ငန်းဦးစီး လုပ်ကိုင်သူ ဦးဇော်ထက်က ပြောသည်။
အဆိုပါ ပင်လယ်ကျားဖောင် ငါးဖမ်းလုပ်ငန်းသည် ပင်လယ်ပြင်၌ ငါးမျိုးစုံနှင့် ပုစွန်များကို အဓိကဖမ်းယူသည့် လုပ်ငန်းဖြစ်ကြောင်း၊ ပင်လယ်ကျားဖောင် တစ်ဖောင်လျှင် လုပ်သား ၁၀ ဦးမှ ၂၀ ဦးအထိ လုပ်ကိုင်ကြပြီး ရေလုပ်သားတစ်ဦးလျှင် ငွေကျပ် ၁၄၀၀၀၀ မှ ၁၆၀၀၀၀ အထိပေး၍ ငှားရမ်း လုပ်ကိုင်ရကြောင်း သိရသည်။
ယင်းပင်လယ်ကျား ဖောင်ငါးဖမ်း လုပ်ငန်းမှ ရရှိသောငါးနှင့်ပုစွန်များကို အရွယ်အစား ခွဲပြီး ရန်ကုန်ဈေးကွက်နှင့် ပုသိမ်ဈေးကွက်တို့သို့ တင်ပို့ရောင်းချကြောင်းနှင့် အဆိုပါ ပင်လယ်ကျားဖောင် တစ်ဖောင်လျှင် အထွေထွေ ကုန်ကျစရိတ် စုစုပေါင်း ငွေကျပ် သိန်း ၇၀ မှ ၈၅ သိန်းအထိ ရှိကြောင်း သိရသည်။