အနာဂတ်လူငယ်များအတွက် လင်းရောင်ခြည်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုသည့် အကြီးမားဆုံးသော အထောက်အပံ့မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်ရန်ပင်ဖြစ်သည်။ သဘာဝသယံဇာတများ မည်မျှပင် ပေါကြွယ်ဝစေကာမူ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်ရေးကို မဆောင်ရွက်နိုင်လျှင် တိုးတက်သော နိုင်ငံအဖြစ်သို့ရောက်ရှိလာအောင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ လူ့စွမ်းအား အရင်းအမြစ်ဟုဆိုရာတွင် အခြေခံအားဖြင့် အဓိက လုပ်ဆောင်ရမည့်အချက်မှာ ပညာစွမ်းအားပင်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မည့် ယနေ့လူငယ်များ အနေဖြင့် ပညာစွမ်းရည်မြင့်မား တိုးတက်အောင် ဆောင်ရွက်ခြင်းသည် လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေးအတွက် ပဓာနအကျဆုံးသော အချက်ပင်ဖြစ်သည်။
အနာဂတ်ကိုဦးဆောင်မည့် လူငယ်များအတွက် ပညာစွမ်းရည်မြင့်မား တိုးတက်အောင် ဆောင်ရွက်ရာတွင် အတန်းပညာများ မြင့်မားတိုးတက်အောင် ဆောင်ရွက်ခြင်းသာမက အမှား၊ အမှန် စဉ်းစားဝေဖန် ပိုင်းခြားနိုင်သော အသိဉာဏ်ပညာ အဆင့်အတန်းပါ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ယခုအချိန်အခါကဲ့သို့ ရုပ်ဝတ္ထုများနှင့် နည်းပညာများ အဆင့်အတန်းများစွာ တိုးတက်သော ကမ္ဘာကြီးတွင် လူငယ်များသည် ပညာစွမ်းရည်အမှန်တကယ်ပင် တိုးတက်မြင့်မားနေကြသော်လည်း မိမိ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာ စဉ်းစားဆင်ခြင်တုံ တရားများ များစွာ အားနည်းနေသေးသည်ကို တွေ့မြင်နေရသည်။
ဖွံ့ဖြိုးတိုးတက်နေသော နည်းပညာများနှင့်အတူ လူငယ်အများစုသည် စာပေလေ့လာမှု၊ စာဖတ်စွမ်းရည် ကျဆင်းနေမှုကို ယနေ့လူငယ်အများစု၏ လုပ်ဆောင်ချက်များကို ကြည့်ခြင်းဖြင့် သိမြင်နိုင်သည်။ ထိုသို့စာဖတ်အားနည်းသော လူငယ်လေးများကို စာဖတ်အားကောင်းသော လူ့စွမ်းအား အရင်းအမြစ် လူငယ်လေးများအဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည်ဖြစ်သည်။
ပညာရေးနှင့်ပတ်သက်၍ ရှေးပညာရှင်ကြီးများက ပညာရေးသည် လူသားများအတွက် အလွန်အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည်ဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးသို့ ရောက်နေသောနိုင်ငံ အများစုသည် ပညာရေးဖွံ့ဖြိုး တိုးတက်မှုကြောင့် နည်းပညာတိုးတက်မှု ပြောင်းလဲလာပြီး ဖွံ့ဖြိုးမှုအမြင့်ဆုံးသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ပညာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှု မရှိဘဲ အခြားကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဟူသည် ယနေ့ကမ္ဘာ့နိုင်ငံများထဲတွင် မရှိသလို နောင်အနာဂတ်တွင်လည်း ရှိလာမည်မဟုတ်ပေ။ ထို့ကြောင့် ပညာရေးသည် လူသားတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်၍ ထိုရတနာကို အရည်အသွေး မြင့်မားအောင် ပုံဖော်ထုဆစ်ရန်မှာ မျိုးဆက်သစ်တို့၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။ ထိုတာဝန်ကို လက်ဆင့်ကမ်း ပခုံးပြောင်း ထမ်းဆောင်ရာတွင် တိုးတက်လာသော နည်းပညာများကို စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချတတ်ရန်လည်း လိုအပ်ပေသည်။ “အသိအလိမ္မာစာမှာရှိ” ဟူသော စကားနှင့်အညီ အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူငယ်များအနေဖြင့် အတွေးအခေါ်ကောင်းများနှင့် စိတ်ကူးဉာဏ်ကို ရင့်သန်စေသော စာပေတည်း ဟူသော မိတ်ဆွေစစ်ကို ပေါင်းဖက်မိတ်ဖွဲ့ ရပေမည်။
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု လမ်းညွှန်အဖြစ် အကောင်အထည်ဖော်ရန် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်များ (Sustainable Development Goals SDGs) ၁၇ ရပ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၃၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂစုံညီ အစည်းအဝေးတွင် ချမှတ်ခဲ့သည်။ ထိုပန်းတိုင်များထဲမှ ပန်းတိုင်(၄)အရလည်း လူတိုင်းတွင် အကျုံးဝင်သော ပညာသင်နိုင်ရေးဟူ၍ပါရှိသည်။
အဆိုပါပန်းတိုင်(၄)နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း Myanmar Sustainable Development Plan (MSDP) တွင် ဘက်စုံလွှမ်းခြုံသော ပညာရေးစနစ် ပေါ်ပေါက်လာရေးသည် ပန်းတိုင် (၄) ၏အဓိက လုပ်ငန်းစဉ်ဖြစ်သလို ထိုပညာရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိခြင်းသည်လည်း ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များပင် ဖြစ်ပေသည်။
အလားတူ စီးပွားရေးအမြင် (Economic Point of View)အရ ကြည့်ပါကလည်း ကုန်စည်များကိုထုတ်လုပ်ရာတွင် သာမန်ကုန်ကြမ်းအဖြစ်မှ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်မှသာ ကုန်ထုတ်လုပ်ငန်း အတွက် အကျိုးများစွာ ရရှိနိုင်သလို နိုင်ငံတော် အတွက်လည်း အထောက်အပံ့ကောင်းများ ဖြစ်လာနိုင်သည်။ ဥပမာအဖြစ်ဖော်ပြရလျှင် ကျွန်းသစ်တုံးကြီး တစ်တုံးကို ဧည့်ခန်းအလယ်ကောင်တွင် ထိုင်ခုံအဖြစ်ချထားခြင်းသည် မည်သို့မျှ မသင့်တော် အမြင်မတင့်တယ်သကဲ့သို့ တန်ဖိုးလည်း မရှိနိုင်ပေ။ သို့သော်လည်း ထိုကျွန်းသစ် အကြမ်းတုံးကြီးကို အဆင့်ဆင့်ပြုပြင် ပြောင်းလဲ၍ ဧည့်ခန်းနှင့် သင့်တင့်လိုက်ဖက်သော ဆက်တီခုံကြီးများ၊ ပရိဘောဂ အသုံးအဆောင်ပစ္စည်းများကဲ့သို့ တန်ဖိုးမြှင့် ထုတ်ကုန် (Value Added Product) အဖြစ် ပြုပြင်ပြောင်းလဲလိုက်သောအခါ အရည်အသွေးပြည့်ဝပြီး အလွန်တန်ဖိုးကြီးမားသော ထုတ်ကုန်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ လူငယ်လေးများကိုလည်း တန်ဖိုးမြင့်လူသားများအဖြစ် ပြောင်းလဲမြှင့်တင် ပေးနိုင်မှသာလျှင် အနာဂတ်တွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး မိမိတိုင်းပြည်အတွက်လည်း အကျိုးများစွာ ရရှိနိုင်မည်ဖြစ်သည်။
ထိုသို့ပညာတတ်လူငယ်လေးများ ဖြစ်အောင် ဖန်တီး လုပ်ဆောင်ရာတွင် ဝေးလံခေါင်းပါးသော အရပ်ဒေသရှိ လူငယ်လေးများကို ခေတ်ပညာ ရှာမှီးနိုင်ရေးအတွက် ဒေသအသီးသီး၌ ပညာသင်ယူနိုင်သော အထောက်အပံ့ကောင်းများစွာကို နိုင်ငံတော်အနေဖြင့် ဖန်တီးဖော်ဆောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပေသည်။ ထိုသို့ပညာရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သော ဆရာ၊ ဆရာမ အင်အား၊ ပညာသင်ကြားရေးဆိုင်ရာ အဆောက်အအုံများသာမက အသိပညာဗဟုသုတ များစွာကို ပေးစွမ်းနိုင်သော တန်ဖိုး အရှိဆုံးနေရာအဖြစ် သတ်မှတ်ထားသည့် စာကြည့်တိုက်များလည်း အမြို့မြို့အနယ်နယ်၌ အကောင်အထည်ဖော်လျက် ရှိပေသည်။
ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုတည်ဆောက်လျှင် မဖြစ်မနေ ပါရမည့်အရာမှာ စာကြည့်တိုက်ဖြစ်သည်ဟု အသိပညာရှင်များကလည်း သတ်မှတ်ဖော်ပြထားသည်။ ထို့ကြောင့် ပြည်သူများစာဖတ်များလျှင် နိုင်ငံတိုးတက်မည်မှာ အမှန်ပင်ဖြစ်သလို မိမိတို့နိုင်ငံတွင်လည်း ဝေးလံခေါင်းပါးသော နယ်စပ်ဒေသအသီးသီး တိုင်အောင် စာကြည့်တိုက်များ ဖြစ်ဖြစ်မြောက်မြောက်နှင့် အများအပြား ပေါ်ပေါက်လာအောင် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိပေသည်။
စာဖတ်ခြင်းဖြင့် စိတ်လေလွင့်မှုမရှိခြင်း၊ မကောင်းသော အတွေးအခေါ်များ မတွေးတောခြင်း၊ အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်ခြင်းစသည့် လက်ငင်းအကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သလို နောင်အနာဂတ်တွင်လည်း ဉာဏ်ရည်မြင့်မားသော လူသားအရင်းအမြစ် များစွာပေါ်ပေါက်လာပြီး မိမိနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယနေ့မိမိတို့နိုင်ငံတော်တွင်လည်း နည်းပညာ၏ အကျိုးကျေးဇူးကြောင့် ဒေသအတော်များများတွင် Online စာကြည့်တိုက်များ ပေါ်ထွန်းနေပြီဖြစ်သဖြင့် လူငယ်များအနေဖြင့် စာပေလေ့လာ ပညာရှာမှီးရာတွင် အခက်အခဲမရှိဘဲ လေ့လာသင်ယူနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း တိုးတက်ပြောင်းလဲ လာသောနည်းပညာ ရေစီးကြောင်းထဲတွင် လူငယ်များအနေဖြင့် လွဲမှားသော သင်ယူမှုများဖြင့် နစ်မျောမနေဘဲ မိမိတို့အတွက် အကျိုးရှိပြီး ဘဝမြှင့်တင်ပေးနိုင်သော အသိပညာဗဟုသုတများကို ရှာဖွေစုဆောင်းကာ မိမိတို့ဘဝ တိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးချရန် လိုအပ်လှပေသည်။
နိုင်ငံတော်အနေဖြင့်လည်း တန်ဖိုးရှိသော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးပြီး လုပ်ငန်းတာဝန်များကို ခွဲဝေနေရာချထားရာတွင်လည်း လူမှန်၊ နေရာမှန်၊ မှန်ကန်သော အလုပ် (Right Person, Right Place, Right Job)ဖြစ်ရန်လည်း အလွန်အရေးကြီးလှပေသည်။ မှားယွင်းစွာ တာဝန်ပေးအပ်ပါက မိမိကျွမ်းကျင်သော အတတ်ပညာဖြင့် နိုင်ငံတော်အကျိုး၊ ဌာနအကျိုးအတွက် ဆောင်ရွက်ရန် မည်သို့မျှမဖြစ်နိုင်သဖြင့် နိုင်ငံတော်အတွက်လည်း အကျိုးမရှိသလို တာဝန်ပေးခံရသူ အနေဖြင့်လည်း မိမိမကျွမ်းကျင်သော လုပ်ငန်းခွင်တွင် စွမ်းဆောင်ရည်မြင့်မားစွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တာဝန်ပေးသူနှင့် တာဝန်ပေးခံရသူများ အနေဖြင့် လူမှန်နေရာမှန် ဖြစ်ရေးသည်လည်း လူ့စွမ်းအားမြှင့်တင်ရေးအတွက် အရေးကြီးသော အချက်ပင်ဖြစ်သည်။
မိမိနေထိုင်ရာအရပ်ဒေသ ပတ်ဝန်းကျင်ရှိ မိသားစု အသိုင်းအဝိုင်းများ၏ အသိပညာမပြည့်စုံခြင်းတို့ကြောင့် လည်းကောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး အခြေအနေများကြောင့် လည်းကောင်း၊ လူ့စွမ်းအား အရင်းအမြစ်၏ အခြေခံအကျဆုံးဖြစ်သော အနာဂတ်လူငယ်တချို့သည် အသိပညာ၊ ဗဟုသုတ မကြွယ်ဝခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြား နိုင်စွမ်းအားနည်းခြင်းတို့ကို တွေ့မြင်နေရပါသည်။ ထိုလူငယ်များ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ အမှန်နှင့်အမှားကို ခွဲခြားသိရှိနိုင်ရေးတို့အတွက် ဖေးမကူညီ ဆောင်ရွက်ပေးရမည်မှာ ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်သည်။
ပညာစွမ်းရည်မြင့်မားခြင်းသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော အချက်ဖြစ်သောကြောင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ (၄) ရပ်ဖြစ်သော နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ဟူသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတစ်ဝန်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၄ ကျောင်း၌ အခြေခံပညာရပ်များကို အခမဲ့သင်ကြားပေးလျက်ရှိပြီး အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသည့် တိုင်းရင်းသား လူငယ်များအား ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့တွင် အဆင့်မြင့်ပညာရပ်များကို အခမဲ့ ဆက်လက် သင်ကြားပေးလျက်ရှိသည်။ အခြေခံပညာအထက်တန်းတွင် ထူးချွန်စွာ အောင်မြင်သူ များကိုလည်း တက်ရောက်လိုသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များသို့ အဆင်ပြေစွာ တက်ရောက်နိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ကိုးကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၄၆ ကျောင်းတို့ကို ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရန်နှင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန် ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ပညာရေးကဏ္ဍတွင် ခေတ်စနစ်နှင့် လျော်ညီစွာ တိုးတက်ရေးအတွက် ပညာရေး အဆင့်မြှင့်တင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပညာရေး ဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကဏ္ဍတွင် သင်ရိုးညွှန်းတမ်း အသစ်များ အစားထိုးခြင်းနှင့် စနစ်သစ် ပြောင်းလဲခြင်းကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး KG+12 ပညာရေးစနစ်သစ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် အတွက် ပညာရေးမဟာဗျူဟာ စီမံကိန်း လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည်။
ထိုနည်းတူစွာပင် မြန်မာနိုင်ငံ စာတတ်မြောက်ရေး လှုပ်ရှားမှုများအား အထောက်အကူ ဖြစ်စေရန် “ပညာရေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိစေရ}} ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းပြင်ပရောက် ကလေးသူငယ်လေးများနှင့် လူငယ်များအတွက် ကျောင်းပြင်ပပညာရေး အစီအစဉ်များကိုလည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။ ထိုကျောင်းပြင်ပပညာရေးတွင် အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်မပြတ် ပညာရေးဟူ၍ အချက်နှစ်ချက် ပါဝင်သည်။ ထိုကျောင်းပြင်ပ ပညာရေး အစီအစဉ်များတွင် ပါဝင်သင်ယူသော လူငယ်ကလေးများသည် မိမိတို့တတ်မြောက်လာမည့် အသိပညာများ၊ ကျွမ်းကျင်မှု အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ မကြာမီကာလတွင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များ အတွက် ခေတ်မီ တိုးတက်လာသော အဆင့်မြင့်ပညာရေးနှင့် နည်းပညာ တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန်တို့ကို အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ နှစ်မျိုးစလုံးကို ဟန်ချက်ညီမြှင့်တင်ပေးနိုင်သည့် ပိုမိုကောင်းမွန်သော ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များကို လုပ်ဆောင် လာနိုင်တော့မည်ဖြစ်ပေသည်။
နိုင်ငံတော်ကို ဦးဆောင်ရမည့် လူငယ်ကလေးများကို နည်းမှန်၊ လမ်းမှန်၊ အသိပညာမှန် ရအောင် ဆောင်ရွက်ပေးနိုင်လျှင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်အောင် တည်ဆောက်နိုင်မည်ဖြစ်သည့်အပြင် မိမိနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။ မကြာမီကာလတွင် အနာဂတ် ပန်းကလေးများအတွက် မျှော်လင့်ချက်ရောင်ခြည်များသည် အရှေ့ဘက်မှထွက်
ပေါ်လာသော နေမင်းကြီးပမာ အမှောင်ထုကို ဖြိုခွင်းပေါ်ထွက်လာမည်ဟု အခိုင်အမာယုံကြည်ပါကြောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံး လက်တွဲညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါကြောင်း တင်ပြတိုက်တွန်း အပ်ပါသည်။ ။
ခိုင်ဝသန်(စီးပွားရေးပညာ)