နတ်တော်လနှင့် စာဆိုတော်နေ့
နတ်တော်လသည် မြန်မာ့တစ်ဆယ့်နှစ်လ ရာသီတွင် ကိုးလမြောက်ဖြစ်သည်။ ရာသီအားဖြင့် ဓနုရာသီ၊ ဆန်းယှဉ်နက္ခတ်မှာ မိဂသီ၊ ရာသီရုပ်မှာ လေးဆွဲထားသော ယောကျ်ားရုပ်ဖြစ်ပြီး ရာသီပန်းကား သဇင်ပန်း ဖြစ်သည်။ နတ်တော်လဟု ခေါ်တွင်သည်မှာ ထိုလ တွင် ရှေးယခင်က နတ်ကို ပူဇော်ပသရခြင်းကြောင့် “နတ်ပျော်လ”ဟုခေါ်တွင်ရာမှ နောင်တွင် “နတ်တော်လ”ဟုပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ ရှေးပုဂံခေတ်ထိုး ကျောက်စာများ၌ နတ်တော်လကို နတ္တာဝ်၊ နတ္တဝ် ဟုရေးထိုးထားကြောင်း တွေ့ရသည်။ နတ်တော်လ တွင် ကောက်သစ်ငယ်တို့ ပေါ်ဦးဖြစ်သဖြင့် ကောက်သစ်စားပွဲများကို ပျော်ရွှင်စွာ ကျင်းပသောလလည်း ဖြစ်သည်။
ရှေးမြန်မာမင်းများ လက်ထက်က နတ်တော်လတွင် နတ်ပွဲသဘင်နှင့် ဆင်ဖမ်းပွဲများ ကျင်းပလေ့ရှိ သည်။ အင်းဝခေတ် ဘိုးတော်ဘုရားလက်ထက်တွင် ဗြဟ္မဏပုဏ္ဏားတို့၏ ဝါဒအဟောင်းများကို စာပေမှ ထုတ်ပယ်၍ မြန်မာစာပေကို သန့်စင်ခဲ့သည်။ ဗြဟ္မဏ ပုဏ္ဏားပညာရှိများကိုလည်း ဟူးရားအတတ်ပညာရှင်အဖြစ် သီးခြားခန့်ထား၍ သက်ဆိုင်ရာကဏ္ဍ၌သာ အမှုထမ်းစေခဲ့သည်။ ထိုအချိန်မှစတင်၍ နတ်တော်လတွင် နတ်ပူဇော်ပွဲများ မကျင်းပတော့ဘဲ မြန်မာစာပေ ပညာရှင်ကြီးများအား ချီးမြှောက်သော ပွဲတော်ရာသီအဖြစ် သတ်မှတ်ကျင်းပခဲ့သည်။ စာပေပညာရှင်ကြီးများနှင့်တကွ ထူးချွန်သော အုပ်ချုပ်ရေး၊ ဘာသာရေး၊ လူမှုရေးဆိုင်ရာပုဂ္ဂိုလ်များကိုပါ ချီးမြှောက်ထောက်ပံ့ခဲ့သည့် နတ်တော်လပွဲတော် အစဉ်အလာသည် အင်းဝခေတ်မှ ရတနာပုံခေတ်တိုင် အောင်ထွန်းတောက်ခဲ့သည်။
စာဆိုတော်ဆိုသည်မှာ နာမ်စားသုံးမျိုးကို တွဲစပ် ထားခြင်းဖြစ်သည်။ အသားညိုပါက ဖိုးညို၊ အကြွား သန်ပါက ဖိုးကြွားဟုခေါ်သလိုရှိသည်။ စာဆိုတော်တွင် စာ၊ ဆို၊ တော် သုံးမျိုးတွဲစပ်ထားရာ “စာ”မှာ စကားပြေကိုမဆိုလို၊ ကဗျာစည်းမျဉ်း၊ ကဗျာရေးထုံး များနှင့်အညီ သီကုံးထားသည့်အရာဖြစ်သည်။ “ဆို”ဟူသည် ကဗျာ၊ လင်္ကာကို အက္ခရာတင်၍ မရေးဘဲ အလွတ်လက်တန်းရွတ်သွားသည်ကို အနက်ဖွင့်ခြင်း ဖြစ်သည်။ “တော်”မှာကား ကဗျာကို လက်တန်း အလွတ်ရွတ်သွားသောအရာတွင် အကျော်အမော် ဖြစ်ခြင်းကိုဆိုလိုသည်။ ထို့ကြောင့် စာဆိုတော်ဆိုသည်မှာ ကဗျာ၊ လင်္ကာကို စည်းမျဉ်းရေးထုံးနှင့်အညီ အက္ခရာမတင်ဘဲ အလွတ်လက်တန်းရွတ်ရာ၌ အကျော်အမော်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။ သို့ရာတွင် စာရေးသူ၊ စာပြုသူများကိုလည်း ပရိယာယ်အားဖြင့် စာဆိုတော်ဟူ၍ မှတ်ယူရသည်။
ရှေးက ကဝိပုဂ္ဂိုလ်များ (ကဗျာတတ်ကျွမ်းသူများ) သည် စကားပရိယာယ် အလွန်ကြွယ်လှသည်။ ကဗျာ၊ လင်္ကာတစ်ပုဒ်ကို ရေးကြီးခွင်ကျယ် စာဖြင့်မရေးဘဲ စာအံသလို နှုတ်တိုက်လက်တန်း ရွတ်နိုင်ကြသည်။ စာဆိုတော်ဟူသည် ဤသို့သော ပညာရှိကဝိကြီးများ အားပေးသော ဘွဲ့အမည်ပင်ဖြစ်သည်။ ရှေးမင်းများလက်ထက်က မင်းထံခစားသော ပညာရှိကဝိများသည် တစ်စုံတစ်ရာအကြောင်းထူး ရုတ်တရက်ပေါ် လာပါက ကဗျာရေးသားနေသည် မဟုတ်ဘဲ ချက်ချင်း ဆိုသလို လက်တန်းစပ်ဆို လျှောက်တင်ကြသည်။ ကဝိ အင်္ဂါ၊ ကဝိလက္ခဏာနှင့် ပြည့်စုံသော ကဗျာများဖြစ်၍ နာကြားရသူအပေါင်း နှစ်ထောင်းအားရရှိလှသည်။ မြတ်စွာဘုရားရှင်တော် လက်ထက်၌ပင် အရှင်ဝင်္ဂီသ သည် ရုတ်တရက် နှုတ်ထွက်ရွတ်ဆိုရာ၌ ပါဠိကဗျာဟု ဆိုအပ်သော ဆန်းဂိုဏ်း၊ အလင်္ကာဂုဏ်တို့နှင့် ပြည့်စုံတော်မူ၍ ဘုရားရှင်က ဧတဒဂ်ဘွဲ့ထူးအပ်နှင်းချီးကျူး တော်မူသည်။ သက္ကတဘာသာဆိုင်ရာ ကဗျာဂိုဏ်းတွင်လည်း ကာလီဒါသသည် အကျော်ဆုံး ကဝိပုဂ္ဂိုလ် ဖြစ်သည်။ နှုတ်ထွက်ရွတ်ရာ၌ သက္ကတကဗျာများ ကရားရေလွှတ် တတွတ်တွတ်ထွက်လာသည်။ မြန်မာ စာဆိုတော် ကဝိအကျော်အမော်များ ရှေးယခင်က အလွန်ထွန်းကားခဲ့သည်။ ဥဒါဟရုဏ်အနေဖြင့် ခုံတော်မောင်ကျဘမ်းနှင့် ရှေ့နေဦးမိုး၊ ရွှေတောင် ဆရာတော်နှင့် ညောင်ကန်ဆရာတော်၊ ဖိုးသူတော် ဦးမင်းနှင့် လူဦးမင်း၊ ရွှေတိုက်စိုးရကန်ဦးတိုး၊ မောင်းထောင်ဦးကျော်လှနှင့် ချောင်းဦး ဦးရွှေကြူး စသည်တို့ဖြစ်သည်။
စာဆိုတော်ဟူသော ဝေါဟာရသည် ရှေးအတီတေ ကဗျာခေတ်ကပင် အမြစ်တွယ်ခဲ့သည်။ အနော်ရထာ ပုဂံမင်းလက်ထက်မှစ၍ ပါဠိနှင့် မြန်မာဒွန်တွဲရောယှက် အသုံးပြုလာရာက တစ်ဆင့် အင်းဝခေတ်သို့ ရောက်သောအခါ မြန်မာစာပေသည် အထွတ်အထိပ် သို့ရောက်လာသည်။ မြန်မာဘာသာဖြင့် စပ်ဆိုသော ကဗျာများ အလွန်ထွန်းကားလာသည်။ အင်းဝခေတ် သည် ကဗျာ၏ ရေသောက်မြစ် ပင်မခေတ်ဖြစ်သည်။ ယင်းသို့ မူရင်းအစတည်ခဲ့ရာမှ တောင်ငူခေတ် ကောင်းစားစဉ် ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားကြီး လက်ထက်၌ စာဆိုတော်ကြီးများ ရှေးကထက်ပင် ထွန်းကားလာကြောင်း တွေ့ရသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် လက်ရုံးရည်၊ နှလုံးရည်ဘက်၌ ထူးချွန်သူများကို နတ်တော်လ၌ အခမ်းအနားဖြင့် အဆောင်အယောင်များ ချီးမြှင့် ပေးအပ်လေ့ရှိသည်။ ထိုသဘင်ပွဲတော်သည် လက်ရုံး ရည်ရောနှလုံးရည်ပါ တိုးတက်အောင် လမ်းခင်းပေးခြင်း ဖြစ်၍ နိုင်ငံတော်အတွက် အလွန်အကျိုးများစေသော ပွဲတော်မျိုးဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်တွင် ပညာရှင်များအား ပိုမိုချီးမြှောက်ပေးခဲ့ကြောင်း တွေ့ရသည်။ စာဆိုတော်ပွဲသည် ဘိုးတော်ဘုရားလက်ထက် ကပင်စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပေမည်။ ယနေ့ ခေတ် စာဆိုတော်နေ့ပေါ်ပေါက်လာပုံမှာ သက္ကရာဇ် ၁၃၀၆ ခုနှစ်တွင် စာဆိုတော်များ၏ စာပေကျေးဇူး၊ စာပေဂုဏ်ကို အထူးတလည် ချီးကျူးပူဇော်ပွဲ ကျင်းပရာမှ အစပြုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၁၃၀၆ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်၌ ကျင်းပသော အခမ်းအနားမှာ စာဆိုတော်နေ့ မဟုတ်သေးပေ။ စာဆိုတော် စလေဦးပုည၏ မွေးနေ့ အခမ်းအနားသာဖြစ်သည်။
ထိုအခမ်းအနားပြီးဆုံးပြီးနောက် ၁၃၀၆ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်၌ကျင်းပသော စာပေ ပညာရှင်များ အစည်းအဝေးတွင် ဦးပုညနေ့အစား စာဆိုတော်နေ့တစ်နေ့ ရွေးချယ်သတ်မှတ်ရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးရာမှ “ရှေးမြန်မာ မင်းများလက်ထက် နတ်တော်လတွင် စစ်ဘက်၊ စာပေဘက်တို့က ထူးချွန်သော ပညာရှင်များအား ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်သည့် အစဉ်အလာရှိခဲ့သည်။ ထိုအစဉ် အလာအတိုင်း နတ်တော်လ၏ နေ့တစ်နေ့ကို စာဆိုတော်နေ့အဖြစ် ရွေးချယ်သတ်မှတ်သင့်သည်”ဟု စာဆိုပြုချက်ထွက်ပေါ်လာခဲ့ရာ နတ်တော်လ၏ အဦးဆုံးရက်ဖြစ်သော လဆန်း ၁ ရက်ကို သတ်မှတ်ရန် အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။
ပထမအကြိမ် စာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်တွင် မြန်မာနိုင်ငံစာရေး ဆရာအသင်းက ကြီးမှူးကျင်းပခဲ့ပြီး စာဆိုတော်ကြီးများ၏ ပြောင်မြောက်သော စာပေအရေးအသားတို့မှ ထုတ်နုတ်၍ ရွတ်ဆိုဂုဏ်ပြုကြသည်။ ဂုဏ်ပြုပြဇာတ် များ သရုပ်ပြကပြကြသည်။ နောက်ပိုင်းကာလများတွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ စာပေဆုနှင်းသဘင်ပွဲများ၊ သက်ကြီးစာပေပညာရှင်ကြီးများ ကန်တော့ပွဲများကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာခဲ့ကြသည်။
မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးက မျိုးစေ့ချ ပေးခဲ့သော စာဆိုတော်နေ့ကို နိုင်ငံတော်အစိုးရ အဆက်ဆက်ကလည်း ချီးမြှောက်ဂုဏ်ပြုသောအားဖြင့် စာဆိုတော်နေ့တွင် စာပေဆုနှင်းသဘင် ဆင်ယင်ကျင်းပကာ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ချီးမြှင့်ခဲ့သော စာပေဆုများကို စာပေဗိမာန်ဆုဟုသာ ခေါ်တွင်သည်။ ၁၉၆၂ ခုနှစ်သို့ရောက်သောအခါ အနုပညာစာပေဆုဟူ၍ ပြောင်းလဲချီးမြှင့်ခဲ့သည်။ ထိုမှတစ်ဆင့် အမျိုးသား စာပေဆုအသွင် အဆင့်မြှင့်တင် ပြောင်းလဲလိုက်သည်။
ထိုမှတစ်ဆင့် ယခုအခါ အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများအဖြစ်သို့ တိုးတက်ချီးမြှင့် ပေးလျက်ရှိသည်။
မြန်မာစာပေသမိုင်းကို ပြန်ကြည့်လျှင် ပုဂံခေတ် မှအစပြုပြီး မျက်မှောက်ခေတ်အထိ ဖြတ်သန်းလာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီနေပြီဖြစ်သည်။ ရှည်ကြာ လှသည့် ကာလအတွင်း ပေါ်ထွန်းခဲ့သည့် မြန်မာစာပေ လက်ရာများသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များအဖြစ် ဂုဏ်ယူဖွယ်ရာ အခိုင်အမာ တည်ရှိနေသည်။ မြန်မာစာပေသမိုင်းတွင် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုများစွာ ပေါ်ထွန်းခဲ့ပြီး ၎င်းစာပေ ပညာရှင်ကြီးများသည် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အဖိုးထိုက်တန်လှသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုခဲ့ကြသည်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်မှသည် ယနေ့မျက်မှောက်ကာလအထိ မြန်မာစာပေသည် အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ခေတ်အဆက်ဆက် ပုံသဏ္ဌာန်မျိုးစုံနှင့် ပေါ်ထွန်းခဲ့သည့်စာပေများသည် မြန်မာစာပေနှင့် ယဉ်ကျေးမှုအဆင့်အတန်း ဖွံ့ဖြိုးရှင်သန်အောင် မြှင့်တင်ပေးခဲ့ကြသည်။
မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာ၏ ခက်မ မဏ္ဍိုင်ဖြစ်သည့် မြန်မာစာပေနယ်ပယ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်သန်မျှော်မှန်းပြီး မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင်ကို ဖော်ကျူး ထင်ဟပ်နိုင်စွမ်းရှိသည့် စာကောင်းပေမွန်များကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ် ပြီး စာဆိုတော်နေ့ရောက်တိုင်း မင်္ဂလာတရားနှင့်အညီ နှစ်စဉ်ချီးမြှောက်နေခြင်းသည် နိုင်ငံတော်၏ မွန်မြတ်လှသည့် အစဉ်အလာကောင်းဖြစ်သည်။
အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီး အဘက်ဘက်ကဖွံ့ဖြိုး တိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေးတို့ အတွက် စွမ်းရည်ထက်မြက်သည့် မျိုးဆက်သစ် လူ့စွမ်းအား အရင်းအမြစ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သည့်အာဟာရမှာ စာပေရတနာပင်ဖြစ်သည်။ ဘဝခရီးတွင် အကြားအမြင် ဗဟုသုတမရှိဘဲ လုံ့လစိုက်ထုတ်နေခြင်းသည်
အလင်းမဲ့လမ်းတွင် လျှောက်လှမ်းနေသလိုရှိ၍ စာပေရတနာအာဟာရ ဖြည့်ဆည်းကြမှသာ ကမ္ဘာလောကကို မျက်ခြည်မပြတ်ဘဲ တန်ဖိုးမြင့်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတိုင်း စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာ သိုမှီးအပ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စာပေစွမ်းအားဖြင့် မြန်မာ့ဂုဏ်မြင့်မားအောင်၊ အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည့် စာဆိုတော်ကြီးများကို ချီးကျူးဂုဏ်ပြုလျက် နတ်တော်လဆန်း ၁ ရက်တွင် စာပေဆုနှင်းသဘင် ဆင်ယင်ကျင်းပခြင်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာ တစ်ရပ်ပင်ဖြစ်သည်။ ယင်းအစဉ်အလာကောင်းများ တည်တံ့စေရန် အတွက် စာပေပညာရှင်များ၊ စာပေကိုတန်ဖိုးထား သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကပါ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ် ကြောင်း နတ်တော်လနှင့် အထူးသင့်မြတ်လှသည့် “စာဆိုတော်နေ့”ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။
လင်းအာရုဏ်ဦး(ပဲခူး)