COVID-19   ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၂

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19)  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြု လူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၄၄ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာနွယ်ဝင် သီလရှင် ၃ ပါး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာသံဃာတော် ၁၃၅ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခို ရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၆၈၀ ဦးတို့ကို အသီးသီးဆက်လက် လက်ခံကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

    

ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် ရဲမွန်မြို့၊ နယ်မြေခံ သင်တန်းကျောင်းရှိ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၁၇၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှိ ၉ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အတည်ပြုလူနာ အရပ်သား ၁၇ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ် များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

    

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူ များကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၇၀၂ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၄၂ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါသီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

    

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

    

အလားတူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နန်းဦးကျောင်းတိုက်ရှိ COVID-19   ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သော သံဃာတော် ၁၀ ပါးနှင့် ရှင်သာမဏေ ၃ ပါး တို့အား မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ပြင်ဆင်ထားသည့် ကုတင်-၂၀၀ ဆံ့ တပ်မတော် COVID-19   လူနာများကုသရေးဌာန (မန္တလေး)၌ စောင့်ကြည့်ကုသပေးလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု အားပေးပြီး စောင့်ကြည့်သူများ၏ နေထိုင်စားသောက်မှုနှင့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

    

အဆိုပါ တပ်မတော် COVID-19  လူနာများကုသရေးဌာန(မန္တလေး)၌ စောင့်ကြည့်ကုသပေးလျက်ရှိသည့် သံဃာတော် ၁ ပါး၏ မိန့်ကြားသည့် စကားသံများကို ယခုလို ကြားသိရပါတယ်-

“ဦးပဉ္စင်းတို့က ဆေးစစ်တာကအစ အကုန်လုံး ကုသမှုတွေလိုအပ်နေတဲ့ အတွက်ကြောင့် တပ်မတော်က ဒီစင်တာကိုလည်း ဖွင့်ထားတယ်ဆိုတာ သတင်းကြားလို့ တပ်မတော်စင်တာမှာ   လာပြီးတော့ ဆောင်ရွက်မယ်ဆိုရင် အကုန်လုံးအဆင်ပြေမယ်လို့   ဆုံးဖြတ်တဲ့ အတွက် ဦးပဉ္စင်းတို့ ဒီကိုရောက်လာခဲ့ ရတာပါ။ ဆရာဝန်တွေရော ဦးပဉ္စင်းတို့ အပေါ်မှာ ပြုစုစောင့်ရှောက်တာ ဘာမှကို လိုလေသေး မရှိပါဘူး။ အကုန်လုံးလည်း ဂရုစိုက်ကြပါတယ်။ ဦးပဉ္စင်းတို့ဘက်က လိုအပ်ချက်တွေဘာမှ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အကုန်လုံးပြည့်စုံနေတာ ဆိုတော့ ဘာမှမလိုပါဘူး။ မြတ်စွာဘုရားရဲ့တရားတော်တွေကို ကိုယ့်သန္တာန်မှာ နှလုံးသွင်းပြီးတော့ တစ်ဦးနဲ့တစ်ဦးအပေါ်မှာ ကမ္ဘာသူကမ္ဘာသားတွေ အပေါ်မှာ မေတ္တာပို့ ဘာဝနာကိုပွားများကြမယ်ဆိုရင် ဒီကပ်ရောဂါကြီးက အမြန်ဆုံး လွန်မြောက်နိုင်ပါတယ်”ဟု    မိန့်ကြားသည်။