အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်)
စာပေနယ်ပယ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း
မြန်မာတို့၏ ဥတုသုံးပါးကာလအပိုင်းအခြားတွင် ဆောင်းဥတုကို တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့မှ တပေါင်းလပြည့်ကျော် တစ်ရက်နေ့အထိ သတ်မှတ်ထားပါသည်။ နတ်တော်လမှာ ဆောင်းဥတုကာလဖြစ်ပြီး နေရထိုင်ရသည်မှာ အေးအေးချမ်းချမ်း ရှိလှသည်။ သဇင်ဂမုန်းတို့သည် နတ်တော်လ၏ ရာသီပန်းဖြစ်သည်။ သဇင်ပန်းသည်ပင် မြင့်ထက်တွင်ပွင့်သောပန်းဖြစ်သည့်အတွက် ပန်းပျံပင်ဆင့်ဟူ၍ ရကန်တွင်ဖွဲ့ဆိုထားသည်။ သဇင်ပန်းမှာရှေးစာဆိုတို့ တခမ်းတနားစာဖွဲ့ရသော ပန်းဖြစ်သည်။ နန်းထိုက်တော်ဝင် ပန်းသဇင်ဟုစာဖွဲ့ရသော သဇင်ပန်းကို ရှေးကမင်းမိဖုရားတို့ ပန်ဆင်ပြီးမှသာ ပြည်သူများ ပန်ဆင်ကြရသည်။
ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်လရာသီဖွဲ့ကဗျာစာပေတွင် နတ်တော်လနှင့်ပတ်သက်၍ “ရှစ်ခွင်မှာ မြူဆင်းလို့၊ ငွေနှင်းတဲ့စိုစို။ ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချိုညင်းက၊ သုတ်သွင်းဘယ်ညာနှံ့၊ သင်းပျံ့ပျံ့ချို။ ယုဂန္ဓိုရ်၊ တောင်မိုထိပ်ဖျား။ ငွေလစန္ဒီနှင့် မိဂသီ ရောင်ခြည်ထူးတယ်၊ မြူးတူကြသွား။” ဟူ၍လေးချိုး ရေးဖွဲ့ထားရှိသည်။ဂမုန်းသည်လည်း သစ်ပင်ကြီးများအပေါ် ကိုင်းခွတို့အပေါ်၌ ပေါက်ရောက်သောပန်း ဖြစ်သည်။ ရှေးစာဆိုကြီးများသည် ရာသီဘွဲ့များရေးဖွဲ့လျှင် လနှင့်ရာသီ၊ ရာသီနှင့်ပန်း၊ ကောင်းကင်နက္ခတ် များ၊ ပတ်ဝန်းကျင်မြင်ကွင်းအလှ၊ တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်၊ ကျေးငှက်တို့ကိုစုံလင်အောင် ရေးဖွဲ့ကြသည့်အတွက် ယနေ့ထက်တိုင်စံထား မှတ်သားနေကြရသည်။ ထို့ကြောင့် စာဆိုတော်ကြီးများ၏ ကျေးဇူးကား စာပေလောကအတွက် ဆပ်၍ မကုန်နိုင်အောင်ဖြစ်သည်။
ရှေးမြန်မာမင်းများလက်ထက်က နတ်တော်လတွင် စာဆိုတော်များအပါအဝင် မင်းမှုထမ်းများကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်သည့် အစဉ်အလာရှိခဲ့သည်။ ကိုလိုနီခေတ်တွင် စာရေးဆရာအသင်းပေါ်ပေါက်လာပြီး နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ အဖြစ် သတ်မှတ်ခဲ့သည်။ နတ်တော်လသည် သဘာဝပတ်ဝန်းကျင်သာယာသည်။ နတ်တော်လ၏ ရာသီပွဲကို စာဆိုတော်ပွဲဟု သတ်မှတ်ခဲ့ကြသည်။ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် စာပေဆုပေးပွဲများ၊ ဟောပြောပွဲများ ကျင်းပသည့်အစဉ်အလာ ထွန်းကားနေပြီဖြစ်သည်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုတွင် အသိဉာဏ်အတွေးအခေါ်မှန်ကန်ရေးသည် အထူးအရေးကြီး ပေသည်။ စာပေသည် လူသားတို့ကို အတွေးအခေါ်မှန်ကန်စေရန်၊ အသိဉာဏ်ဗဟုသုတတိုးပွားစေရန်၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန်၊ လူသားအရင်းအမြစ် အရည်အသွေးတောက်ပြောင်စေရန် ထိန်းကျောင်းတည့်မတ် ပေးလျက် ရှိသည်။
နိုင်ငံသားတိုင်းမှန်ကန်သော အတွေးအခေါ်ရှိနေမှသာ မိမိအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း ကောင်း သော အကျိုးတရားများ ရရှိလာမည်ဖြစ်သည်။ မြန်မာ့သမိုင်းရေစီးကြောင်းတွင် စာပေပညာရှင်ကြီးများသည် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ကလောင်လက်နက်ဖြင့် အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်းခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် စာရေးဆရာတို့သည် ဓားသွားထက်ကလောင် သွားထက်ခဲ့ကြသည်။ ဓားလှံစသောလက်နက်ဖြင့်တိုက်ခိုက်မှုထက် စာပေ လက်နက်ဖြင့် စည်းရုံးလှုံ့ဆော်မှုများကပိုမို၍ ထိရောက်အောင်မြင်ခဲ့သည်။
လူသားတိုင်းအတွက် စာပေမှပေးသောအသိဉာဏ်သည် ဘဝတစ်လျှောက် အလင်းဆောင်နိုင်သည်။ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်အောင် စာပေကစွမ်းဆောင်ပေးနိုင်သည်။ လောကီလောကုတ္တရာတွင် စာပေအသိဖြန့်ကြက်ခြင်းဖြင့် ရင့်ကျက်လာ စေနိုင်သည်။ မြန်မာနိုင်ငံသည် စာပေယဉ်ကျေးမှုမြင့်မားသောနိုင်ငံအဖြစ် လွန်ခဲ့သောနှစ်ပေါင်းများစွာမှ ယနေ့တိုင်ရပ်တည်လျက် ရှိသည်။ စာပေရေးသားသူများမှာ စိတ်ကောင်းထား၍စာကောင်းများရေးသားကာ တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြသူများ ဖြစ်သည်။ ဤသို့ တိုင်းကျိုးပြည်ပြုစာပေများကို ရေးသားသည့် စာပေပညာရှင်များကို နိုင်ငံတော်က အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုတို့ကို နှစ်စဉ်နတ်တော်လရောက်တိုင်း ချီးမြှင့်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၃၈၄ ခုနှစ် နတ်တော် လဆန်း ၁ ရက်နေ့(စာဆိုတော်နေ့)တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC-2 ၌ကျင်းပ သော ၂၀၂၁ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ချီးမြှင့်ခြင်း အခမ်းအနားတွင် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားရာ၌ “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ အရေးပါ သကဲ့သို့ ဉာဏပစ္စည်းများဆိုင်ရာများမှာလည်း ထပ်တူအရေးကြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စာပေနှင့် အနုပညာ ရပ်များမှာ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ် ရာတွင် အဓိကအခြေခံကျလှပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက် ကလောင်စွမ်းဖြင့် ဆက်လက်သယ်ပိုးကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။