အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများက ထင်သလောက် ထိရောက်မှုမရှိဟု သက်သေပြနေသည့် အီရန်မောင်းသူမဲ့လေယာဉ်များ
အီရန်နိုင်ငံသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသော်လည်း ယင်းနိုင်ငံက ထုတ်လုပ်သည့် လက်နက်စနစ်များအား အနောက်နိုင်ငံ ထုတ်လုပ်သည့်ပစ္စည်းများကို အသုံးပြု၍ထုတ်လုပ်နေကြောင်း Conflict Armament သုတေသနအဖွဲ့မှ သုတေသီများက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင်ဖော်ပြထားသည်။ အီရန်သည် အနောက်နိုင်ငံများရှိ ကုမ္ပဏီများက ထုတ်လုပ်ထားသည့် ပစ္စည်းအစိတ်အပိုင်းများကို အသုံးပြု၍ လက်နက်စနစ်များကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါနည်း ပညာကုမ္ပဏီများသည် အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် အာရှဒေသများတွင် ဌာနချုပ်များ ဖွင့်လှစ်ထားသည်။
သုတေသီများသည် အီရန်နိုင်ငံက ထုတ်လုပ်ခဲ့သည့် မောင်းသူမဲ့လေယာဉ်များတွင် တပ်ဆင်ထားသည့် အီလက်ထရွန်နစ် ပစ္စည်းများအား စစ်ဆေးခဲ့ရာ တစ်ပိုင်း လျှပ်ကူးပစ္စည်းများနှင့် အဆင့်မြင့်နည်းပညာသုံး အီလက်ထရွန်နစ် ပစ္စည်းများသည် အနောက်နိုင်ငံများနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ကြသည်။ ထို့ပြင် အဆိုပါ အီလက်ထရွန်နစ်ပစ္စည်းများသည် အီရန်အပေါ်အနောက်နိုင်ငံများက ပိတ်ဆို့မှုများ ချမှတ်ထားချိန်အတွင်း ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းကိုလည်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ အနောက်နိုင်ငံများက အီရန်အပေါ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်းကြောင့် ယင်းနိုင်ငံအနေဖြင့် အဆိုပါ အဆင့်မြင့်နည်းပညာသုံး အီလက်ထရွန်နစ် ပစ္စည်းများကို ရယူနိုင်ခြင်းမရှိပေ။ ယူကရိန်းနိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် မောင်းသူမဲ့လေယာဉ်မှ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းသည် ယခုနှစ်မေလ ခန့်က ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် အဆိုပါ အီလက်ထရွန်နစ်ပစ္စည်းများအား အီရန်က မည်သည့်နေရာမှရရှိခဲ့သည်ကို သုတေသီများက ဝေခွဲမရဖြစ်နေသည်။
အီရန်၏နျူကလီးယား အရေးနှင့် စပ်လျဉ်း၍သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ရေး အတွက် အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီစသည့် အင်အားကြီးနိုင်ငံများ ပါဝင်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအဖွဲ့ P5+1 သည် အီရန်အစိုးရနှင့် ၂၀၁၅ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် တချို့ကိုချမှတ်နိုင်ခဲ့သည်။
အဆိုပါ သဘောတူညီချက်သည် ထူးခြားသည့် သဘောတူညီချက် တစ်ရပ်ဖြစ်သည်ဟု နိုင်ငံအများအပြားက ယူဆခဲ့ကြသော်လည်း အမေရိကန်ပြည်ထောင်စု၌ ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အစိုးရသစ် တက်ရောက်လာပြီးနောက် အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။ အမေရိကန်သမ္မတဟောင်း အိုဘားမားလက်ထက်တွင် ရေးထိုး ခဲ့သည့် အဆိုပါနျူကလီးယား သဘောတူညီချက်သည် အမေရိကန်အတွက် အကျိုးတစ်စုံတစ်ရာ မရှိဟုဆိုကာ ထရမ့်ဦးဆောင်သော အမေရိကန်အစိုးရက နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားခဲ့သည်။
ယင်းနောက်တွင် အခြေအနေမှာ တင်းမာလာခဲ့သည်။
အမေရိကန်၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့် အနေဖြင့် အီရန်က ယခင်က ရပ်ဆိုင်းထားခဲ့သည့် နျူကလီးယား လုပ်ဆောင်ချက်များကို ပြန်လည်စတင်ခဲ့သည်။
အမေရိကန်အစိုးရကလည်း အားကျမခံဘဲ အီရန်အပေါ် တုံ့ပြန်သည့်အနေဖြင့် တင်းကျပ်သည့် ပိတ်ဆို့မှုများကို ပြန်လည် ချမှတ်ခဲ့ခြင်းကြောင့် အီရန်-အမေရိကန် ဆက်ဆံရေးမှာ အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်။ ထို့နောက်တွင် နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ သဘောတူညီချက် ပြန်လည်ချမှတ်နိုင်ရန် အီရန်နှင့် အမေရိကန်တို့ကြား ကာတာနိုင်ငံတွင် ကြိုးကြားကြိုးကြား ပြန်လည်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်အထိ ထူးခြားသည့် တိုးတက်မှုမရှိပေ။ ထိုသို့သော အခြေအနေမျိုးတွင် အီရန်က အနောက်နိုင်ငံများရှိ ကုမ္ပဏီများက ထုတ်လုပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး အီလက်ထရွန်နစ်ပစ္စည်းများကို မည်သို့မည်ပုံရရှိခဲ့သနည်းကို သုတေသနပညာရှင်များက စဉ်းစားမရဖြစ်နေသည်ကို တွေ့ရသည်။
သုတေသီများသည် အီရန်လုပ် Shahed- 131 နှင့် Shahed-136 မောင်းသူမဲ့ လေယာဉ်များ၏ အပျက်အစီးများအား စစ်ဆေးခဲ့ရာ မတူကွဲပြားသည့် အစိတ်အပိုင်း၅၀၀ ကျော်ကို တွေ့ရှိခဲ့ကြသည်။ အဆိုပါ မောင်းသူမဲ့လေယာဉ်များသည် ပစ်မှတ်အပေါ်သို့ ပျက်ကျပေါက်ကွဲစေပြီး ပစ်မှတ်အား တိုက်ခိုက်ဖျက်ဆီးပစ်သည့် မောင်းသူမဲ့ လေယာဉ်များဖြစ်သည်။ အလားတူ သုတေသီများသည် အီရန်လုပ် ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်တစ်မျိုးဖြစ်သည့် Mohajer-6 ကိုလည်း စစ်ဆေးခဲ့ကြသည်။
တွေ့ရှိခဲ့သည့် အစိတ်အပိုင်းများအား နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အီလက်ထရွန်နစ်ကုမ္ပဏီ ၇၀ ကျော်က ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထို့ပြင် သုတေသီများ စစ်ဆေးခဲ့သည့် အစိတ်အပိုင်းစုစုပေါင်း၏ ၈၂ ရာခိုင်နှုန်းသည် အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်ထားခြင်းဖြစ်သည်ကို အံ့သြ ဖွယ်တွေ့မြင်ခဲ့ကြရသည်။ အဆိုပါအီလက်ထရွန်နစ် ပစ္စည်းများကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပညာရှင်များက ကောက်ချက်ချနိုင်ခဲ့သည်။
အမေရိကန်အစိုးရသည် Shahed မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီအား ယခုနှစ် စက်တင်ဘာလအတွင်းက ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။
ထို့ပြင် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကလည်း ယခုနှစ်အောက်တိုဘာလတွင် အဆိုပါ မောင်းသူမဲ့လေယာဉ် ကုမ္ပဏီအပေါ် အလားတူ ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သည်။
ထို့ကြောင့် အီရန်အပေါ် အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများသည် ထိရောက်မှုမရှိကြောင်း ယခုစစ်ဆေးတွေ့ရှိချက်က သက်သေပြသလျက်ရှိကြောင်း ပညာရှင်တစ်ဦးဖြစ်သူ ဒေမီးယန်း စပလိတာက ထောက်ပြထားသည်။ အဘယ့်ကြောင့်ဆိုသော် အီရန်နိုင်ငံသည် ပိတ်ဆို့မှုများ ချမှတ်ခြင်း ခံထားရချိန်တွင်ပင်လျှင် အနောက်နိုင်ငံများက ထုတ်လုပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး အီလက်ထရွန်နစ် ပစ္စည်းများကို တစ်နည်းနည်းဖြင့် ရယူနိုင်စွမ်းရှိနေသောကြောင့်ပင်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍တွေ့မြင်နေရသည့် အီရန်လုပ်မောင်းသူမဲ့ လေယာဉ်များကို လေ့လာခြင်းအားဖြင့် အီရန်နိုင်ငံသည် လက်နက်နည်းပညာတွင် ပိုမိုတိုးတက်လာကြောင်းကို ပြသလျက်ရှိကြောင်း သုတေသီများက ပြောသည်။ ထို့ကြောင့် အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများသည် ထင်သလောက် ထိရောက်မှုမရှိဟု ယူကရိန်းပဋိပက္ခတွင် အသုံးပြုနေသည့် အီရန်မောင်းသူမဲ့လေယာဉ်များက သက်သေပြသလျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: ST, NYTIMES
မောင်ယုယ