သဇင်ပန်းနှင့် ကျန်းမာရေး
“နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဟူသောဆိုရိုးစကားအတိုင်း ကျန်းမာရေး ရှုထောင့်မှ လေ့လာကြည့်ရာတွင် ၁၂ လရာသီပန်းများတွင်လည်း တစ်မျိုးချင်းစီအလိုက် ကျန်းမာရေးအာနိသင် အစွမ်းထက်မြက်ကြသည်။ ထို့ကြောင့် စာရေးသူမှ ဤဆောင်းပါးဖြင့် နတ်တော်လတွင်ပွင့်သော သဇင်ပန်းလေး၏ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ပုံ အကြောင်းများကို ယခုလို မှတ်တမ်းတင် ရေးသားလိုပါသည်။
တော်ဝင်နန်းသုံးပန်း
ရှေးယခင်က သဇင်ပန်းကို ဘုရင်၊ မိဖုရားနှင့် မင်းစိုးရာဇာ အသိုင်းအဝိုင်းတစ်ခုတွင်သာ ပန်ဆင်သုံးစွဲခွင့်ရှိသဖြင့် “ပန်းမြတ်တော်ဝင်”၊ “နတ်ပန်းသဇင်”၊ “တော်ဝင်နန်းသုံးပန်း”ဟု တင်စားခေါ် ခဲ့ကြသည်။ ရာမရကန်ဦးတိုး၏ “ဘုန်းနှင့် ကံနှင့် ရွှေသဇင်” ကဗျာလေးက သက်သေတည်နေပါသည်။ ထို့ပြင် ခေတ်အဆက်ဆက် ကဗျာ၊ ဂီတ၊ အနုသုခုမတို့တွင်လည်း ဂုဏ်မြင့်သူ မိန်းကလေးကို ခူးဆွတ်ရန် ခက်လှသည့် သဇင်ပန်းလေးဖြင့် တင်စားကာ ချစ်ခြင်းဖွဲ့ညွှန်းသီကြသည်။
သဇင်အကြောင်း သိကောင်းစရာ
ဥမှပွင့်သည့်ပန်းဖြစ်၍ မြန်မာအဘိဓာန်တွင် “သဇင်ပန်းဥ”ဟုခေါ်ပါသည်။ ရုက္ခဗေဒအမည်မှာ Bulbothyllum sp. ဖြစ်ပြီး သစ်ခွမျိုးရင်း ဥမခ့ငိခေနနေ ဖြစ်သည်။ သဇင်ဖြူ၊ သဇင်နီ နှစ်မျိုးရှိပြီး သဇင်နီကို တွေ့ရခဲသည်။ သဇင်ဥသည် လက်မဝက်ခန့်မှ ၁ လက်မခန့် အရှည်ရှိ၍ လုံးပတ်အချင်းမှာ လက်မဝက်ခန့် ရှိတတ်ပါသည်။ ကြီးထွားသော ဥများမှာ ၁ လက်မခန့် ရှိပါသည်။ များသောအားဖြင့် ဥမှာစိမ်းသော အရောင်ရှိသည်။ ဥ၏ အောက်ခြေတွင် များစွာသော အမြစ်မွေးများပါရှိသည်။ အချို့ဥများမှာ စိမ်းညိုရောင်ရှိပြီး အချို့မှာ အနီရောင်သက်သက်ဖြစ်ပါသည်။ ၎င်းသဇင်နီဥမှာ လွန်စွာရှားပါးပြီး အစွမ်းထက်မြက်ဆုံးနှင့် ဆေးဖက်အဝင်ဆုံးဖြစ်ပါသည်။
သဇင်ရွက်မှာ များသောအားဖြင့် ၃-၄ လက်မခန့် အရှည်ရှိ၍ အကျယ်မှာ ၁ လက်မ၏ လေးပုံတစ်ပုံခန့်ရှိသည်။
၎င်းင်းအရွက်များက ဥ၏အောက်ခြေရင်းမှ ကပ်၍ထွက်တတ်သည်။ အနည်းငယ်ထူ၍ တစ်ပြေးညီအရွက်များဖြစ်ပြီး ထိပ်ပိုင်းလေးမှာ ဝိုင်းချွန်သော ပုံသဏ္ဌာန်ရှိသည်။
အစိမ်းနုရောင် အရွက်ရှည်ရှည်လေးဖြစ်သည်။ များသောအားဖြင့် ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် သဘာဝအလျောက် ပေါက်သည့် ပင်မြင့်ထက်က သစ်ခွတစ်မျိုးအဖြစ် အများဆုံး တွေ့ရှိနိုင်ပါသည်။ ရန်ကုန်မြို့နှင့် အခြားရာသီဥတု မျှတသော မြို့နယ်များတွင်လည်း စိုက်ပျိုး၍ ဖြစ်ထွန်းနိုင်ပါသည်။
စိုက်ပျိုးရာတွင် အခြားအပင်များနှင့် မတူ တစ်မူကွဲပြားသည်။ ပန်းဥလေးများမှာ သေးငယ်သောကြောင့် အခြားရေသောက်မြစ်ရှိသော အပင်ကြီးများတွင် တွယ်ကပ်ထားခြင်းဖြင့် လည်းကောင်း၊ အုန်းဆွဲတိုင်များ ပြုလုပ်၍ လည်းကောင်း၊ အုန်းသီးခွံများတွင် တွယ်ကပ်ထားခြင်းဖြင့်လည်း
ကောင်း၊ ပန်းအိုးရှည်များတွင် အုန်းဆံခွံပတ်၍ လည်းကောင်း နည်းအမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။ အထူးသတိပြုရန်မှာ သန့်စင်သောနေရာတွင် ထား၍ စိုက်ပျိုးနိုင်မှသာ မွှေးကြိုင်သင်းပျံ့သော ရနံ့ရှိသည့် သဇင်ပန်းများ ပွင့်နိုင်ပါမည်။
နတ်တော်လ သဇင်ပန်းနှင့် ကျန်းမာရေး
မြန်မာ့ဆေးကျမ်းများတွင် “သဇင်ပန်းဥ၏ အရသာသည် စပ်၍ ဆိမ့်၊ ခါး၊ မွှေးသော အရသာရှိ၏။ ခေါင်းကိုက်နာ၊ ဆာလောင်မွတ်သိပ်နာ၊ သလိပ်သည်းခြေ အားကြီးသောအနာ၊ နှလုံးပူလောင်နာ၊ သွေးမသန့်သောအနာ၊ သွေးရူးလေရူး အိပ်မပျော်သော အနာတို့ကိုနိုင်၏။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ မောပန်းခြင်းကို သက်သာ၏”ဟုဖော်ပြထားသည်။
-ပဉ္စငါးပါးအားလုံး အသုံးပြုခြင်းဖြင့် ဆေးဖက်ဝင်သကဲ့သို့ အပွင့်၊ အရွက်၊ ဥတစ်မျိုးအဖြစ်လည်း ဆေးဖက်ဝင်သော ဆေးပင်တစ်ပင်ဖြစ်ပါသည်။
သဇင်ပန်းဥ ပဉ္စငါးပါးအခြောက်ကို နှလုံးငြိမ်ဆေး၊ သွေးသန့်ဆေးများတွင် ဖော်စပ်ကြသည်။ သွေးရူးလေရူးဖြစ်ပေါ်၍ အိပ်မပျော်သော ရောဂါများတွင် အဖိုးတန်သောဆေးအဖြစ်လည်း ထည့်ဝင်ဖော်စပ်ကြသည်။
-သဇင်ပန်းအစို သို့မဟုတ် အခြောက်ကို နမ်းရှူပေးခြင်းဖြင့် မူးမော်ခြင်း၊ ခေါင်းမကြည်လင်ခြင်း၊ နှလုံးနောက်ကျိခြင်း၊ ရင်တုန်ခြင်းတို့ကို လျင်မြန်စွာ ပျောက်ကင်းစေပါသည်။
-သွားနှင့် ခံတွင်းကျန်းမာရေးအတွက် သဇင်ပန်းအမြစ်ပါ မကျန် တစ်ပင်လုံးကိုပြုတ်၍ ၎င်းငပြုတ်ရည် ငုံပေးပါ။ ခံတွင်းနံခြင်း၊ သွားဖုံးနာခြင်းများ တွင်လည်း ဆန်လှော်မှုန့်နှင့် ရောစပ်၍ စားပေးခြင်း၊ အာလုတ်ကျင်းခြင်း ပြုလုပ်ပေးပါက ၎င်းရောဂါများ ပျောက်ကင်းစေပါသည်။
-တြိဖလနှင့်ရောစပ်၍ သွားဖုံးများတွင် သိပ်ပေးပါကလည်း သွားဖုံးရောင်ခြင်း၊ သွားနဲ့ခြင်း၊ သွားမှသွေးထွက်ခြင်း စသည်များကို ပျောက်ကင်းစေပါသည်။
-ဝမ်းပျက်ဝမ်းလျှော ရောဂါများကို ပျောက်ကင်းစေပါသည်။
-နနွင်းမှုန့်နှင့်ရောစပ်၍ တိုက်ကျွေးပါက အစာအိမ်နှင့် ပတ်သက်သော ရောဂါများကို လျင်မြန်စွာပျောက်ကင်း စေပါသည်။
-ခေါင်းတစ်ခြမ်းကိုက်၊ မီးယပ်ခေါင်းကိုက်များကို ဒေါင်းမြီးကွက်ပြာချ၍ သဇင်ပဉ္စငါးပါး အခြောက်မှုန့်ရောစပ်ကာ နှာရှူဆေးအဖြစ် ရှူပေးပါက အမြစ်ပြတ် ပျောက်ကင်းစေပါသည်။ အဆိပ်သင့်သောသူများလည်း ရှူပေးနိုင်ပါသည်။
သဇင်နီ၏ ထူးခြားချက်
အထက်တွင် ရေးသားဖော်ပြထားသည့် အတိုင်း အနီရောင်သဇင်ပွင့်က လွန်စွာရှားပါသည်။ ၎င်းင်းသဇင်နီက ပရလောက အတွက်ကိုလည်း ဆေးစွမ်းထက်မြက်စေပါသည်။
-သဇင်နီပဉ္စငါးပါးသည် ပယောဂကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများကို အထူးပိုမိုပျောက်ကင်းစေပါသည်။
-မှိုပွင့်ပေါက်သောနေရာမှ စုထွက်သည့် မြေကြီး၊ ဖြူဆူး၊ ပိတောက်မှို၊ ဝါမြစ်၊ ကြာရိုး၊ သဇင်နီပွင့်တို့ကို စုပေါင်း၍ ရရှိသောအမှုန့်ကို ကျပ်ခိုး သို့မဟုတ် ရေနံမှိုင်းဖျော်၍ ကုပ်ဆစ်၊ လက်နှစ်ဖက်၊ ဒူးဆစ်၊ ခြေနှစ်ဖက်တို့အား တံတောင်ဖြင့် ထောက်ပေးလျှင် သူတစ်ပါးမပြုစားနိုင်ဟု စာဆိုရှိပါသည်။ အမည်မှာ “စားခွက်နှိုက်ဆေး”ဟု ခေါ်ပါသည်။
ရှေးယခင်က ၎င်းဆေးနည်းအား ကျောက်ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေး အဖြစ်လည်း သုံးစွဲခဲ့ကြသည်ဟု ဆိုပါသည်။
၂၁ ရာစုခေတ်တွင် သဇင်ပန်း၏ ဆေးဖက်ဝင်ပုံကို သိသူနည်းပါးသည်။ သို့သော် တိုင်းရင်း သမားတော်ကြီးများက ခေတ်အဆက်ဆက် သဇင်ဥဖြင့် ဆေးဝါးဖော်စပ်ကာ ကုသပျောက်ကင်းကြသည်။ “မသိသူကျော်သွား၊ သိသူဖော်စား”စကားပုံလေးအတိုင်း နတ်တော်လမှာသာ တွေ့မြင်ရသော ကြုံတောင့်ကြုံခဲ သဇင်ပန်းလေးများကို ဘုရားတင်၊ ပန်ဆင်ပြီးနောက် ရှူရှိုက်ပေးရုံမျှဖြင့် မူးမော်၊ ခေါင်းမကြည်၊ နှလုံးတုန်ရင်တုန်ခြင်းတို့ကို အချိန်တိုအတွင်းမှာပင် ပကတိအတိုင်း ကျန်းမာစေမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် စာရေးသူက အောက်ပါ “ဆောင်းရာသီ”ကဗျာလေးတစ်ပုဒ် သီကုံးရေးဖွဲ့ပြီး စာရှုသူများအတွက် နှုတ်ဆက် လက်ဆောင်ပါးလိုက်ချင်ပါသည်။
“ ဆောင်းရာသီ”
- ဥတုသုံးလီ
တစ်လှည့်စီ
ရောက်လာပါပြီ ဆောင်းရာသီ။
- မိုးနှောင်းရာသီ
နှင်းဝေသီ
ရောက်လာပါပြီ ဆောင်းရာသီ။
- ဥတုရာသီ
ချမ်းအေးပြီ
ရောက်လာပါပြီ ဆောင်းရာသီ။
- သဇင်ပေါ်ပြီ
ပန်နိုင်ပြီ
ရောက်လာပါပြီ ဆောင်းရာသီ။
- နှင်းပျောက်ရာသီ
ရောက်လည်းတည်
လွမ်းနေဦးမည် ဆောင်းရာသီ။
ပေါက်ပေါက်