ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၂

   

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရ ဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံ စုစုပေါင်း ၄၆ ရုံတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာစုစုပေါင်း အင်အား ၄၉၅၆ ဦးတို့ကို စုစုပေါင်း ငွေကျပ် ၁၃ သိန်းကျော်တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။

   

ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ ရပ်စောက်မြို့နှင့် ကွန်းဟိန်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်တိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တိုက်နယ်ဆေးရုံနှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဒေါင့်ကြီးတိုက်နယ်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ ပိန်းဇလုပ် တိုက်နယ်ဆေးရုံ၊ ပေါင်းခေါင်းမြို့နယ် ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံ အသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။