ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ငါးကြိမ်ဆက် ဂိုးသွင်းယူနိုင်သည့်  ပထမဆုံး ကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ငါးကြိမ်ဆက် ဂိုးသွင်းယူနိုင်သည့်  ပထမဆုံး ကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ်ကစားသည့် ပေါ်တူဂီအသင်းနှင့် ဂါနာအသင်းတို့ပွဲစဉ်တွင်  ပေါ်တူဂီအသင်းအတွက်   အသင်းခေါင်းဆောင်   စီရော်နယ်ဒိုက ပယ်နယ်တီမှတစ်ဆင့်  ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်    ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ငါးကြိမ်ဆက် ဂိုးသွင်းယူနိုင်သည့် ပထမ ဆုံးကစားသမားအဖြစ်    စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဂါနာအသင်းကို  ၃ ဂိုး-၂ ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး  ပွဲချိန် ၆၅ မိနစ်တွင် ဂါနာအသင်းကစားသမား တစ်ဦးက စီရော်နယ်ဒိုကို  ပယ်နယ်တီ ဧရိယာအတွင်း  ပြစ်ဒဏ်ကျူးလွန်ခဲ့သည့် အတွက် ကွင်းလယ်ဒိုင်လူကြီးက ပေါ်တူဂီအသင်းကို ပယ်နယ်တီ သတ်မှတ်ပေးခဲ့ရာ အဆိုပါပယ်နယ်တီကို   စီရော်နယ်ဒိုက   အမှားအယွင်းမရှိ ကန်သွင်းပြီး ပေါ်တူဂီအသင်းအတွက်   ဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက်  စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကိုရရှိခဲ့ကာ ပေါ်တူဂီအသင်းအတွက် နောက်ထပ်သွင်းဂိုးများကို  ပွဲချိန်  ၇၈  မိနစ်တွင်  ဖီးလစ်နှင့် ပွဲချိန် မိနစ် ၈၀ တွင်  လီအိုတို့က သွင်းယူပေးခဲ့သည်။

အသက်  ၃၇  နှစ်အရွယ်   စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းနှင့်အတူ ၂၀၀၃ ခုနှစ်က စတင်ပါဝင် ကစားခဲ့ခြင်းဖြစ်ပြီး  အသင်းနှင့်  ၂၀၀၆   ခုနှစ်က ဂျာမနီ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၁၀ ပြည့်နှစ်က တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ်က ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၁၈ ခုနှစ်က ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲနှင့်  ယခုကာတာနိုင်ငံ၌  ကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင်  ငါးကြိမ်ဆက်ဂိုး သွင်းယူနိုင်ခဲ့သည့်   ပထမဆုံးနှင့် တစ်ဦးတည်းသော ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင်  စီရော်နယ်ဒိုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက်   ဒုတိယမြောက်အသက် အကြီးဆုံး သွင်းဂိုးရှင်အဖြစ်လည်း   မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။