ဒိန်းမတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လက်အောက်မှ နုတ်ထွက်ရန် အဖွဲ့ဝင် ၅၅ နိုင်ငံနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြု
ဒိန်းမတ်နိုင်ငံဘောလုံး အဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) လက်အောက်မှ နုတ်ထွက်ရန် အဖွဲ့ဝင် ၅၅ နိုင်ငံနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
ဒိန်းမတ်အသင်း အပါအဝင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ထိပ်တန်းအသင်းကြီးများဖြစ်သည့် အင်္ဂလန်အသင်း၊ နယ်သာလန်အသင်း၊ ဂျာမနီအသင်း၊ ဝေးလ်အသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့က ကာတာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် One Love စာတန်းပါအသင်း ခေါင်းဆောင် လက်ပတ်များကို ဝတ်ဆင်ကစားရန် စီစဉ်ထားသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က နိုင်ငံ ရေးနှင့် ဆက်နွှယ်သည်ဟု အကြောင်းပြပြီး တားမြစ် ပိတ်ပင်ခဲ့သည်။
လက်ရှိတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဥရောပထိပ်တန်း အသင်းကြီးများ၏ ကာတာနိုင်ငံအပေါ် ဆန့်ကျင်ဆန္ဒပြမည့် အစီအစဉ်များကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ကန့်သတ်မှုများ ပြုလုပ်နေသည့်အတွက် ဘောလုံးအဖွဲ့ချုပ် အများစုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဂျာမနီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က တားမြစ်ကန့်သတ်မှုများကြောင့် ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။ ယခုအခါ ဒိန်းမတ်နိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျက်စ်ပါမိုလာက ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် လက်အောက်မှ နုတ်ထွက်ရန် ဆွေးနွေးမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။