စာဆိုတော်နေ့မှသည် အမျိုးသားစာပေမြင့်မားရေး
ပုဂံခေတ်ကျောက်စာများတွင် နတ်တော်လကို နတ္တဝ်၊ နတ်တဝ် စသည်ဖြင့် အမျိုးမျိုးရေးထိုးခဲ့ ကြပေသည်။ ထိုလကို ဗေဒင် အခေါ်အားဖြင့် “ဓနု” ရာသီဟုခေါ်သည်။ “ဓနု” ဟူသော ပါဠိပုဒ်ကား “လေး”ဟု အဓိပ္ပာယ်ရ၏။ ရာသီရုပ်မှာ လေးဆွဲသော ယောကျ်ား သဏ္ဌာန်ဖြစ်သည်။ နတ်တော်လ၏
နက္ခတ်မှာ “မိဂသီ” နက္ခတ်ဖြစ်ပြီး ရာသီပန်းသည် ဂမုန်းပန်းနှင့်သဇင်ပန်းတို့ဖြစ်သည်။ တော်ဝင်သဇင်ပန်းများ ဖူးပွင့်ကြသည့် နတ်တော်လရာသီတွင် ရှေးမြန်မာဘုရင်များသည် မဟာဂီရိနတ်ပွဲ၊ မဟာပိန္နဲနတ်ပွဲနှင့် ဆင်ဖမ်းပွဲများကို ကျင်းပလေ့ရှိကြသည်။ ထို့ကြောင့် “နတ်တော်ခါမှီ၊ ဓနုချီ၊ မိဂသီရောင်စုံဆန်း၊ သဇင်ဖူးအင်၊ ဂမုန်းအင်၊ သဘင်ဆင်တော်ဆန်း”ဟု ကင်းဝန်မင်းကြီး ဦးကောင်းက နတ်တော်လ သံပေါက်ကဗျာကို ရေးဖွဲ့ခဲ့သည်။ ယခုခေတ်တွင် နတ်ပူဇော်ပွဲများအစား စာဆိုတော်ပွဲများ ကျင်းပကြ၍ နတ်တော်လကို စာဆိုတော်လရာသီဟု ခေါ်လေသည်။ နတ်တော်လသည် နေ့တာတို၍ ညတာရှည်သောလ ဖြစ်သည်။
နတ်တော်လ၏ အဓိပ္ပာယ်မှာ အရှင်နတ်မင်း (နတ်တော်)များကို ပူဇော်ပသသောလဟု ဆိုလိုသည်။ နတ်ပူဇော်ပွဲ ကျင်းပသောလ ဖြစ်သောကြောင့် မြန်မာမှုတွင် နတ်တော်လဟုအမည်ပေးခဲ့ခြင်း ဖြစ်သည်။ ပုဂံမင်းအဆက်ဆက်တို့ ပုပ္ပားတောင်သို့တက်၍ မဟာဂီရိနတ်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိကြသည်။ အနော်ရထာမင်းနန်းတက်စဉ် နတ်ကိုးကွယ်မှုကို နှိမ်နင်းဖျက်သိမ်း၍ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခြင်းဖြင့် စာပေဖြင့်ကျော်ကြားသော ရဟန်းရှင်လူစာဆိုများကို ချီးမြှင့်ခြင်း၊ ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ပြီး စာဆိုတော်ပွဲအဖြစ် ကျင်းပကြသည်။
စာဆိုတော်နေ့ဖြစ်ပေါ်လာပုံ
နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ ယင်းစာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် ပညာရေးဝန်ကြီး ဦးလှမင်း၊ ဒီးဒုတ်ဦးဘချို၊ သူကြီးဂေဇက် ဦးခင်မောင်၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးကောင်း၊သူရိယဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ မြို့မဆရာဟိန်စသော မြန်မာနိုင်ငံစာရေးဆရာများအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာ လူကြီးများ ညှိနှိုင်းသတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ စာဆိုတော်နေ့ကို စာရေးဆရာများ အသင်းဖွဲ့စည်းပြီးနောက် လေးနှစ်မြောက် တွင်မှ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာများအသင်းဟူ၍ မရှိသေးဘဲ စာရေးဆရာ အချို့ဖွဲ့စည်းထားသော ကလောင်အဖွဲ့တစ်ခုသာရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ် စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲလ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာသောအခါ စာရေးဆရာများက စုပေါင်း၍ ကျင်းပသောဧည့်ခံပွဲနှင့် ဆရာကြီး ပီမိုးနင်းကွယ်လွန်၍ ဈာပနကိစ္စတို့တွင် စာရေးဆရာများ စုစည်းမိကြရာမှ ဒီးဒုတ်ဦးဘချို ဦးဆောင်၍ စာရေးဆရာများအသင်းကို ထူထောင်ကြသည်။ မူလက မြန်မာနိုင်ငံစာရေးဆရာများ အစည်းအရုံးဟု ခေါ်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် စာရေးဆရာများအသင်းကို ပြန်လည် စုစည်းခဲ့ပြီးလျှင် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းဟု မှည့်ခေါ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် မြန်မာနိုင်ငံ ပညာ့တံခွန်အသင်း၏ဌာနခွဲကို ကွမ်းခြံကုန်းမြို့၌ ဖွင့်လှစ်ထားခဲ့သည်။ ကွမ်းခြံကုန်း မြို့ရှိ မြန်မာနိုင်ငံ ပညာ့တံခွန်အသင်း၏ ဌာနခွဲသည် ၁၉၄၄ ခုနှစ် နှစ်ဦးပိုင်းတွင် စာဆိုဦးပုညကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ကျင်းပနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံအရပ်ရပ်တွင်လည်း ဦးပုညနေ့ အထိမ်းအမှတ်ပွဲများကျင်းပရန် လှုံ့ဆော်ခဲ့လေသည်။ ထိုအခါက ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ ပညာ့တံခွန်အသင်းနှင့်တကွ ထိုကာလသက်ဆိုင်ရာဝန်ကြီးဌာနသည် ဦးပုညနေ့အထိမ်းအမှတ် ကျင်းပရေးကိစ္စကို အရေးယူဆောင်ရွက်သောအားဖြင့် ၁၉၄၄ ခုနှစ် မေလ ၁၂ ရက်တွင် ပညာ၊ ကျန်းမာ၊ စည်ပင်သာယာဌာနဝန်ကြီး၏ ရုံးခန်း၌ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့သည်။
ထိုအစည်းအဝေးကဦးပုညနေ့ဟူ၍ စာဆိုတစ်ဦးတည်းကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့အဖြစ် သတ်မှတ်ကျင်းပမည့်အစား စာဆိုတော်အားလုံးကို ဂုဏ်ပြုရည်ညွှန်းသောနေ့တစ်နေ့ သတ်မှတ်သင့်ကြောင်း စာဆိုတော်နေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေး ဆုံးဖြတ်ခဲ့သည်။ တစ်ဆက်တည်းပင် မည်သည့်ကာလ အပိုင်းအခြားကို စာဆိုတော်နေ့အဖြစ် သတ်မှတ်သင့်ကြောင်းဆွေးနွေးကြရာ နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ထိုအခါမှစ၍စာဆိုတော်နေ့ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်လေသည်။
ပထမဆုံးအကြိမ် စာဆိုတော်နေ့အဖြစ် နတ်တော်လဆန်း ၁ ရက်နေ့ နံနက်ပိုင်းတွင် ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံ၌ သက်ရှိစာဆိုတော်ကြီးများကို စာရေးဆရာများက လက်အုပ်ချီကန်တော့ခဲ့ကြပြီး ညနေပိုင်းတွင် ဗမာ့ခေတ်သတင်းစာတိုက်၌ မိတ်ဆုံလက်ဖက်ရည်ပွဲ တည်ခင်းသုံးဆောင်ကာ ညပိုင်းတွင် မြိုင်ပြဇာတ်ရုံ၌ ပဒေသာကပွဲ ကပြ ဖျော်ဖြေခဲ့သည်။ရန်ကုန်မြို့တွင် စာရေးဆရာအသင်းကကြီးမှူး၍ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နံနက်ပိုင်း၌ သက်ရှိစာဆိုတော်ကြီးများကို ကန်တော့ခြင်း၊ စာရေးဆရာအသင်းဥက္ကဋ္ဌက စာပေဆိုင်ရာ မိန့်ခွန်းမြွက်ကြားခြင်း၊ ညပိုင်း၌စာပေဆိုင်ရာ ပြဇာတ် သို့မဟုတ် ပဒေသာကပွဲ ကပြလာခဲ့သည်မှာ ၁၉၅၀ ပြည့်နှစ်အထိဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပသော စာဆိုတော်နေ့ အခမ်းအနားကို လူထုအခမ်းအနားကြီး တစ်ခုအသွင် စတင်ကျင်းပကာ စာဆိုတော်နေ့ကို ပြည်သူတစ်ရပ်လုံး၏ နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့ကြလေသည်။
စာဆိုတော်ပွဲ
ရှေးမြန်မာဘုရင်များလက်ထက်က နတ်တော်လတွင် ဆင်ဖမ်းပွဲနှင့် ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင်းသဘင်ပွဲ တို့ကိုလည်း ခမ်းခမ်းနားနား ကျင်းပလေ့ရှိကြသည်။ နတ်တော်လတွင် ရာသီပွဲတော်အဖြစ် ထူးထူးခြားခြား ပေါ်ထွက်လာသည့် ပွဲကား “စာဆိုတော်ပွဲ” ပင်ဖြစ်သည်။ စာဆိုတော်ဆိုသည်မှာ ဘုရင်ခေတ်ကတွင်ကျယ်ခဲ့သော ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ် သည်။ ဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသား၊ ဘုရင့်သားတော်၊ သမီးတော်တို့ ဘုန်းတန်ခိုးကြီးပုံ၊ လက်ရုံးရည်၊ နှလုံးရည်ထူးချွန်ပုံတို့ကို ချီးကျူးဖွဲ့ဆိုသူများအား စာဆိုတော်ဟု ခေါ်ခဲ့ကြသည်။ ယခုခေတ်၌မူ စာဆိုတော်ဟူသော ဝေါဟာရသည် ပြည်သူ့စာပေလုပ်သား၊ စာရေးဆရာအားလုံးနှင့် သက်ဆိုင်သောကြောင့် စာရေးဆရာများကို စာဆိုတော်ဟု ခေါ်ဆိုကြလေသည်။ ယခုအခါ နှစ်စဉ်နတ်တော် လဆန်း၁ ရက်နေ့၌ ထူးချွန်စာဆိုတော်များအား ဆုချီးမြှင့်ခြင်း၊ သက်ကြီးစာဆိုတော်များအား ဂါရဝပြုကန်တော့ခြင်းများဖြင့် စာဆိုတော်ပွဲကို ကျင်းပကြသည်။
စာဆိုတော်နေ့မှသည်အမျိုးသားစာပေ
စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့်အတိုင်းစာပေသည် လူသားတိုင်းအတွက် အရေးပါပေသည်။ စာပေဟူသည်ကား လူမျိုး၏ အသက်ပင်ဖြစ်သည်။ စာပေကွယ်ပျောက်လျှင် လူမျိုးလည်း ပျောက်ကွယ်သွားတတ်ပေသည်။ စာပေသည်နိုင်ငံနှင့် လူမျိုးတို့၏ အဆင့်အတန်းကိုလည်း ဖော်ညွှန်းပြသနိုင်သော အညွှန်းတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် သုတရသစာပေမှသည် အမျိုးသားစာပေ တို့သည်နိုင်ငံတော်အတွက် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ပင်ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်လည်လေ့လာ သုံးသပ်လျှင် အမျိုးသားစာပေသည်လည်း အနှိုင်းမဲ့သော စွမ်းအားတည်ရှိနေပေသည်။ မြန်မာစာသည် တို့စာ၊ တို့စာကိုချစ်ပါဟူသော စာပေလှုပ်ရှားမှုဖြင့် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့သည်။ အမျိုးသားစာပေသည် နိုင်ငံ့ဂုဏ်ရောင်ကို ထွန်းပြောင် စေခဲ့သော ဆီမီးတိုင်တစ်ခုပင်ဖြစ်ပေသည်။
စာပေတွင်သုတစာပေနှင့် ရသစာပေဟူ၍ နှစ်မျိုးရှိသည်။ သုတစာပေကိုဖတ်လျှင် နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်း စဉ်လာများ၊ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ခေတ်မီတိုးတက်လာသောခေတ်အခြေအနေများကို စုံလင်စွာသိရှိနိုင်သည်။ ရသစာပေကိုဖတ်ရှုလျှင် လူ့သဘာဝ၊ လူ့လောက၏ အဆိုးအကောင်း၊ အကျိုးအပြစ်တို့ကို သိမြင်နိုင်ပေလိမ့်မည်။ အမျိုးသားစာပေဟု ဆိုရာ၌ သုတရသအားလုံးကိုသိမြင်စေနိုင်သော စာပေပင်ဖြစ်သည်။ အမျိုးသားစာပေသည် မျိုးချစ်စိတ်ဓာတ်ရှင်သန်ခြင်း၊ အမျိုးသား ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိစေခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်စေခြင်း စသည့် ကောင်းကျိုးဟူသမျှကို ပေးစွမ်းနိုင်သောဂုဏ်ရည်နှင့်ပြည့်ဝပေသည်။ ထို့ကြောင့်ပင် နိုင်ငံနှင့်လူမျိုးအတွက် စာပေတာဝန် ထမ်းဆောင်လျက်ရှိသော စာပေပညာရှင်များအား စာဆိုတော်နေ့ အခမ်းအနားများ ကျင်းပ၍ ဂုဏ်ပြုကြခြင်းပင်ဖြစ်သည်။
အမျိုးသားစာပေမြင့်မားရေး
အမျိုးသားစာပေမြင့်မားရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ နည်းပညာနှင့်အပြိုင် အသက်မွေး ဝမ်းကျောင်းပြုရသော ပညာခေတ်သို့ရောက်ရှိလာခဲ့ပေသည်။ ပညာခေတ်တွင် စာပေသည်လူသားတို့နှင့် ကင်းကွာ၍ မရတော့ပေ။ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာသော စာပေမှသည် မျက်မှောက်ခေတ်စာပေရေးရာများကို လိုအပ်သလို လေ့လာကြရတော့မည်။ ခေတ်စနစ်များ ပြောင်းလဲလာသော်လည်း မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် ဓလေ့ထုံးစံများ၊ သမိုင်းအမွေအနှစ်များသည် ရှေးခေတ်စာဆိုတို့၏ သမိုင်းမှတ်တမ်းစာပေများတွင်သာ လေ့လာသိရှိနိုင်ပေသည်။ ထို့ကြောင့်ပင် မြန်မာ့အမွေ၊ သမိုင်းအမွေဖြစ်သော မြန်မာ့စာပေ (အမျိုးသားစာပေ)ကိုထိန်းသိမ်း၍ ဖတ်ရှုလေ့လာကြပြီး ခေတ်နှင့်အညီ ဖော်ညွှန်း ပြသကြရပေမည်။
သို့မှသာအမျိုးသားစာပေ အဆင့်အတန်းပိုမိုမြင့်မား၍ အမျိုးသားရေးစိတ်ဓာတ်လည်း ပို၍ရင့်သန်လာပေလိမ့်မည်။ ထို့ကြောင့် ဆရာဇော်ဂျီ၏ သင်သေသွားသော်ကဗျာစာသားနှင့်အတူ သင်သေသွားသော်၊ သင်၏မျိုးသား၊ စာစကားလည်း၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ဆိုသည့်အတိုင်း အမျိုးသားစာပေမြင့်မားရေးကို နိုင်ငံသားတိုင်းဝိုင်းဝန်း ကြိုးပမ်းကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။
မေတ္တာမိုးနှင်း(ပဲခူး)