တပ်မတော်နှင့် နိုင်ငံတော်၏ ပုံရိပ်ကိုမြှင့်တင်နိုင်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းရေး

တပ်မတော်နှင့် နိုင်ငံတော်၏ ပုံရိပ်ကိုမြှင့်တင်နိုင်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းရေး

    ၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က  နေပြည်တော်  ဇေယျာသီရိတပ်မတော် အားကစားကွင်းမှာ ကျင်းပပါတယ်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပါတယ်။ စစ်ရေးပြမှူးကြီး ဦးဆောင်တဲ့ အလံတော်အဖွဲ့နဲ့ အားကစားသမားများရဲ့  အလေးပြုခြင်းကို ခံယူပြီး အားကစားပြိုင်ပွဲမိန့်ခွန်း ပြောကြားပါတယ်။

အားကစားပြိုင်ပွဲမှာ  အားကစားနည်း (၁၀)မျိုးထည့်သွင်း ကျင်းပပါတယ်။ ပြိုင်ပွဲအားကစားနည်းများအနက်   မြန်မာ့သိုင်းပြိုင်ပွဲကို  ၂၀၁၉ ခုနှစ်က စတင်ပြီး ထည့်သွင်းယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့သိုင်းပညာရပ်ဟာ မြန်မာတိုင်းရင်းသားတို့ရဲ့ ဇာတိသွေး၊  ဇာတိမာန်ထက်သန်မှု၊    ရဲရင့်ဖျတ်လတ်မှုနှင့် ကိုယ်ကာယကြံ့ခိုင်မှုတွေကိုပြသတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အတိတ်ကာလက တိုင်းတစ်ပါးနယ်ချဲ့တွေကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်ခဲ့တဲ့  မြန်မာ့သမိုင်းမှာ  မြန်မာ့ဓားရေးစွမ်းရည်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်ခဲ့ပါတယ်။ ကာကွယ်ရေး ကဏ္ဍမှာ  အမျိုးသားများနည်းတူ ပါရမီဖြည့်ဖက်များရဲ့ ကဏ္ဍမှာလည်း အရေးပါတာကြောင့် ပြေးခုန်ပစ်၊ ဂျူဒို၊ ဘော်လီဘော၊ သေနတ်ပစ်စတဲ့ပြိုင်ပွဲတွေမှာ အမျိုးသမီးပွဲစဉ်တွေ  ထည့်သွင်းထားကြောင်း သိရှိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာမှာ ”ယနေ့ကျင်းပသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲအသီးသီးမှ တစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်ပြီး အောင်မြင်မှုရရှိသူများ ဖြစ်အောင်ကြိုးစားကြရန်၊ အားကစားကဏ္ဍ မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်ကို  တစ်ဖက်တစ်လမ်းက    ကာကွယ်စောင့်ရှောက်နေသည်ဟူသည့် အသိတရားမွေးမြူပြီး မလျှော့သော ဇွဲ၊ လုံ့လများနှင့်   ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ အတိတ်က  နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့်  တပ်မတော်သား အားကစားသမားများ၏ ကောင်းမွေများကို ခံယူပြီး  နောင်လာနောက်သား   မျိုးဆက်သစ် အားကစားသမားများအတွက် စံနမူနာပြ  လက်ဆင့်ကမ်း အမွေပေးနိုင်အောင် ကြိုးစားကြရန်၊     စစ်သားကောင်း၊ အားကစားသမားကောင်း  ပီသသည့် စိတ်ဓာတ်များဖြင့် တပ်မတော်နှင့်နိုင်ငံတော်၏ ပုံရိပ်ကိုမြှင့်တင်နိုင်သည့်  အားကစားသမားကောင်းတွေ ဖြစ်အောင်  ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ဖြင့် ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲစတင်ဖွင့်တဲ့နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့် ဘောလုံးပြိုင်ပွဲမှာ ပထမအကြိုဗိုလ်လုပွဲအဖြစ်  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့ရဲ့ယှဉ်ပြိုင်မှုကို မြင်တွေ့ရပါတယ်။   အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်ကိုယ်စားပြု အသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲစတင်တဲ့ ရက်ကစလို့ နေ့စဉ်ရုပ်မြင်သံကြားနဲ့  သတင်းစာတွေမှာ သတင်းထုတ်ပြန် ပေးလျက်ရှိပါတယ်။

အားကစားပြိုင်ပွဲဝင် အားလုံး တက်ကြွတဲ့ အားမာန်၊ မလျှော့တဲ့ဇွဲ၊ ရေကုန်ရေခန်း  အနိုင်မခံ အရှုံးမပေးတဲ့စိတ်နဲ့ယှဉ်ပြိုင်မှုတွေကို ရုပ်မြင်သံကြားမှာ ကြည့်မြင်ရတာ အလွန်ပဲအားတက်ဖွယ် ကောင်းလှပါတယ်။ ပြေးခုန်ပစ်ပြိုင်ပွဲဝင်တွေရဲ့ သူ့ထက်ငါအပြိုင်အဆိုင်ယှဉ်ပြိုင်မှုတွေ၊ လက်ဝှေ့ပြိုင်ပွဲဝင်တွေရဲ့  ရေကုန်ရေခန်း ယှဉ်ပြိုင်မှုတွေ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင်တွေရဲ့ အခုန်အပျံ အဟန့်အတား ယှဉ်ပြိုင်မှုတွေဟာ မြန်မာ့အားကစားမြင့်မားရေး အတွက် ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု စတဲ့အခြေခံအချက်တွေနဲ့ ကိုက်ညီလျက်ရှိပါတယ်။

၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲမှာ ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို(ကျား/မ)ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊   မြန်မာ့သိုင်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကရာတေးပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲနှင့် သေနတ်ပစ်(ကျား/မ)ပြိုင်ပွဲများ ပါဝင်ပြီး  နိုဝင်ဘာ ၂၅ ရက်အထိယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ပြိုင်ပွဲတွေကိုတော့   သတ်မှတ်နေရာတွေမှာ ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၂ ရက်နေ့   ဇေယျာသီရိတပ်မတော် အားကစားကွင်းမှာ ကျင်းပနေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်တဲ့  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်  ကိုယ်စားပြု ဘောလုံးအသင်းနဲ့  အရှေ့တောင်တိုင်းစစ် ဌာနချုပ်ကိုယ်စားပြုဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပါတယ်။ အဲဒီပွဲစဉ်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 အားကစားပြိုင်ပွဲလို့ ဆိုလိုက်တာနဲ့ ပြည်သူတစ်ရပ်လုံး   စိတ်အဝင်စားဆုံး အားကစားက ဘောလုံးအားကစားပဲ ဖြစ်ပါတယ်။ မြန်မာဘောလုံးအသင်း နိုင်ပွဲတွေဆက်နေရင် ပြည်သူတွေရဲ့ မျက်နှာတွေပျော်ရွှင်နေကြပါတယ်။ ဘယ်နေရာမှာ ကြည့်ကြည့် မြန်မာဘောလုံးအသင်းရဲ့အောင်မြင်မှုကိုပြောမဆုံး၊ နားထောင်လို့ မဆုံးဖြစ်ခဲ့ကြတာပါ။ စာရေးသူတို့ငယ်စဉ် (မြန်မာ့အသံရေဒီယိုခေတ်)က  ခုလိုမျိုး ရုပ်မြင်သံကြားကနေ ဘောလုံးကန်နေတဲ့သူတွေကိုမြင်ရတဲ့ ကာလမဟုတ်သေးပါဘူး။

ဘောလုံးပွဲကြေညာတဲ့သူတွေက  သူတို့ကိုယ်တိုင် ဘောလုံးပွဲထဲမှာ ဝင်ကန်နေသလိုမျိုး တက်တက်ကြွကြွကြေညာနေတာကြောင့် ပြည်သူတွေ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ အဲ့တုန်းက တိုင်းနဲ့ပြည်နယ်ပွဲတွေ၊ တပ်မတော်ဘောလုံး ပြိုင်ပွဲတွေကနေတစ်ဆင့် ထူးချွန်သူတွေကို နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခဲ့ကြတာပါ။

မြန်မာ့ဘောလုံးအသင်းရဲ့ ရွှေခေတ်ဆိုတာရှိခဲ့ပါတယ်။    ပြန်လည်တမ်းတ လွမ်းမောဖွယ်ကောင်းလှပါတယ်။ ၁၉၉၅- ၁၉၉၆ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကလည်း ပြည်သူတွေရဲ့ အသည်းစွဲဖြစ်ခဲ့ပါတယ်။ ဘောလုံးအားကစားပြိုင်ပွဲ ဆိုတာကလည်း ပြိုင်ပွဲမှာပါဝင်တဲ့ ဒိုင်လူကြီးကစလို့ အားလုံးကောင်းပါမှ ဘောလုံးပွဲရဲ့ အဆုံးအဖြတ်ဟာ မှန်ကန်မှုရှိမှာပါ။ ထို့အတူ ဘောလုံးအသင်းဆိုတာ “တစ်ယောက်မကောင်းရင်လည်း အများခံရတတ်ပါတယ်” ဆိုစကားအတိုင်းပါပဲ။ အားလုံးက တက်ညီလက်ညီနဲ့ အားကစားစိတ်ဓာတ် အပြည့်နဲ့  ယှဉ်ပြိုင်နိုင်ကြဖို့လိုပါတယ်။

အားကစားစိတ်ဓာတ်ကို ညွှန်းဆိုရာမှာ သည်းခံမှု၊ ဇွဲရှိမှု၊ အနစ်နာခံမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ ရေသာမခိုမှု၊ စုပေါင်းစိတ်ဓာတ်ရှိမှု၊ ဥပဒေကိုလေးစားတတ်မှု၊

မှန်ကန်သောဆုံးဖြတ်ချက်ကို မငြိုမငြင် ခံယူတတ်မှု၊ အရှုံးကိုအပြုံးနှင့် ရင်ဆိုင်တတ်မှု၊  တရားသောယှဉ်ပြိုင်မှုနှင့် အောင်မြင်မှုကို ရယူတတ်မှုတို့ဖြစ်တယ်လို့  ဆိုကြပါတယ်။ အားကစားစိတ်ဓာတ်ပြည့်ဝတဲ့ အားကစားအသင်းဟာ အောင်မြင်မှုရမှာပါပဲ။ စုပေါင်းစိတ်ဓာတ်စွမ်းအင်တွေ မြင့်မားလာပါမယ်။

ဘောလုံးပြိုင်ပွဲအပါအဝင် အားကစား ပြိုင်ပွဲတွေ ကျင်းပတော့မယ်ဆိုရင် မဖြစ်မနေ ပါဝင်လာရသူတွေကတော့ အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီနဲ့ အားကစားကွင်း အခြေအနေတို့ပဲဖြစ်ပါတယ်။ အားကစားသမားဆိုရာမှာ   လေ့ကျင့်မှုပြည့်ဝတဲ့ အားကစားသမား တစ်ဦးဟာ မိမိကစားမယ့် ကစားနည်းအား ယှဉ်ပြိုင်နိုင်သည်အထိ လေ့ကျင့်ထားဖို့ လိုပါတယ်။ အချိန်ပြည့် ယှဉ်ပြိုင်ကစားနိုင်ရန် အရေးကြီးပါတယ်။ လေ့ကျင့်မှုမပြည့်ဝတဲ့ အားကစားသမား တစ်ဦးဟာ မောပန်းလာတဲ့အခါ မိမိရဲ့နဂိုရှိတဲ့   အားကစား စွမ်းဆောင်မှုတွေလျော့နည်းလာပြီး မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။

အားကစားသမားမှာ   အားကစား စိတ်ဓာတ်ပြည့်ဝနေဖို့အတွက် ဦးစွာလိုအပ်ချက်က လေ့ကျင့်သားပြည့်ဝမှုပါပဲ။

တပ်မတော်သားတွေ တစ်ဦးချင်းပြည့်စုံရန် ကြိုးစားဖို့ သတ်မှတ်ထားတဲ့ အားဆယ်ပါးရှိပါတယ်။ ဒီအားဆယ်ပါး သတ်မှတ်ချက်ဟာ အားကစားသမား တစ်ဦးအနေနဲ့လည်း ရာနှုန်းပြည့် သက်ဆိုင်ပါတယ်။ အလျဉ်းသင့်လို့ဖော်ပြရရင် သစ္စာစောင့်သိမှု၊  အမိန့်နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲသတ္တိပြည့်ဝမှု၊   စစ်စည်းကမ်းကောင်းမွန်မှု၊ လေ့ကျင့်သားပြည့်ဝမှု၊ တိုက်ရည်ခိုက်ရည်ပြည့်ဝမှု၊ ကျန်းမာကြံ့ခိုင်မှု၊ အချင်းချင်း ရဲဘော်စိတ်ထားရှိမှု၊ စွန့်လွှတ်စွန့်စားမှု၊ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင်  ဆောင်ရွက်မှုတို့ပဲဖြစ်ပါတယ်။ အားကစားသမားတိုင်းမှာ တပ်မတော်သားတွေလို အားဆယ်ပါးနဲ့ပြည့်စုံနေရင်၊ ပြည့်စုံ အောင်ဖြည့်ဆည်း နိုင်မယ်ဆိုရင် မြန်မာ့အားကစား အဆင့်အတန်းမြင့်မားလာမှာ သေချာပါတယ်။ အားဆယ်ပါးနောက်ဆုံး အချက်ဖြစ်တဲ့ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်မှုဆိုတာ တကယ့်ကို အချက်အချာ ကျလွန်းလှပါတယ်။

ရွှေတံဆိပ်ဆုရှင်တွေကို မီဒီယာတွေက တွေ့ဆုံမေးမြန်းတိုင်းမှာ တူညီသောအဖြေကဒါပါပဲ။ အောင်ရမယ်၊  နိုင်ရမယ်၊ ရွှေတံဆိပ်ရရမယ်ဆိုတဲ့  သန္နိဋ္ဌာန်စိတ်ကို ကြားသိရပါတယ်။ စိတ်ဓာတ်ခိုင်မာမှုနဲ့ ဇွဲသတ္တိဟာ အောင်မြင်မှုရဲ့အုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ အားဆယ်ပါးနဲ့ ပတ်သက်လို့ပြောရရင် တပ်မတော်သားတွေသာမက အားကစားလောကသမားတွေလည်း

အားဆယ်ပါးနဲ့ ပြည့်စုံအောင်လေ့ကျင့် ဖြည့်ဆည်းကြဖို့လိုပါမယ်။ သစ္စာစောင့်သိမှုဆိုတာ ငါ့နိုင်ငံအတွက် အောင်မြင်မှုရအောင် ငါပြိုင်ပွဲဝင်မယ်၊   နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ရှိနေကြရပါမယ်။ အားကစားအောင်မြင်ခြင်းဟာ နိုင်ငံ့ဂုဏ်ကို ဆောင်ခြင်းပဲဖြစ်ပါတယ်။         

အားကစားပြိုင်ပွဲတွေမှာ မဖြစ်မနေရှိနေရမှာက ဒိုင်လူကြီးပဲဖြစ်ပါတယ်။ ဒိုင်လူကြီးဆိုတာ တရားခွင်မှာ တရားသူကြီးလိုမျိုး အရေးကြီးလှပါတယ်။ အဆုံးအဖြတ် ပေးရမယ့်သူဖြစ်တာကြောင့်   အဂတိကင်းရှင်းဖို့ လိုပါတယ်။   အဂတိဆိုတာ ငွေကြေးတစ်ခုတည်းကို ဆိုတာမဟုတ်ပါဘူး။  မှားယွင်း ဆုံးဖြတ်တာဟာလည်း အဂတိပါပဲ။ ပရိသတ်အများစုရဲ့ ရှေ့မှောက်မှာ ချက်ချင်းဆုံးဖြတ်ချက် ချရတာဖြစ်လို့ ပိုလို့အရေးကြီးလှပါတယ်။   ဘောလုံးအကြောင်းလည်း နားလည်၊ ပွဲထိန်းလည်းကောင်း၊   ဥပဒေလည်း ကျွမ်းကျင်၊ တည်ကြည်ပြီး ဆုံးဖြတ်ချက်တိုင်းမှာ ဘက်လိုက်မှုမရှိတဲ့သူဟာ   ဒိုင်လူကြီးကောင်းပါပဲ။

အားကစားသမားကလည်း အားကစား စည်းကမ်းလိုက်နာ၊ ဒိုင်လူကြီးကလည်း တရားမျှတ ဘက်လိုက်မှုကင်းနေရန် အရေးကြီးသလို  အားပေးကြည့်ရှုတဲ့ ပရိသတ်ရဲ့   အခန်းကဏ္ဍဟာလည်း အရေးကြီးလှပါတယ်။ မျှမျှတတ အားပေးလိုစိတ် အဓိကရှိရမှာဖြစ်ပြီး အနိုင်အရှုံးကို လက်ခံတတ်သူတွေဖြစ်ရပါတယ်။ ပရိသတ်ဆိုသည်မှာ    လူတန်းစားမျိုးစုံရှိသလို အသိဉာဏ်နဲ့ ပညာကွာခြားကြပါတယ်။ ပရိသတ်အားပေးမှုကို ကြိုဆိုရမှာဖြစ်ပေမယ့် လွဲမှားတဲ့အားပေးမှုမျိုးကိုမူ တားဆီး ကာကွယ်ကြရမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မာလန်းမြို့ရှိ ကန်ဂျာရူဟန်ကွင်း အင်ဒိုနီးရှားလိဂ်ပြိုင်ပွဲ မှာ အရီမာမာလန်းအသင်းက ပါဆီဘာရာဆာရာဘာရာ အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ဘောလုံးကွင်းအတွင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုကြောင့်   လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က အတည်ပြုပြောခဲ့ပါတယ်။  ဘောလုံးကွင်း အတွင်း  ကမ္ဘာ့အဆိုးရွားဆုံး ရုန်းရင်းဆန်ခတ်မှု တစ်ခုအဖြစ်  ပရိသတ်များ သင်ခန်းစာယူရမှာဖြစ်ပါတယ်။

အားကစားပွဲတိုင်းမှာ အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်တို့ အရေးကြီးသလို   ပြိုင်ပွဲကျင်းပရေး ကော်မတီနဲ့ အားကစားကွင်းများ အခြေအနေကလည်း အရေးကြီးလှပါတယ်။ ပြိုင်ပွဲကျင်းပရေးနဲ့ ပြိုင်ပွဲကျင်းပမယ့်  အားကစားကွင်းများကို တာဝန်ယူဆောင်ရွက်သူများ အနေနဲ့ အောင်မြင်တဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်စေရေး လုပ်ဆောင်ကြရပါတယ်။ ပြိုင်ပွဲကျင်းပမယ့် ရက်သတ်မှတ်ပေးခြင်း၊ ပြိုင်ပွဲစည်းမျဉ်းများကြိုတင်သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ရပါတယ်။ ပြိုင်ပွဲဝင်နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း အဖွဲ့အစည်းအသီးသီးတို့ကို  ကြိုတင် ပြင်ဆင်လေ့ကျင့်နိုင်ဖို့ ကြိုတင်အသိပေး အကြောင်းကြားရပါတယ်။ ဒါမှလည်း တရားသော ယှဉ်ပြိုင်ခြင်းဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ   (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ လက်ခံကျင်းပခဲ့ပါတယ်။   ဒီပြိုင်ပွဲဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးပြိုင်ပွဲ တစ်ခုဖြစ်ခဲ့ပါတယ်။   မျှမျှတတရှိခဲ့တဲ့ အပြင် ဖွင့်ပွဲပိတ်ပွဲအားလုံးကလည်း အဆင့်အတန်း မြင့်မားလှပါတယ်။ ပြောရရင်အထက်မှာ ပြောခဲ့တဲ့ အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီနဲ့   အားကစားကွင်း အခြေအနေများ အဘက်ဘက်ကပြည့်စုံကောင်းမွန်လို့ပဲဖြစ်ပါတယ်။ အားကစားသမားဆိုတာ ဘောလုံးအားကစား တစ်မျိုးတည်းကို ရည်ညွှန်းတာမဟုတ်ပါဘူး။ အားကစားနည်းမျိုးစုံမှာ ပါဝင်တဲ့ အားကစားသမားတွေကို ဆိုလိုတာပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဟာ နိုင်ငံတော်ရဲ့ တာဝန်ကို စတင်ယူထားတဲ့ အချိန်ကစလို့  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေကို  အောင်မြင်အောင် လုပ်ဆောင်လျက်ရှိရာမှာ  အားကစားကဏ္ဍမြင့်မားရေးလည်း   ပါဝင်ပါတယ်။ အားကစားသမားကောင်းတွေပေါ်ထွက်ရာ အခြေခံအကျဆုံးနေရာကတော့ အခြေခံပညာ ကျောင်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံပညာကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အားကစားကွင်းတွေကို ပြည့်ပြည့်စုံစုံ ဖြစ်အောင်၊ အားကစား အထောက်အကူပြု ပစ္စည်းတွေ   ပြည့်စုံအောင်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။  မြို့နယ်နဲ့ ခရိုင်တိုင်းမှာလည်း  အဆင့်မြင့်အားကစားကွင်းတွေ ရှိနေစေဖို့ ဖြည့်ဆည်းပေးလျက် ရှိပါတယ်။

အားကစားနည်း  အားလုံးအတွက် အခြေခံ အဆောက်အအုံတွေ၊ အထောက်အကူပြုပစ္စည်းတွေ ဖြည့်ဆည်းပေးနေသလို အားကစားသမားတွေရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးလျက်ရှိပါတယ်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစား သမား၂၉၃ ဦး၊ အုပ်ချုပ်သူနည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်းဆုတံဆိပ် ၆၂ ခုတို့ကိုရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် (၇)ရရှိခဲ့ပါတယ်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဟာ   အရှေ့တောင်အာရှဒေသအတွင်းမှာ   ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်ပြီး အာဆီယံနိုင်ငံ များရဲ့   အားကစား အဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲလည်း ဖြစ်ပါတယ်။

အဲဒီဆုရရှိတဲ့ အားကစားသမားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အမှာစကားပြောကြားရာမှာ “နိုင်ငံတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူရကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်    အောင်နိုင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင်   အမိမြန်မာနိုင်ငံတော်အလံကို  လွှင့်တင်ကာ နိုင်ငံတော်သီချင်း သံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများ ဖြစ်ကြသည့် အတွက် အုပ်ချုပ်သူ၊ နည်းပြများအပါအဝင်  နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်/မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းဖြစ်ကြောင်း”  ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ ချီးမြှင့်ထောက်ပံ့ပေးမှုများမှာ အတိုင်းထက်အလွန် ကောင်းလှပါတယ်။ ပြိုင်ပွဲမဝင်မီ အောင်နိုင်ရေးအလံ အပ်နှင်းသည့် အခမ်းအနားမှာ အားကစားသမားတစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှင့်ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့်ဒေါ်လာ ၁၀၀ နှုန်းစီချီးမြှင့်ပါတယ်။   ထပ်ဆောင်းချီးမြှင့်မှုအဖြစ် အားကစားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း တစ်ဦးချင်းပြိုင်ပွဲများမှာ ရွှေတံဆိပ် ရရှိခဲ့ကြသူများကို ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ် ရရှိခဲ့သူများကို ဒေါ်လာ၂၀၀၀၊  ကြေးတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၁၀၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသူများကို  အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ် ရရှိသူများကိုအားကစားသမား တစ်ဦးလျှင် ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှင့် အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးဘောလုံး အသင်းကို ဒေါ်လာတစ်သိန်း ချီးမြှင့်ပေးခဲ့ပါတယ်။

အလားတူပါပဲ    (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ  ဆုတံဆိပ်ရရှိခဲ့တဲ့ မြန်မာအားကစား အဖွဲ့တွေကို  နိုင်ငံတော်က  ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံမှာ ကျင်းပပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

မြန်မာအားကစားအဖွဲ့ရရှိခဲ့တဲ့ ဆုတံဆိပ်များမှာ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု စုစုပေါင်းဆုတံဆိပ် ၄၃ ခုရရှိခဲ့ကြပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့်(၆)နေရာတွင် ရပ်တည်နိုင်ခဲ့တာဟာ ဂုဏ်ပြုထိုက်သော  စွမ်းဆောင် အောင်မြင်မှုပင်ဖြစ်ပါတယ်။

(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့ဝင်များအား တစ်ဦးချင်းရွှေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀ စီ ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းလိုက်ပြိုင်ပွဲများမှာ ရွှေတံဆိပ်ရရှိခဲ့သည့် အားကစားသမား တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းချီးမြှင့်ပြီး အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြများကို တာဝန်ယူထားသည့် အားကစားနည်းမှ  ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်သူ နည်းပြတစ်ဦးလျှင်  ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိပါက ငွေကျပ်သိန်း ၃၀ စီချီးမြှင့်ပါတယ်။ အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ် ရရှိခဲ့ပါက အုပ်ချုပ်မှုအဖွဲ့များကို   ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိပါက ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် ပေးအပ်ချီးမြှင့်ပါတယ်။

ဒါတွေကတော့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြတဲ့ အားကစားသမားတွေကို နိုင်ငံတော်က ချီးမြှင့်မှုတွေထဲက အချို့ကိုဖော်ပြလိုက်တာဖြစ်ပါတယ်။   နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေထဲမှာ တပ်မတော်သားတွေ၊ ရဲမေတွေလည်း ပါဝင်ပါတယ်။

ရဲမေတစ်ဦးဆိုရင်   (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂျူဒိုအားကစားနည်းမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဒါဟာ တပ်မတော်သားတွေသာမက  ပါရမီဖြည့်ဖက် ရဲမေများရဲ့ စွမ်းရည်တွေကိုပါ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်ရဲ့ အားကစားကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နဲ့ မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းတွေ ပေါ်ထွက်လာဖို့ရည်ရွယ်ပြီး တပ်မတော်ဘောလုံး အကယ်ဒမီသင်တန်းကို ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပါတယ်။

တပ်မတော်အနေနဲ့  တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစား ကော်မတီများကို ဖွဲ့စည်းထားပြီး  တပ်မတော်သား အားကစားသမားများရဲ့ အရည်အသွေးတွေ ပိုမိုထက်မြက်လာစေဖို့နဲ့ အားကစားကို ဝါသနာပါတဲ့ တပ်မတော်သားတွေ စနစ်တကျ လေ့လာနိုင်စေရေးအတွက်  စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။    အားကစားနည်း စနစ်တွေ ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင် အသင်းများမှာ မျိုးဆက်သစ် အားကစားသမားတွေ မွေးထုတ်ပေးနိုင်ရေး နှစ်စဉ်အားကစားပြက္ခဒိန် ရေးဆွဲပြီး တိုင်းစစ်ဌာနချုပ်တွေအလိုက်  ပြိုင်ပွဲတွေကျင်းပစေလျက်ရှိပါတယ်။ အားကစားမြှင့်တင်ခြင်းဟာ   နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲတွေကို (ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ ကာလကလွဲပြီး) နှစ်စဉ်ကျင်းပပေးနေပါတယ်။

တပ်မတော်  (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွေကနေ နိုင်ငံအတွက် ထူးချွန်တဲ့ အားကစားသမားကောင်းတွေ ပေါ်ထွက်လာဦးမှာပါ။ အားကစားနည်းအလိုက် အားကစားသမားကောင်းတွေ ပေါ်ထွက်ပြီး တပ်မတော်နှင့်နိုင်ငံတော်ရဲ့ ပုံရိပ်ကိုမြှင့်တင်နိုင်တဲ့ အားကစားသမားကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းရေးသားလိုက်ရပါတယ်။   ။

အာကာမောင်မောင်