စာဆိုနှင့်ခွာညိုပန်းရယ် နန်းမြေထိမွှေး

စာဆိုနှင့်ခွာညိုပန်းရယ် နန်းမြေထိမွှေး

    “တန်ဆောင်မုန်းလပြည့်ကျော်  တစ်ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ လေးလသည် ဆောင်းဥတုဖြစ်သည်။ ငွေနှင်းစိုစိုနှင့်အချမ်းပိုသော ကာလဖြစ်သည်။ တောတောင်ရေမြေ တစ်ခွင်လုံး စိမ်းစိုလန်းဆန်းနေသည်။  မြစ်ချောင်းအင်းအိုင်များတွင် မြူများဆိုင်းနေသည်။ စိုစွတ်သောမိုးဥတု ကုန်ဆုံးခဲ့သဖြင့် ကျေးငှက်တို့အသိုက်မှထွက်ကာ တေးသံများ သီကျူးလာကြသည်။ ခဝဲပန်း၊ သဇင်ပန်း၊ ခွာညိုပန်းနှင့် ပေါက်ပန်းများ ပွင့်ကြသည်။”ဟူ၍  တတိယတန်းမြန်မာဖတ်စာ ဥတုသုံးလီ မြန်မာပြည်ကဏ္ဍ၌ ဖတ်ရှုရ၏။

ထိုအခါ “စာဆိုနှင့်ခွာညိုပန်းရယ် နန်းမြေထိမွှေး”ဟူသော ကောက်စိုက်သီချင်းလေးကို သတိရသွားသည်။

ပန်းခွာညိုသည်   တင်စားမှုကဗျာ ပရိယာယ်လား။

ပြာသိုလ၏ ရာသီပန်းကို ဆိုချင်သည်လား။ စဉ်းစားဖွယ်ပင်။   မည်သို့ဆိုစေ  နှစ်စဉ်ကျရောက်သော နတ်တော်လဆန်း ၁ ရက်နေ့ စာဆိုတော်နေ့နီးလာသောအခါ စာဆိုနှင့်ခွာညိုပန်းရယ် နန်းမြေထိမွှေးဟူသော   ကောက်စိုက်တေး ကလေးသည်လည်း လူးလွန့်လှုပ်ရှားလာလိမ့်မည်ဟု မှန်းဆမိပါသည်။

နတ်တော်လသည် ဆောင်းလပီပီ အရပ်ရှစ်မျက်နှာ၌ နှင်းမြူတို့ ကျဆင်းလေ့ရှိပါသည်။ သစ်ပင်ပန်းမန်များမှာ နုပျိုလန်းဆန်းကြပါသည်။ နတ်တော်လ၏ အဓိပ္ပာယ်မှာ   နတ်ကိုပူဇော်သောလဟု ဆိုသည်။ 

လှေသင်းအတွင်းဝန်မင်းက နတ်တော်လတွင် မဟာပိန္နဲနတ်မင်းအား ပူဇော်ပသသည်ဟု ပထမဆိုပါသည်။ တစ်ဖန် မဟာဂီရိနတ်မောင်နှမအား ပူဇော်ပသသည်ဟု ဒုတိယဆိုပါသည်။ ဆရာဦးဖိုးလတ်က မင်းမဟာဂီရိနတ်မောင်နှမကို ပူဇော်သည်မှာ အရင်းခံဖြစ်သည်ဟု ဆိုပေသည်။ ပုဂံခေတ်က “နတ္တာဝ်၊ နတ်တာဝ်”စသည့် ကျောက်စာရေးထုံးများ ရှိခဲ့သော နတ်တော်လကို ရှေးစာဆိုတို့၏ ကဗျာအဖွဲ့တွင် ဓနုရာသီနတ်တော်လဟု အသုံးများပါသည်။ ဓနု၏ အဓိပ္ပာယ်မှာ “လေး”ဖြစ်၏။ ရာသီရုပ်မှာ လေးကိုင်စွဲသော လူယောကျ်ားပုံဖြစ်၏။ ရာသီပန်းမှာ ရာမရကန် ဦးတိုး၏   ဘုန်းနှင့်ကံနှင့်ရွှေသဇင်မှ   မြတ်ပန်းတော်ဝင် ပန်းသဇင်ဖြစ်၏။

သဇင်ပန်းများပွင့်သော  နတ်တော်လတွင် ရှေးက မဟာပိန္နဲနတ်ပွဲနှင့် ဆင်ဖမ်းပွဲများ ကျင်းပခဲ့ကြသော်လည်း ယခုခေတ်တွင်မူ နတ်ပူဇော်ပွဲများအစား စာဆိုတော်ပွဲကို ကျင်းပကြ၍ နတ်တော်လကို စာဆိုတော်လ ရာသီဟုခေါ်ဆိုခဲ့လေပြီ။

ရှေးမြန်မာဘုရင်တို့သည် တိုင်းရေးပြည်ရေးတွင် လောကီလောကုတ္တရာ ထူးချွန်လိမ္မာသော ပညာရှိများ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပညာရေးတို့တွင် ကျွမ်းကျင်နှံ့စပ်သော အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် နယုန်လစာပြန်ပွဲကို ကျင်းပမြဲ ဖြစ်သကဲ့သို့ နိုင်ငံတော်တွင် ထက်မြက်ထူးချွန်သည့် ပညာရှင်များနှင့်   မင်းညီမင်းသားမှူးမတ်များအားဂုဏ်ထူးဘွဲ့ထူးများကို နတ်တော်လတွင် အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်လေ့ရှိကြသည်။ ထိုအစဉ်အလာကို ဆက်ခံထိန်းသိမ်းသော အနေဖြင့် မျက်မှောက်ခေတ်၌ လည်း နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ကာ ထူးချွန်သော စာပေပညာရှင်အား ဂုဏ်ပြုချီးမြှင့်လျက်ရှိပေသည်။ မြန်မာပြည်အနှံ့ စာပေဝါသနာအိုးများက စာဆိုတော်နေ့မတိုင်မီကပင် ကြိုတင်ပြင်ဆင်ကြသည်။ အထက်မြန်မာနိုင်ငံ စာရေးဆရာများက မန္တလေးကို ဗဟိုထား၍၊ အောက်မြန်မာနိုင်ငံက ရန်ကုန်ကို ဗဟိုထား၍ စာဆိုတော်ပွဲကို နှစ်စဉ်ကျင်းပကြသည်။ သက်ကြီးစာပေပညာရှင် ဆရာကြီးများကို ကန်တော့ခြင်း၊   သြဝါဒခံယူခြင်း၊ စာပေဟောပြောပွဲ ကျင်းပခြင်း၊ စာပေပြိုင်ပွဲ၊ စာအုပ်ဈေးပွဲတော်များ ကျင်းပခြင်းတို့ဖြင့် စာဆိုတော်နေ့၏ အနှစ်သာရကို ထင်ရှားစေပါသည်။

စာပေမှပေးသောအသိဉာဏ်သည် ဘဝတစ်လျှောက် အလင်းဆောင်နိုင်သည်။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်အောင် စာပေက စွမ်းဆောင်နိုင်သည်။ လောကီလောကုတ်တွင်   စာပေအသိဖြန့်ကြက်ခြင်းဖြင့် ရင့်ကျက်လာစေနိုင်သည်။ ဤသို့တိုင်းကျိုးဆောင် အကျိုးပြုစာပေများကို ရေးသားသည့် စာပေပညာရှင်များကို နိုင်ငံတော်က စာပေဗိမာန်စာမူဆု၊ အမျိုးသားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာဆုတို့ကို နှစ်စဉ် နတ်တော်လရောက်တိုင်း ချီးမြှင့်လျက် ရှိပါသည်။ ယခုနှစ် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုများနှင့် စာပေဗိမာန်စာမူဆုများကို ကြေညာရာတွင် “ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသော အားဖြင့် စာပေပညာရှင်ဆရာကြီး ဦးမြတ်သူ(တက္ကသိုလ်မြတ်သူ)၊ စာပေပညာရှင်ဆရာကြီး ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာမျိုးသန့်တင်၊ စာပေပညာရှင်ဆရာမကြီး ဒေါက်တာမတင်ဝင်းတို့ကို ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ   တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း” ထုတ်ပြန်ကြေညာခဲ့ ပါသည်။ အမျိုးသားစာပေ တစ်သက်တာဆုအတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ နှင့်အမျိုးသားစာပေဆု တစ်ဆုလျှင် ငွေကျပ်သိန်း ၃၀ ချီးမြှင့် ခံရမည်ဖြစ်ပေသည်။ စာပေဗိမာန်စာမူဆု အတွက် ပထမဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်းနှင့်တတိယဆုငွေကျပ် ခုနစ်သိန်းချီးမြှင့်မည်ဖြစ်သည်။

စာပေဗိမာန်စာမူဆုတွင် မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)က စာပဒေသာ ပထမဆု၊ ပြဇာတ်စာပေ ပထမဆုနှင့် မြန်မာ့ယဉ်ကျေးမှုနှင့်   အနုပညာဆိုင်ရာ စာပေဆုတတိယ ဟူသော ဆုသုံးဆု ဆွတ်ခူးနိုင်ခဲ့ပြီး နွေကံ့ကော်(မြို့လှ)က လူငယ်စာပေဆု ပထမ၊ စာပဒေသာဆု တတိယဖြင့် ဆုနှစ်ခု ဆွတ်ခူးသွားပါသည်။  စာပေဖန်တီးသူ အနုပညာရှင်တို့၏  နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိသည့် နက်ရှိုင်းသော စေတနာကိုချင့်တွက်နိုင်ပေသည်။ စာရေးခြင်းဟူသည် မိမိဘဝ၏ အဖိုးတန် အချိန်တော်တော်များများကို စာပေထဲတွင်မြှုပ်နှံထားရသော ကိစ္စဖြစ်ရာ ထိုပုဂ္ဂိုလ်တို့ကား အလွန်တရာ လေးစားထိုက်ပေသည်။ နှစ်ထောင်း အားရဖွယ်ကောင်းလေစွ။ စာပေဝမ်းစာပြည့်ပေစွ။

စာပေရေးသားပြုစုသူများအတွက် စွမ်းစွမ်းတမံ ဖန်တီးနိုင်မည့် စာဆိုတော်နေ့ကား ဝိသေသထူးများဖြင့် ထင်ရှားလှချေသည်။ စာဆိုတော်နေ့အကြောင်း ရေးရလျှင် မြန်မာပြည်စာရေးဆရာများ အသင်းမပါလျှင် မပြည့်စုံနိုင်ပါ။ ထိုစာရေးဆရာအသင်းဝင် စာရေးဆရာတို့၏ ကြိုးပမ်းချက်ကြောင့်သာ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ စာရေးဆရာအသင်း ဖြစ်ပေါ်လာရခြင်းမှာ အင်္ဂလိပ်ခေတ် အနောက်နိုင်ငံမှ စာရေးဆရာကြီးတစ်ယောက် မြန်မာပြည်သို့ရောက်လာသည့် အခါကစတင်၍ စာရေးဆရာအသင်း ရှိသင့်ကြောင်းကို စာရေးဆရာတိုင်း၏ စိတ်ထဲတွင် စွဲလမ်းမှုရှိလာကြသည်။ အကောင်အထည်ဟူ၍ကား မဖော်နိုင်ကြသေးပေ။

ဂျပန်မဝင်မီ အင်္ဂလိပ်ခေတ်တွင် ရန်ကုန်မြို့အရှေ့ပိုင်း မက်သဒစ်ကျောင်း၌ ဒီးဒုတ်ဦးဘချို တည်ထောင်ခဲ့သော စာရေးဆရာ အသင်းတစ်သင်း ရှိလေသည်။

ထိုအသင်းတွင် ဒီးဒုတ်ဦးဘချိုက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ မှာ    ဦးမောင်မောင်ကြီး(ဒဂုန်နတ်ရှင်)ဖြစ်ပြီး အတွင်းရေးမှူး ဦးတင်မြင့်(သင်္ခါ)ဖြစ်လေသည်။

မကြာမီ ဂျပန်တို့ဝင်လာပြီး ဂျပန်စစ်ဗိုလ်ကြီး တစ်ယောက်က စာရေးဆရာအချို့အား တွေ့ဆုံလျက် ဂျပန်နိုင်ငံမှ အမျိုးသားစာရေးဆရာနှင့် အမျိုးသမီးစာရေးဆရာများ မြန်မာပြည်သို့  ရောက်လာတော့မည်ဖြစ်ကြောင်း၊ ထိုဂျပန်စာရေးဆရာများနှင့်  တွေ့ဆုံဆွေးနွေးရန် မြန်မာပြည်တွင် စာရေးဆရာအသင်း ရှိပါသလောဟု မေးလေသည်။ ဤအကြောင်းခံများအပေါ်အခြေတည်၍ အချိန်မကြာမီအတွင်း ၁။ ဦးသိမ်းမောင်(သူရိယ)(သတင်းစာဆရာဦးသိမ်းမောင်)၊ ၂။ ဦးလှ(ကြီးပွားရေး) (လူထုဦးလှ)၊ ၃။ ဦးချစ်မောင်(ဂျာနယ်ကျော်)၊ ၄။ဦးသိန်း(ဇဝန)တို့က တာဝန်ခံ၍ စာရေးဆရာအသင်း ဖွဲ့စည်းရန် ဖိတ်ကြားလိုက်လေသည်။ ထိုဖိတ်ကြားချက်အရ ၁၃၀၄-ခု၊ ဝါခေါင်လပြည့်ကျော် ၁၄ ရက်နေ့ ၁၉၄၂ ခု၊ စက်တင်ဘာလ ၉ ရက်တွင် အင်္ဂလိပ်အခေါ် စကော့ဈေး၊ ယခုခေတ်အခေါ် ဗိုလ်ချုပ်ဈေး၊ ဂျပန်ခေတ် အခေါ် ရန်နိုင်ဈေးကြီးအပေါ်ထပ်ရှိ  ကျန်းမာရေး ပြတိုက်ခန်း၌ အစည်းအဝေး ကျင်းပခဲ့လေသည်။

စာရေးဆရာ စုစုပေါင်း ၇၀ ကျော်မျှ တက်ရောက်လာကြပြီးလျှင် ထိုနေ့အစည်းအဝေးမှာပင် မြန်မာပြည်စာရေးဆရာများ အသင်းကို အောက်ပါအတိုင်း အမှုဆောင်များ ရွေးကောက်၍ စတင်ဖွဲ့စည်းလိုက်လေသည်။ ကျက်သရေဆောင် နာယကလူကြီးများမှာ-

    (က)သခင်ကိုယ်တော်မှိုင်း(ဆရာလွန်း)

    (ခ  )သူကြီးဂေဇက်(ဦးခင်မောင်)

    (ဂ  )မြန်မာ့အလင်း (ဦးစိန်း)တို့ဖြစ်သည်။

ပထမဥက္ကဋ္ဌ ဦးသိမ်းမောင်(သူရိယ)၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ကြီး(ဒဂုန်နတ်ရှင်)၊ အတွင်းရေးမှူး ဦးသိန်း(ဇဝန)၊ တွဲဖက်အတွင်းရေးမှူး ဦးဘသောင်း (သီရိမောင်)၊ ငွေထိန်း-ဦးမောင်မောင်(မြန်မာ့ရုပ်ရှင်)တို့ဖြစ်ကြပြီး အမှုဆောင်အဖွဲ့ဝင်များမှာ ၁။ ဦးချစ်မောင် (ဂျာနယ်ကျော်)၊ ၂။ ဦးသွင်(တောကနေဒွန်း)၊ ၃။ ဆရာကျော်(ကွမ်းရွဲတန်း ဆရာကျော်)၊ ၄။ ဦးအောင်မြင့်(မြို့မမောင်)၊ ၅။ ဦးတင်မြင့်(သင်္ခါ)၊ ၆။ ဒဂုန်ဆရာတင်၊ ၇။ဒေါ်ခင်မြ(ခင်မျိုးချစ်)၊ ၈။ ဒဂုန်ခင်ခင်လေးတို့ဖြစ်ကြသည်။ ဤပုဂ္ဂိုလ်ကြီးများကို ရွေးကောက်၍ စာရေးဆရာအသင်း ဖြစ်ပေါ်လာခဲ့ပေသည်။ သို့သော်အမှုဆောင်တို့ တစ်နယ်တစ်ရပ်သို့ ပြောင်းရွှေ့သွားသဖြင့် ဦးသွင်၏နေရာတွင် မဟာဆွေ(ဦးဘရှိန်)ကို လည်းကောင်း၊ ဒဂုန်ဆရာတင်၏ နေရာတွင် ဦးယော(ဇေယျ) နှင့်  ဦးဘသောင်း၏ နေရာတွင် သခင်သန်းထွန်း (တောခိုသွားသူ)တို့ကို လည်းကောင်း   ထိုနှစ်မကုန်ဆုံးမီ အတွင်းမှာပင်  လွှဲပြောင်း ဖွဲ့စည်းလိုက်ရလေသည်။

အသင်းတိုက်တည်ရာမှာ ရှေးဦးစွာ သူရိယသတင်းစာတိုက် အမှတ်(၁၇) ကုက္ကိုင်းလမ်းတွင် ထားသည်။

ထို့နောက် ဂျပန်တို့၏ အကူအညီဖြင့် ယောက်လမ်း၊ အမှတ် ၃၅၊ ရန်ကုန်စာပေအသင်း အဆောက်အအုံတိုက်တွင်ဖြစ်လေသည်။ အသင်းကြီး၏ အဓိကအချက်ကြီးများကား ၁။ ပိဋကတ်အဖွဲ့နှင့် စာပေဟောပြောပွဲအဖွဲ့၊ ၂။စာရေးဆရာမဂ္ဂဇင်းအဖွဲ့၊ ၃။ မြန်မာအဘိဓာန်အဖွဲ့ဟူ၍ ဖွဲ့ပြီးလျှင် တာဝန်အလိုက် ဆောင်ရွက်သွားကြရန်ပင်ဖြစ်သည်။

စာရေးဆရာ မဂ္ဂဇင်းအဖွဲ့မှ “စာရေးဆရာ” The Author အမည်ဖြင့် ၁၃၀၃-ခု၊ နတ်တော်လဆန်း တစ်ရက်(၁၉၄၂-ခု၊ ဒီဇင်ဘာလ ၈ ရက်)နေ့တွင် ပထမစာစောင်ကို ထုတ်ဝေနိုင်ခဲ့သည်။ အင်္ဂလိပ်ဝင်လာသောအခါ   ရန်ကုန်တက္ကသိုလ်သို့ ပြောင်းပေးလိုက်ရပြီး မြန်မာစာပါမောက္ခဦးဝန် (မင်းသုဝဏ်)က ဆက်လက်ကြီးမှူး ပြုစုခဲ့လေသည်။

ထို့နောက် ဂျပန်ခေတ်ပညာရေး ဝန်ကြီး ဦးလှမင်းနှင့် တွေ့၍ စာပေနှင့်ပတ်သက်သော နေ့တစ်နေ့ရွေးရန် ဆုံးဖြတ်ကြသည်။ ပညာရေးဝန်ကြီးက ဦးပုညနေ့ဟု သတ်မှတ်ရန် အကြံပေးသည်။ ဒဂုန်နတ်ရှင်က ဦးပုညနေ့ဟု မသတ်မှတ်သင့်ကြောင်း အချက်များပြကာကန့်ကွက်ပြီးလျှင် “စာဆိုတော်နေ့”ဟုသတ်မှတ်ရန် အကြံပေးသည်။   ထို့ပြင်လည်း နတ်တော်လ၏ သာယာပုံ၊ ဆန်းကြယ်ပုံတို့ကို ဖွဲ့နွဲ့ပြီးလျှင် နတ်တော်လကိုရွေးရန် ဆွယ်တရားဟောလေသည်။ နောက်ဆုံးတွင် နတ်တော်လဆန်း တစ်ရက်နေ့ကို သတ်မှတ်ရန် ဂျာနယ်ကျော်ဦးချစ်မောင်က   အဆိုတင်သွင်း၍ ဦးသိမ်းမောင်(သံတော်ဆင့် သတင်းစာအယ်ဒီတာချုပ်)က ထောက်ခံသဖြင့် အတည်ဖြစ်သွားသည်။

စစ်အတွင်း ဒေါက်တာဘမော် လက်အောက်တွင် သူ၏အစ်ကို ဒေါက်တာဘဟန်ကြီးမှူးသော ပညာတံခွန် အသင်းနှင့်အတူ စာရေးဆရာအသင်းသည် စာပေပြိုင်ပွဲများ၊ ပြဇာတ်ကခြင်းများ ပြုလုပ်ခဲ့သည်ဟု မှတ်သားရပါသည်။ ဝိဇယပြဇာတ်တွင် သီဟိုဠ်ကျွန်းပေါ်တက်လာသော ဝိဇယမင်းသားနှင့် နောက်လိုက်များ ရမ်းကားသည်ကို ဂျပန်စစ်သားများ ပုံစံကပြခဲ့သဖြင့် ဂျပန်အာဏာပိုင်များ စိတ်ဆိုးသည်ဟုလည်း ဖတ်ရှုဖူးပါသည်။

၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့မှစတင် ကျင်းပခဲ့သော စာဆိုတော်နေ့သည် ယနေ့တိုင်စာပေ တံခွန်စိုက်ဆဲဖြစ်သည်။ “နှင်းသောက်ကာရွှင်ကြည်။ပွင့်ဖူးငုံတံနှင့်၊ သဇင်နှံမြိုင်ယံဦးမှာ၊ မြူးပြန်ခဲ့ပြီ။ ပဝေခေတ်ဆီက၊ ပေကညစ်ရယ်နှင့်၊ ခြွေလှစ်ကာ ကဗျာချိုတဲ့  မြန်မာဆိုကဝိရယ်လို့၊ ငြိမ့်ငြောင်းစွာ သံသာကျူးလေတဲ့ ခေတ်ဦးသို့ ထင်တရည်ပြန်လည်လို့ မြော်တွေး။”ဟူသော ကဗျာစာဆို နုယဉ်၏ အတွေးအတိုင်း စာပေမီးရှူးတန်ဆောင်များကို လက်ဆင့်ကမ်းဝေမျှ၍ တိုင်းပြည်နှင့် လူမျိုးဂုဏ်တင့်အောင် စွမ်းဆောင်ခဲ့လေသော မြန်မာစာဆိုအပေါင်းနှင့်   သူတို့ရေးသီဖွဲ့ခဲ့သော  စာပေအနှစ်တို့မှာ  ခွာညိုပန်းရနံ့ပမာ ခေတ်အဆက်ဆက်တိုင် ထုံသင်းကြိုင်လှောက် နေဦး မည်ဖြစ်ပါတော့သည်။   ။

ခိုင်(မိထ္တီလာ)