စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များနှင့် COVID-19  ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၂

   

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက် များကြောင့်  စားရေးအခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် မျိုးနှင့်  COVID-19  ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။

   

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက မြို့နယ်အသီးသီးရှိ စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်း များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် မျိုးအား ထောက်ပံ့ပေးအပ်သည်။

   

ထို့ပြင်တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဘုတ်ချောင်းရပ်ကွက်ရှိ ချမ်းအေးဘုန်းတော်ကြီးကျောင်းသို့ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါ ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၇၀ စုအတွက် ဆန် ၂၃ အိတ်၊ ဆီ ၄၅ ပိဿာ၊ ဆား ၄၅ ပိဿာ၊ ကြက်ဥ ၄၄၈ လုံး၊ စားသောက်ဖွယ်ရာများနှင့် Face Mask ၂၂၄၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။