လုပ်ငန်းခွင် ကျန်းမာရေး ညီညွတ်တဲ့ အခြေခံနေထိုင်မှုပုံစံ

လုပ်ငန်းခွင် ကျန်းမာရေး ညီညွတ်တဲ့ အခြေခံနေထိုင်မှုပုံစံ

    အလုပ်အကိုင်မှာ  အနည်းနဲ့အများ ဆိုသလို စိတ်ဖိစီးမှုတွေ ရှိနေတတ်ပါတယ်။လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတတ်တဲ့ စိတ်ဖိစီးမှုတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ လိုတယ်။  မဖြေရှင်းဘဲထားရင် မိသားစု ဘဝထိပါဖြစ်လာနိုင်တယ်။ လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုတွေကိုသာ ကိုင်တွယ်ထိန်းချုပ်နိုင်မယ်ဆိုရင် ကိုယ့်အတွက် ပိုမိုပျော်ရွှင်ဖွယ်ကောင်းပြီး ထူးချွန်အောင်မြင်တဲ့ စွမ်းဆောင်နိုင်ရည်တွေလည်း တိုးတက်လာနိုင်မှာဖြစ်တယ်။

အလုပ်တစ်ခုမလုပ်ခင် ကြိုတင်စဉ်းစား တွေးခေါ်သင့်ပါတယ်။  အစည်းအဝေးတစ်ခု တက်စရာရှိလို့သို့မဟုတ်  လက်အောက်ဝန်ထမ်းတွေကို အလုပ်နဲ့ပတ်သက်ပြီး ပြောဆိုစရာတွေရှိတာကို မစတင်ခင်မှာဖြစ်စေ   ကိုယ့်ဘာသာ အရင်ဆုံး မေးမြန်းသင့်တယ်။  အစည်းဝေးကနေ သို့မဟုတ် ဝန်ထမ်းတွေဆီကနေ   ကိုယ်ဘာလိုချင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးသင့်တယ်။ ကိုယ်လိုချင်တာ သိမှ   တခြားသူတွေ အကောင်ထည်ဖော်နိုင်ပါမယ်။

အချိန်မဖြုန်းဘဲ လိုရာပန်းတိုင် မြန်မြန်ရောက်နိုင်တယ်။

စိတ်ဖိစီးမှုကနေ အလုပ်ပြီးမြောက်အောင် လုပ်သင့်တယ်။ စိတ်ဖိစီးမှုများတာက ကျန်းမာရေး အတွက်မကောင်းပါဘူး။  ကိုယ်လည်းသိရှိပြီး ဖြစ်တယ်။အသင့်တင့်လောက် စိတ်ဖိစီးမှုကတော့ လုပ်ငန်းပြီးမြောက်အောင်မြင်ဖို့ အထောက်ပံ့ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု လုံးဝမရှိဘဲ အေးဆေးနေပြန်ရင်လည်း အလုပ်တွေမပြီးနိုင်ဘူး။ စိတ်ဖိစီးမှုမများအောင် နေသင့်ပေမယ့် အသင့်တင့် စိတ်ဖိစီးမှုကနေ လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်တတ်ဖို့လိုတယ်။

လုပ်သင့်လုပ်ထိုက်တာကို  အရင်ဆုံး ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ နေ့တစ်နေ့မှာ လူတိုင်းအလုပ်ကိစ္စတွေ တန်းစီများပြားနေတယ်။ ဘယ်အလုပ်ကို အရင်စလုပ်ရမှန်းမသိဘဲ  လုပ်သင့်လုပ်ထိုက်တာကို အရင်မလုပ်မိတာ၊  မလုပ်သင့်တာကို အရင်လုပ်တာတွေက အချိန်ဖြုန်းရာ ရောက်ပြီး တစ်နေ့တာကုန်သွားတတ်တယ်။ ဒါကြောင့်အလုပ်ကိုမလာခင်ကတည်းက  ဘာကိုအရင် ဦးစားပေးလုပ်ရမယ်။

ဘယ်အလုပ်ကို နောက်လုပ်ရမယ်ဆိုတာကို နံပါတ်စဉ်တပ်ပြီး စာရွက်တစ်ရက်မှာ ချရေးသင့်တယ်။ အလုပ်တွင်ကျယ်ပြီး အမြန်ဆုံးပြီးနိုင်တယ်။

စိတ်ဓာတ်ကျနေရင်  ရင်ဖွင့်တိုင်ပင်သင့်တယ်။အလုပ်ကိစ္စတွေ အောင်မြင်မှုမရှိတာ၊  ပြီးမြောက်မှုမရှိဘဲကြန့်ကြာနေတာ၊ လုပ်ငန်းမှာ အရှုံးအမြတ် တွက်မရအောင်ဖြစ်နေတာ၊ ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပွားတာ၊လက်အောက်က ဝန်ထမ်းတွေကို နိုင်နင်းစွာ မကိုင်တွယ်နိုင်တာ၊ ပြိုင်ဘက်စီးပွားရေး သမားတွေနဲ့ မယှဉ်ပြိုင်နိုင်တဲ့ အနေထားမျိုးဖြစ်နေတာ၊ ငွေကြေးလည်ပတ်မှု အခက်အခဲရှိနေတာစတဲ့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်မှာ စိတ်ဓာတ်ကျစရာတွေ ကြုံတွေ့ရတဲ့အခါ  တစ်ယောက်တည်း ကြိတ်ခံစားရတာမျိုး ရှောင်သင့်တယ်။ အရင်းနှီးဆုံး မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင် တစ်ဦးဦးကိုဖြစ်စေ ရင်ဖွင့်တိုင်ပင်သင့်တယ်။ အကြံဉာဏ်ရယူသင့်တယ်။လိုအပ်ရင် အကူညီတောင်းသင့်တယ်။  အခြားသူ တစ်ဦးဦးရဲ့အားပေးမှုတွေ၊ အကြံဉာဏ်တွေကြောင့် စွမ်းအားသစ်တွေရရှိပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုတွေ ပြန်လည်ရရှိနိုင်ပါတယ်။

စာရေးမှတ်တဲ့အကျင့်ကို  မွေးမြူသင့်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ လုပ်စရာရှိတာတွေ၊  ပြောစရာရှိတာတွေ၊ ဖုန်းဆက်စရာ ရှိတာတွေစတာတွေကို ရေးမှတ်ထားတဲ့ အကျင့်ကိုမွေးမြူသင့်တယ်။ စာအုပ်ထဲမှာဖြစ်စေ ဖုန်းထဲမှာဖြစ်စေ ရေးမှတ်ထားမယ်ဆိုရင် မေ့လျော့တာမျိုးမဖြစ်တော့ဘဲ လုပ်ငန်းမြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်အောင် ပံ့ပိုးမှုဖြစ်စေတယ်။  မှတ်တမ်းမှတ်ရာ အနေနဲ့ကျန်ခဲ့တာကြောင့် လိုအပ်တဲ့အချိန် ပြန်ကြည့်လို့ရနိုင်ပါတယ်။ အချို့အရာတွေက ဦးနှောက်ထဲမှာ လတ်တလော မှတ်ထားလို့ရပေမယ့် အချိန်ကြာမြင့်လာတဲ့အခါ မေ့လျော့သွားပါတယ်။ ထင်ယောင်ထင်မှား ရောထွေးတာ ဖြစ်တတ်တယ်။  သည်လိုဖြစ်လာတဲ့အခါ  ရေးမှတ်ထားတာတွေကို  ပြန်ကြည့်နိုင်ဖို့အတွက်လည်း မှတ်တမ်းတွေဖြစ်လာစေတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခြေခံနေထိုင်မှု ပုံစံမျိုးအလုပ်ခွင်ထဲမှာရော၊ အပြင်မှာပါရအောင် ယူသင့်တယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို လူတိုင်းပိုင်ဆိုင်လိုကြတယ်။ မကျန်းမာရင် ခန္ဓာကိုယ်ကြီးက ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။  ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခြေခံနေထိုင်မှုပုံစံတွေ ရှိဖို့လိုပါတယ်။  လေကောင်းလေသန့် ရသင့်ပါတယ်။

သန့်ရှင်းတဲ့ရေကို  လုံလောက်စွာ သောက်သုံးသင့်ပါတယ်။  လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။

ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်းဖြစ်သင့်ပါတယ် စတဲ့ အခြေခံနေထိုင်မှုပုံစံတွေက  ကိုယ့်ဘဝ တစ်လျှောက်လုံး ကျန်းမာစေဖို့ အထောက်ကူများစွာ ဖြစ်စေတယ်။

လေ့ကျင့်ခန်းကို နေ့စဉ်နာရီဝက်မှ တစ်နာရီအထိ အပြေး၊  လမ်းလျှောက်၊  ရွရွပြေး၊  စက်ဘီးစီး၊ ရေကူးတာတို့  ပြုလုပ်သင့်ပါတယ်။  လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်တာမျိုးတော့ ရှောင်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး   ဇီဝဖြစ်ပျက်မှုကို  မှန်ကန်စေပါတယ်။   သက်ရှည်ကျန်းမာစေဖို့ အတွက်လည်း   လေ့ကျင့်ခန်းကို   မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။

အားကစားခန်း မတွေသွားမှ လေ့ကျင့်ခန်းလုပ်တာ မဟုတ်ပါဘူး။  အိမ်မှာပဲအိပ်ထမတင် လုပ်တာ၊ ဆွဲဆန့်ထိုင်ထ လေ့ကျင့်ခန်းလုပ်တာတွေကလည်း ထိရောက်မှုရှိတယ်။

လေကောင်းလေသန့်ရသင့်ပါတယ်။ လေကောင်းလေသန့်ကို နေ့စဉ်ရှူရှိုက်ခွင့်မရဘဲ ဖြတ်သန်းနေရသူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိတယ်။ အိမ်ကနေ ရုံးသွားဖို့  ကားစီး၊   ရုံးကနေအိမ်ပြန်လာဖို့ ကားပြန်စီး သည်လိုနဲ့ အလုပ်နဲ့အိမ်အကြား ဖြတ်သန်းရင်း လေကောင်းလေသန့်ရရှိအောင် ရှူရှိုက်ဖို့မေ့လျော့နေတတ်တယ်။ စိတ်နဲ့ခန္ဓာကိုယ်လန်းဆန်း ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ်မိနစ် ၃၀ မှ ၁ နာရီကြာအောင်လေကောင်းလေသန့်ရတဲ့ နေရာမှာ လမ်းလျှောက်သင့်တယ်။

ပြေးလွှားခြင်းပြုသင့်ပါတယ်။ ပြေးမယ်ဆိုရင် အမျိုးအစားကောင်းတဲ့ ရှူးဖိနပ်တစ်စုံနဲ့ ချွေးစုပ်နိုင်တဲ့ ချည်သားအားကစား ဝတ်စုံတစ်စုံတော့လိုတယ်။

တစ်နေ့ကိုအချိန် ၁၀ မိနစ်ပေးပြီး ပြေးမယ်ဆိုရင်ပဲ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရနိုင်တယ်။အရိုးအဆစ်ပြဿနာရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။

အသက်ရှူခြင်းပြုသင့်ပါတယ်။ အသက်ရှူသွင်းတဲ့အခါ သတိလေးထားပြီး ဝင်လေသိ၊ ထွက်လေသိ၊ အသိအမှတ်မလွတ်ရင် သမာဓိတည်မြဲကာ အလုပ်ကိုစူးစူးစိုက်စိုက် လုပ်နိုင်တယ်။ အသက်ရှူမြန်လွန်းတာ၊ နှေးတာတွေကိုရှောင်ကာ စိတ်ဖိစီးမှုလျှော့သင့်တယ်။ ခန္ဓာကိုယ်ကျန်းမာရေး အတွက် ဆိုးကျိုး သက်ရောက်စေတယ်။တစ်နေ့ကို ၁၀ မိနစ်လောက် အသက်ရှူသွင်းရှူထုတ် လုပ်တာကိုသတိထား စောင့်ကြည့်သင့်တယ်။ နှာခေါင်းနဲ့လေကိုတစ်ဝ ရှူသွင်းပြီးခဏလောက် အသက်အောင့်ကာ လေကို ပါးစပ်နဲ့ပြန်ရှူထုတ်သင့်ပါတယ်။ နှလုံးခုန်နှုန်းနှေးသွားပြီး စိတ်ဖိစီးမှုလက္ခဏာတွေ လျော့နည်းသွားကာ ကြည်လင်လန်းဆန်းမှု ခံစားရစေတယ်။

ရေကူးခြင်းပြုသင့်ပါတယ်။ ရေကူးတာက ခန္ဓာကိုယ်တစ်ခုလုံးကြွက်သား၊    အရိုးများကို ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ရှိစေတယ်။

တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားအားလုံး လှုပ်ရှားမှုဖြစ်စေပြီး ခန္ဓာကိုယ်ကျန်းမာစေတယ်။

ရေဓာတ်ပြည့်ဝသင့်ပါတယ်။ခန္ဓာကိုယ်အတွက် ရေဓာတ်အပြည့်အဝ မရရင် ကျန်းမာရေး မကောင်းနိုင်ပါဘူး။ ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝရင် နှုတ်ခမ်းခြောက်၊  အာခေါင်ခြောက်၊  အသားအရေမွဲခြောက်ခြောက်ဖြစ်တာတွေအပြင် အခြားကျန်းမာရေး ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ နေ့စဉ်သောက်ရေသန့် ၂-၃ လီတာ သောက်သင့်တယ်။

လမ်းလျှောက်တာက ညနေပိုင်း အစာကြေစေတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းပေးရာရောက်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေတဲ့ ကျန်းမာတဲ့ လူနေမှု ပုံစံတစ်မျိုးပဲဖြစ်တယ်။

ယောဂကျင့်ခြင်း လုပ်ပေးနိုင်ပါတယ်။  ယောဂကျင့်စဉ်က ခန္ဓာကိုယ်နဲ့စိတ်ကို ဟန်ချက်ညီစေတယ်။

ခန္ဓာကိုယ်အတွက်    ကျန်းမာလာစေရုံမက စိတ်တည်ငြိမ်အေးချမ်းမှုကိုလည်း ခံစားစေတယ်။

တရားအားထုတ်သင့်ပါတယ်။   ညအိပ်ခါနီးနာရီဝက်မှာ တစ်နေ့တာ ပညာ၊ ဥစ္စာ၊ တရားဘာဝနာတစ်ခုခု ရသလား စဉ်းစားသင့်တယ်။   မရရင် နာရီဝက်ကြာ တရားထိုင်သင့်တယ်။ မနက်ဘက်နိုးနိုးချင်းမျက်နှာသစ်သွားတိုက်ပြီး နာရီဝက်မှတစ်နာရီ

တရားထိုင်သင့်ပါတယ်။      ။

ဒေါက်တာလွင်သန့်