စာပေသည်နိုင်ငံနှင့် လူမျိုး တိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါသည့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်ကြီး ဖြစ်သည်

စာပေသည်နိုင်ငံနှင့် လူမျိုး တိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါသည့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်ကြီး ဖြစ်သည်

စာဆိုတော်နေ့ ဂုဏ်ပြုဆောင်းပါး

    မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့သည်   ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ စာဆိုတော်နေ့ အခါသမယဖြစ်သည်။မြန်မာနိုင်ငံတွင်  စာဆိုတော်နေ့ကို   ၁၉၄၄ ခုနှစ် ကတည်းက ကျင်းပလာခဲ့သည်မှာ   ယခုနှစ်တွင် (၇၈)နှစ်ရှိခဲ့ပြီဖြစ်သည်။ စာဆိုတော်နေ့သည် စာပေလောကသားတို့ အထူးစိတ်ဝင်စားသောနေ့ ဖြစ်သလို နိုင်ငံတော်အစိုးရအနေဖြင့်လည်း  စာဆိုတော်နေ့တွင် စာပေဆိုင်ရာ ဂုဏ်ပြုဆုများကို  ချီးမြှင့် ပေးအပ်သောနေ့ဖြစ်သည်။ ထိုနေ့တွင်   အမျိုးသားစာပေ တစ်သက်တာဆု၊   အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိသူများကို နိုင်ငံတော်မှ ထိုက်တန်စွာ  ဂုဏ်ပြုလျက်ရှိရာ စာပေလောကသား ဆုရရှိသူများအတွက် ဝမ်းသာဖွယ် အလွန်ကောင်းသည့်နေ့လည်းဖြစ်သည်။

    တစ်နည်းဆိုရသော် စာပေဆုချီးမြှင့်ပွဲ အခမ်းအနားသည် ရုပ်ရှင်လောကသားတို့၏ အကယ်ဒမီဆုပေးပွဲကဲ့သို့ပင်ဖြစ်သည်။ အကယ်ဒမီပေးပွဲနှင့် နှိုင်းယှဉ်လိုက်ရသည်မှာ အခြားမဟုတ်ပါ။ အကယ်ဒမီဆုပေးရန်အတွက် ဇာတ်ကားပေါင်းများစွာကို အဆင့်ဆင့် ဆန်ခါတင် ရွေးချယ်ကြရသကဲ့သို့ စာပေဆုများမှာလည်း ဘာသာရပ်အလိုက်  အဆင့်ဆင့်စိစစ်ရွေးချယ်ပြီးမှသာ   နောက်ဆုံးတွင် ဆန်ခါတင်ရွေးချယ်ခြင်း ဖြစ်သည်။   အမျိုးသားစာပေ တစ်သက်တာဆု၊  အမျိုးသားစာပေဆုနှင့်  စာပေဗိမာန်စာမူဆု ရရှိသူများမှာ ထိုက်တန်စွာ ရရှိခြင်းဟု စာရေးသူက သုံးနှုန်းခြင်းဖြစ်သည်။

    ဆုရရှိသူများ၏  ကြိုးပမ်းအားထုတ်မှုအပေါ် နိုင်ငံတော်အစိုးရအနေဖြင့်  ထိုက်ထိုက်တန်တန် ချီးမြှင့်လျက်ရှိသည်ဟု သုံးနှုန်းခြင်းမှာလည်း တကယ့်ကို ထိုက်ထိုက်တန်တန်ဖြစ်သည်ကို လေ့လာသိရှိနိုင်သည်။  ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေ  တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၄ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး   ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌  ကျင်းပခဲ့သည်။

    ထိုအခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားပြီး ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

    အမျိုးသားစာပေ တစ်သက်တာဆုမှာ ၂၀၀၁ ခုနှစ် မှစတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ၏ စေတနာဖြင့်  စာပေပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှောက်လိုမှု၊  စာပေပညာရှင်ကြီးများ၏ လူမှုဘ၀ ပိုမိုဖူလုံစေမှုတို့ဖြင့် ဆုချီးမြှင့်ငွေများကို တိုးမြှင့်ခဲ့သည်။   အမျိုးသားစာပေ တစ်သက်တာဆုအတွက် ယခင်ကငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ရာမှ ငွေကျပ်သိန်း ၁၀၀ သို့ လည်းကောင်း၊ အမျိုးသားစာပေဆုတွင် ယခင်ကငွေကျပ် ၂၅ သိန်း ချီးမြှင့်ခဲ့ရာမှ  ငွေကျပ်သိန်း ၃၀ သို့လည်းကောင်း၊ စာပေဗိမာန်စာမူဆုများကိုလည်း  ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ် ၇ သိန်း၊  တတိယဆု ငွေကျပ် ၅ သိန်းမှ  ပထမဆုကိုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုကိုငွေကျပ် ၁၀ သိန်း၊   တတိယဆုကို ငွေကျပ် ၇ သိန်းသို့တိုးမြှင့် ချီးမြှင့်ပေးအပ်ခဲ့သည်။ ဤသည်မှာ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ အခမ်းအနားတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဤသို့   တိုးမြှင့်ဂုဏ်ပြုခြင်းမှာ စာပေလောကသားများ   အားလုံးကြည်နူးဝမ်းမြောက်မိကြသလို စာပေရှေ့ခရီးအတွက် အထောက်အပံ့ကောင်းလည်း ဖြစ်သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  နိုင်ငံတော်၏ တာဝန်ကို ဦးဆောင်ထမ်းရွက်နေစဉ် အတွင်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးဘက်ပေါင်းစုံ တိုးတက်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။  မိမိနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးတွင် နိုင်ငံသူ၊  နိုင်ငံသားများ အတွေးအခေါ်၊ အသိအမြင်မှန်ကန်ကာ စိတ်ဓာတ်ကောင်းကောင်းဖြင့် ပါဝင်ဆောင်ရွက်ရေးမှာ အဓိကဖြစ်သည်။ ခေတ်အဆက်ဆက်စာပေ ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် အနုပညာအဖွဲ့အစည်းများသည်  အစိုးရပြောင်းလဲချိန်တွင်လည်း အစိုးရ၏မူဝါဒအပေါ် မူတည်ပြီး နိုင်ငံတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ကြသည်။

    အနုပညာရှင်ဆိုသည်မှာ ပြည်သူအားလုံး၏ စိတ်ခံစားမှုများကို တက်ကြွအောင် ဆောင်ရွက်ပေးပြီး ခေတ်ရေစီးကြောင်းတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးနိုင်ကြသူများလည်း ဖြစ်သည်။

    ပြည်သူလူထုကို အသိပညာပေးခြင်း၊ ဖျော်ဖြေမှု ရသပေးခြင်းများနှင့် အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့် အမျိုးသားရေးစရိုက် လက္ခဏာများကို ထိန်းသိမ်းပြီးနိုင်ငံ၏ ရေစီးကြောင်းပေါ်တွင် ပါလာအောင်စည်း ရုံးလှုံ့ဆော်နိုင်ခဲ့ကြသူများဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် တွေ့ဆုံအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ရန်ပုံငွေကျပ်သိန်း ၄၀၀၀ (ကျပ်သိန်းလေးထောင်)ကို မတည်ငွေအဖြစ် ပေးအပ်ခဲ့သည်။ ဤသည်မှာ    အနုပညာရှင်များအပေါ် ထားရှိသည့် နိုင်ငံတော် အစိုးရ၏ စေတနာနှင့်  အလေးထားမှုပင်ဖြစ်သည်။

    စာပေဆုများအတွက်  ဂုဏ်ပြုဆုငွေ တိုးမြှင့်ခြင်းမှာလည်း နိုင်ငံတော်အစိုးရ၏ မွန်မြတ်သော စေတနာဖြစ်သည်။

    စာပေသည်လူသားတို့အတွက်  ဘဝရှေ့ဆောင် မီးရှူးရောင်ဟု ဆိုကြသည်။ ဆိုလည်းဆိုထိုက်လှပေ သည်။ စာပေအလင်းရောင်ဖြင့် ဖွင့်လှစ်ပေးခဲ့သော အမျိုးသားရေးစိတ်ဓာတ်ကြောင့်   မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။   ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအစတွင် နိုင်ငံအတွက် မှတ်တမ်းတင်ရမည်မှာ ၁၉၀၆ ခုနှစ် မေ ၁၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော   ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး ( YMBA) ဖြစ်သည်။

    အသင်း၏ဦးတည်ချက်မှာ အမျိုးကိုချစ်ပါ၊  ဘာသာကိုလေးစားပါ၊  သာသနာကို ချီးမြှင့်ပါ၊   ပညာကိုအားပေးပါ ဟူ၍ဖြစ်သည်။ ထိုသို့ ရေးသားလှုံ့ဆော်မှု၊ ဟောပြောမှုများကြောင့်   မြန်မာလူငယ်အများအပြား သခင်ဘွဲ့ခံယူကာ    လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့ပေါ်လာကာ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်နိုင်ခဲ့သည်။

    မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် စာပေပညာရှင်ကြီးများသည်  နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်များတွင် ခေတ်၏ လိုအပ်ချက်အတိုင်း ကလောင်လက်နက်ဖြင့် အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်းခဲ့ကြသည်။  နိုင်ငံသူ၊ နိုင်ငံသားများ အတွေးအခေါ်မှန်ကန်သော အသိဉာဏ် ဗဟုသုတတိုးပွားစေရန်၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန်၊ လူသားအရင်းအမြစ်  အရည်အသွေး တိုးတက်တောက်ပြောင်စေရန် စာပေစွမ်းအားဖြင့် ထိန်းကျောင်းပေးခဲ့ကြသည်။

    နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့်   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည် ထောင်စု  တည်ဆောက်နိုင်ရေးတွင်   စွမ်းရည်ထက်မြက်သည့် လူချွန်လူမွန်များ၊ အရည်အချင်းနှင့် အရည်အသွေးပြည့်ဝသည့် လူငယ်များ များစွာပေါ်ထွန်းလာရန် လိုအပ်သည်။    ထိုလူငယ်များ ပေါ်ထွန်းရေးအတွက် စာပေသည်   ရှေ့ဆောင်လမ်းပြဖြစ်သည်။ စာပေမြင့်မှ   လူမျိုးတင့်မည်ဆိုသည့် အတိုင်း စာပေ၏ အခန်းကဏ္ဍသည် နိုင်ငံအတွက် အရေးပါလှသည်။ ယနေ့အချိန်ကာလတွင် စာပေဆိုသည်မှာ  ပုံနှိပ်မီဒီယာတစ်ခုတည်းသာ မဟုတ်တော့ဘဲ  လူမှုကွန်ရက် စာမျက်နှာများတွင်ပင် ရေးသားလာကြပြီဖြစ်ပေရာ  နိုင်ငံတော်၏ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးနိုင်သည့် အနေအထားဖြစ်သည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့် ပွဲအခမ်းအနား ဂုဏ်ပြုအမှာစကားတွင်   “ကမ္ဘာပေါ်တွင်ရှိသည့် မည်သည့်နိုင်ငံ၊  မည်သည့်လူမျိုးမဆို စာပေနှင့် ယဉ်ကျေးမှုကို အထူးတန်ဖိုးထားကြရပါကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံမှုမှ   စာပေယဉ်ကျေးမှုများ ဖလှယ်နိုင်ပြီး  စာပေမှတစ်ဆင့် ဘာသာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည်တို့ ပြန့်ပွားဖလှယ်နိုင်ကြသည်ကိုလည်း တွေ့ရမည် ဖြစ်ပါကြောင်း၊ မြန်မာစာဆိုကြီးများသည်   နိုင်ငံချစ်စိတ်၊   မျိုးချစ်စိတ်ဖြင့်ရေးခဲ့သည့် စာပေများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည်  ခေတ်ကာလ အမျိုးမျိုးကြားက  နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းစေကာမူ  ကမ္ဘာ့အလယ်တွင်   စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ခေတ်၊  နောင်မျိုးဆက်သစ်များ၏ခေတ်တွင်လည်း   တန်ဖိုးမဖြတ်နိုင်သည့် ဤမွန်မြတ်သည့်  အစဉ်အလာများကို  ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိသကဲ့သို့   နှိုးဆော်မှုများ၊ ရေးသားစပ်ဆိုမှုများကို စာပေပညာရှင်များ၊ စာပေသုတေသီများက  မျိုးဆက်သစ်ကလောင်ရှင်များကို စေတနာကောင်းနှင့်  လက်ဆင့်ကမ်းခဲ့ကြရန် တိုက်တွန်းလိုပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

    မြန်မာတို့၏  မင်္ဂလာတရားတော်တွင်  ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပေရာ နှစ်စဉ်နတ်တော်လဆန်း  ၁ ရက် စာဆိုတော်နေ့တွင်   ကျင်းပသည့် ဆုနှင်းသဘင်သည်လည်း မင်္ဂလာအပေါင်းပြည့်စုံသည့်  အခမ်းအနားဖြစ်သည်။ စာပေသည်   နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုမျက်နှာစာဖြစ်သကဲ့သို့  နိုင်ငံနှင့်လူမျိုး တိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါလှသည့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်ကြီးတစ်ခုဖြစ်သည်။ မြန်မာလူမျိုးနှင့်  မြန်မာစာပေသည် ခေတ်အဆက်ဆက် မကင်းမကွာရှိခဲ့ပြီး အမျိုးသားရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများတွင်စာပေနှင့်    ပြည်သူတို့အပြန်အလှန်အကျိုးပြုနိုင်ခဲ့သည်။

    မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု သမိုင်းကြောင်းနှင့် ပတ်သက်လာလျှင်  ရန်ကုန်မြို့ရှိလေးဆူဓာတ်ပုံ ရွှေတိဂုံဆံတော်ရှင် စေတီတော်ကြီးသည် လည်းကောင်း၊ ပျူခေတ်လက်ရာများဖြစ်သော ဟန်လင်းမြို့၊  သရေခေတ္တရာမြို့၊   ဗိဿနိုးမြို့စသော ရှေးဟောင်းမြန်မာမြို့တော်များသည် လည်းကောင်း၊   ပုဂံမြို့ရှိ   ပုဂံခေတ်က တည်ထားခဲ့သော သဗ္ဗညုစေတီတော်၊  အာနန္ဒာစေတီတော်၊ ဗူးဘုရား၊ ရွှေစည်းခုံစေတီတော်စသော စေတီပုထိုးများသည် လည်းကောင်း၊  မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအဆောက်အအုံများ အဖြစ်၊ ဘာသာရေး အဆောက်အအုံများအဖြစ် ထင်ရှားသက်သေပြဆိုနေသည်။ထို့အတူပုဂံမြို့ဟောင်းရှိ မြစေတီကျောက်စာ သည်လည်းကောင်း၊ ရွှေစည်းခုံမွန်ကျောက်စာသည် လည်းကောင်း၊ အာမနာကျောင်း ကျောက်စာသည် လည်းကောင်း၊ အနန္တသူရိယ၏ သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ ကဗျာသည် လည်းကောင်း၊ကျစွာမင်းကြီး လက်ထက်ရေး မြကန်ဘွဲ့လင်္ကာသည် လည်းကောင်း၊ မြန်မာစာပေ ယဉ်ကျေးမှုကို ကိုယ်စားပြုရပ် တည်သက်သေပြုလျက်ရှိသည်။

    မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု အသီးသီးတို့သည် ကမ္ဘာ့အလယ်၌ တသီးတခြားဖြစ်တည်နေပြီး ထူးခြား၍ခမ်းနားလှသော ဂုဏ်သိက္ခာတရားတို့နှင့်ပြည့်စုံကြွယ်ဝလှကြောင်း သမိုင်းယဉ်ကျေးမှု အထောက် အထားများက ဖော်ပြလျက်ရှိသည်။ မြန်မာတို့၏ ခေတ်အဆက်ဆက်စာပေ ထုံးဖွဲ့မှုများဖြစ်သော ကဗျာ၊ လင်္ကာ၊ ရတု၊ ဧချင်း၊ အိုင်ချင်း၊ကာချင်း၊ တျာချင်း၊ သဖြန်၊ ဒွေးချိုး၊ လေးချိုး၊ အဲ၊ ပျို့၊ မော်ကွန်း၊ သံပေါက်၊ လူးတား၊ တမ်းချင်း၊ သီချင်း၊ သီချင်းကြီး၊ သီချင်းခံ၊ ပြဇာတ်၊ စကားပြေ၊ သာချင်း၊ အဲချင်း၊ နတ်ရိုင်သံ၊ရကန်  ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်သံ၊ ဗုံကြီးသံစသည် စာပေကဗျာမျိုးစုံတို့ကို တအံ့တသြတွေ့ရသည်။ ကျွန်တော်တို့သည် မိဘ၊ဘိုးဘွား၊ ဘီဘင် အစဉ်အဆက်က ပြုစုထားရှိခဲ့သော စာပေယဉ်ကျေးမှု အစုစုတို့ကို အစဉ်အဆက်စောင့်ရှောက် ကာကွယ်ထိန်းသိမ်းကြရမည်မှာ အမျိုးသားရေးတာဝန်ကြီးဖြစ်သည်။ ထို့အတူအနာဂတ်တွင် ကျွန်တော်တို့၏သား၊ မြေး၊ မြစ်၊တီ၊ကျွတ်၊ဆက်တို့ လက်ထက်သို့ ဆက်လက်၍ အမွေကောင်းများ ပေးအပ်ကြရမည်ဖြစ်သည်။

   ၂၀၂၁ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၁၃၈၄ ခုနှစ် နတ်တော်လဆန်း ၁ ရက် (၂၃-၁၁-၂၀၂၂)တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန် ဗန်းရှင်းစင်တာတွင် ကျင်းပပါသည်။ ဤသည်မှာနေပြည်တော်တွင် ဤစာပေဆုနှင်းသဘင် အခမ်းအနားမှာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပေရာ ဆုချီးမြှင့်ခံခဲ့ကြရသည့် စာပေပညာရှင်ကြီးများက အမျိုးဘာသာ သာနာကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ဖော်ပြနိုင်သည့် စာကောင်းပေမွန် များကို ဆက်လက်ရေးသား ဖွဲ့ဆိုနိုင်ကြပါစေကြောင်း ဆုတောင်းရင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။  ။

ဘုန်းမောင်ဝင်း(ဖျာပုံ)