မြစ်ကြီးနားမြို့နယ်နှင့် တာလေမြို့တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ အား တွေ့ဆုံ

မြစ်ကြီးနားမြို့နယ်နှင့် တာလေမြို့တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ အား တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၂၃        

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင် ခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်း ခန်းမ၌ လည်းကောင်း အသီးသီးတွေ့ဆုံသည်။

     ဦးစွာ တိုင်းမှူးများက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက် ဖွယ်ရာများနှင့် သုတ၊ ရသစာအုပ် /စာစောင်များ ပေးအပ်သည်။

    ထို့ပြင် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများ နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။