၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့်တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲများ ဆက်လက်ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၂၁
၂ဝ၂၂ ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစား ကွင်း/ရုံများတွင် ဆက်လက်ကျင်းပပြုလုပ်ပြီး အားကစားနည်းများ အလိုက်ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်းရှိ အားကစားရုံများတွင် ကျင်းပပြုလုပ်သည်။
ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ တပ်မတော်(ကြည်း၊ရေ၊လေ) ပြေး၊ ခုန်၊ပစ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တပ်မတော် အရာရှိကြီးများနှင့် ပြိုင်ပွဲဝင်အားကစား အသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ ၄ ယောက်တွဲ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနည်းများအလိုက် တစ်ဦးချင်းဆုရရှိ သူများနှင့် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းရရှိသည့်အသင်းများ အား တပ်မတော် အရာရှိကြီးများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ရမှတ် ၃၃၆ မှတ်ဖြင့် အမျိုးသား/ အမျိုးသမီးစုပေါင်း တံခွန်စိုက်ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး က အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုနှင့်ဆင့်ပွား ဒိုင်းဆုကိုပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ကရာတေးပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်အဖြစ် (ကုမိတဲ့နှင့်ခတ) လူသစ်တန်း/အကြီးတန်းပြိုင်ပွဲများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အားကစားရုံ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တပ်မတော်ကရာတေးကော်မတီ ဥက္ကဋ္ဌ၊ တပ်ထိန်းချုပ် ဗိုလ်ချုပ် သက်ထွန်းဦး နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစား သမားများနှင့် တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တစ်ဦးချင်းဆု တံဆိပ်များနှင့် အကောင်းဆုံး အားကစားသမားဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး လူသစ်တန်းပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ကြေး (၃)ခုဖြင့် လူသစ်တန်းဒိုင်း ဆုရရှိသည့် တပ်မတော်(ရေ)အသင်းနှင့် အကြီးတန်းပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ကြေး (၁)ခု အကြီးတန်းဒိုင်းဆု ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့အား တပ်မတော်ကရာတေးကော်မတီ ဥက္ကဌ၊ တပ်ထိန်းချုပ် ဗိုလ်ချုပ်သက်ထွန်းဦးက ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ)ကရာတေးပြိုင်ပွဲတွင် ရွှေ(၅)ခု၊ ငွေ(၁)ခု၊ကြေး(၁)ခုဖြင့် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်က တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် ၊ တပ်မတော်(ကြည်း ၊ ရေ ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကိုကိုလွင်၊ ဗိုလ်မှူးချုပ်ကျော်ကျော်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးရဲဝင့်ထွဋ်တင်၊ တပ်မတော် အရာရှိကြီးများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်များယှဉ်ပြိုင်ကစားကြပြီးနောက် ဆုပေးပွဲအခမ်းကျင်းပရာ အသက်၂၅ နှစ်အောက် (၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲနှင့် အသက်၂၅နှစ်အောက် (၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ အလွတ်တန်း (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ၊ အလွတ်တန်း (၄) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ အလွတ်တန်း (၂) ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား တပ်မတော်အရာရှိိကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အသက်၂၅ နှစ်အောက် (၂) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ ဆုဒိုင်းဆုနှင့် အသက်၂၅ နှစ်အောက် (၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုဒိုင်းဆု ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အလွတ်တန်း (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဒိုင်းဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု အသင်းများအား ဗိုလ်မှူးချုပ်ကျော်ကျော်က ပထမဒိုင်းဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အလွတ်တန်း(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဒိုင်းဆု ရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် အလွတ်တန်း (၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဒိုင်းဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ ဒုတိယကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင်က ပထမဒိုင်းဆုများ အသီးသီးပေး အပ်ချီးမြှင့်သည်။
ထို့ပြင်တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)၌ ဝိတ်တန်းအလိုက်ပြိုင်ပွဲများနှင့် (ခ)အဆင့်တစ်ဦးချင်း(ကကွက်)၊ (ခ)အဆင့်အသင်းလိုက်(ကကွက်) ရှုံးထွက်ပွဲစဉ်၊ ဆီမီးဖိုက်နယ်ပွဲစဉ်များကို လည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီး တတိယနေရာလုပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(C)၌ ခွဲမှူးဆရာအဆင့်ပညာစဉ် စွမ်းရည် ပြပြိုင်ပွဲ၊ အတိုက်ပွဲစဉ်တွင် အမျိုးသားကီလိုတန်းအလိုက်ဗန်တို အတိုက်ပြိုင်ပွဲ၊ ပန်ကြပ်ဆီးလပ် အတိုက်ပြိုင်ပွဲများကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။