မြန်မာ့ကော်ဖီအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကုန်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်သော Beyco Platform ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
Beyco Platform အား မိတ်ဆက်သည့် အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလအတွင်းက Google Meet App ဖြင့် ကျင်းပခဲ့သည်။
Beyco Platform ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ကော်ဖီဆက်နွှယ်မှုနှင့် လွတ်လပ်သော ကုန်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်ပြီး ကော်ဖီရောင်းချသူများအနေဖြင့် နိုင်ငံတကာဝယ်လက်များနှင့် ဆက်သွယ်နိုင်ကြောင်း၊ ယင်းအတွက် ကမ္ဘာတစ်ဝန်းရှိ ကော်ဖီရောင်းချသူများနှင့် ဝယ်သူများ တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ချိတ်ဆက်ရောင်းချနိုင်ပြီး အဆိုပါ ပလက်ဖောင်းကို အခမဲ့အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဒါနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲမှာလည်း အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။ အဓိကကတော့ ဒီပလက် ဖောင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်ပေးမှာပါဟု မြန်မာနိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
COVID-19 ရောဂါအခြေအနေကြောင့် မြန်မာ့ကော်ဖီ ပြည်ပသို့တင်ပို့မှု သိသာစွာ ကျဆင်းခဲ့ပြီး လက်ရှိကာလ၌ ပိုမိုသိသာလာကာ ပြည်တွင်းဈေးကွက်၌လည်း ဝယ်လိုအားကျဆင်းလာသည့်အတွက် ဈေးလျှော့ရောင်းချနေရကြောင်း သိရသည်။
ကျော်ကျော်( AMIA)