တိုင်းပြည်ဖျက်သည့်ပြည်ပြေးများ
ကျောင်းပြေးအိမ်ပြေးဆိုသည့်စကားရပ်အားငယ်စဉ်ကပင် ကြားခဲ့သိခဲ့ဖူးပါသည်။ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝတွင် အချို့ကျောင်းသားများမှာ လုပ်ချင်တာလုပ်ဖို့ ဖြစ်ချင်တာဖြစ်ဖို့ ကျောင်းပြေးကြသည်။ ကျောင်းပြေးပြီး ရုပ်ရှင်ခိုးကြည့်ခြင်း၊ ရေကူးကြခြင်း၊ ပျော်ပွဲစားကြခြင်း များကို ပြုလုပ်ကြကြောင်း တွေ့ရှိရသည်။ ဆရာ၊ဆရာမများအနေဖြင့်လည်း ၎င်းင်းတို့အား ကရုဏာ ဒေါသတို့ဖြင့် ဆုံးမကြသည်။ အမြဲကျောင်းပြေးနေသည့် ကျောင်းသားအချို့မှာ အထက်တန်းပညာကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းပြင်ပရောက်ရှိသွားကြကြောင်း တွေ့ရှိရသည်။
လူငယ်အချို့မှာ မိဘအိမ်နှင့်အဆင်မပြေသည့်အခါ အိမ်ပြေးဖြစ်သွားကြသည်။ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ မလုပ်ရ မဖြစ်ရသည့် သားဆိုး၊သမီးဆိုးများ မိဘအိမ်ကပြေးကြသည်ဟု ဆင်ခြင် သုံးသပ်မိသည်။ လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာလုပ်ဖို့ ဝေဖန် ပိုင်းခြားမှုမရှိဘဲ စိတ်အလိုလိုက်၍ အိမ်ကပြေးကြခြင်းကြောင့် မိဘနှင့် ဆရာ၊ ဆရာမများ စိတ်နှလုံး မသာမယာဖြစ်ကြရသည်။ သားဆိုးသမီးဆိုးအချို့အား မိဘတို့က အမွေဖြတ်စွန့်လွှတ်ကြသည်။
လုပ်ငန်းခွင်သို့ရောက်ပြီး တာဝန်အမျိုးမျိုး၊ ဒေသအမျိုးမျိုးတွင် ထမ်းဆောင်ရသည့်အခါ စစ်ပြေး၊ ရဲပြေး၊ ဝရမ်းပြေး၊ ရဲဘက်ပြေး၊ ထောင်ပြေး စသည်တို့ကို ထိတွေ့ကြားသိခဲ့ရသည်။ ဘယ်လိုအကြောင်းနဲ့ပြေးပြေး ဘယ်အရပ်ရပ်ကပြေးပြေး ဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်၍ ထိန်းသိမ်းကြပ်မတ်ရသည်။
ကျောင်းပြေး၊ အိမ်ပြေး၊ စစ်ပြေး၊ ရဲပြေး၊ ဝရမ်းပြေး၊ ရဲဘက်ပြေး၊ ထောင်ပြေး စသည်တို့မှာ မိမိတစ်ဦးတစ်ယောက်တည်း၏ခံစားချက်နှင့်သာ သက်ဆိုင်သည်။ သို့သော် တိုင်းပြည်နှင့်တိုင်းရင်းသား လူမျိုးတို့အပေါ် သစ္စာဖောက်ပြီး အမိမြေက ပြေးကြသည့် ပြည်ပြေးများကိုမူ လက်ခံ၍မရပါ။
၁၉၆၂ ခုနှစ်တွင် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်ကြောင့် တိုင်းပြည်၏ တာဝန်အရပ်ရပ်ကို တော်လှန်ရေးကောင်စီဖွဲ့စည်းပြီး တပ်မတော်က တာဝန်ယူထိန်းသိမ်းခဲ့ရသည်။ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်သည့် ဦးနုနှင့် တာဝန်ရှိသူအချို့ကိုပါထိန်းသိမ်းခဲ့ရသည်။ ၁၉၆၆ ခုနှစ်တွင် ဦးနုအားလွှတ်ပေးခဲ့ပြီး ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့ ၃၃ ဦး ကော်မတီ၌ အခြားနိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ပါဝင်ဆောင်ရွက်စေခဲ့သည်။ ဦးနုအနေဖြင့် နိုင်ငံတော်၏ ၎င်းင်းကာလအတွင်းဖြစ်ပေါ်ခဲ့သော အခြေအနေများ၊ နိုင်ငံရေး မငြိမ်သက်မှုများကြောင့် လက်လွှတ်ခဲ့ရသော နိုင်ငံတော်အာဏာကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ပြန်လွှဲပေးရန်နှင့် လွှဲပြောင်းပေးမှုကို ၎င်းကပြန်လည်လက်ခံပြီး ဗိုလ်ချုပ်ကြီး နေဝင်းကို ထပ်မံလွှဲပြောင်းပေးမှသာ တော်လှန်ရေးကောင်စီအစိုးရ တရားဝင်မည်ဟု တော်လှန်ရေးကောင်စီသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို တင်ပြခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရက လက်မခံဘဲ ပယ်ချခဲ့ပါသည်။
၁၉၆၉ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်းဦးနုသည် အိန္ဒိယသို့ဘုရားဖူးရန်အကြောင်းပြပြီး ပြည်ပသို့ ထွက်ခွာသွားခဲ့ပါသည်။ ထိန်းသိမ်းခံဘဝမှလွတ်မြောက်လာကြသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ ဗိုလ်မှူးချုပ်ဟောင်းစောကြာဒိုး၊ တိုင်းမှူးဟောင်း ဗိုလ်မှူးကြီးစိန်မြ၊ နေးရှင်းသတင်းစာတိုက်ပိုင်ရှင် ဦးလောယုံတို့နှင့် ထိုင်းနိုင်ငံတွင်စုစည်းမိပြီး ပါလီမန်ဒီမိုကရေစီပါတီနှင့် ပြည်ချစ်တပ်မတော်ကို ထူထောင် ခဲ့ကြသည်။ ပြည်ပြေးအစိုးရဖွဲ့စည်းပြီး လက်နက်ကိုင်တပ်မတော်တည်ထောင်၍ အမိနိုင်ငံတော်အပေါ် ပုန်ကန်ထကြွသော်လည်း စစ်ရေးအရ အောင်မြင်မှုမရရှိခဲ့ပေ။ အမေရိကန်နိုင်ငံမှ CIA နှင့်အခြား အလှူရှင်များ၏ ငွေကြေးလက်နက်များ ထောက်ပံ့မှုရရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထောက်ခံမှု အပြည့်အဝမရသည့်အပြင် စစ်ရေးကွပ်ကဲမှု အားနည်းချက်များကြောင့် မအောင်မြင်ဘဲ တဖြည်းဖြည်း ပြိုကွဲပျက်စီးချုပ်ငြိမ်းသွားခဲ့သည်။ ဦးနုလည်း ၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမိမြေသို့ ပြန်လာခဲ့ရသည်။ ပိန်းကြာရွက်ပေါ်ရေမတင်သလို ပြိုကွဲ ပျက်စီးသွားခဲ့သော်လည်း CIA ၏ထောက်ပံ့မှုကြောင့် ရရှိသည့် ခေတ်မီလက်နက်/ခဲယမ်းများကိုလည်း ကရင်တိုင်းရင်းသား လက်နက်ကိုင်တို့ ရရှိသွားစေခဲ့ပါသည်။ အမိနိုင်ငံအား တော်လှန်ပုန်ကန်နေသူများက လက်နက်၊ ခဲယမ်းများရရှိသွားသဖြင့် နယ်စပ်ဒေသများတွင်လည်း တိုက်ပွဲများပြင်းထန်ပြီး မီးဟုန်းဟုန်း တောက်လောင်စေခဲ့သည်။ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သောခေတ်မီ မျိုးချစ်တပ်မတော်
အား ယှဉ်ပြိုင်နိုင်ခြင်းမရှိသော်လည်း တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် စစ်ပွဲ၌ အမိနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုများသာထိခိုက်စေမည်မှာ အမှန်ပင်ဖြစ်သည်။
တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်မှုဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။ ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ ခေတ်အခြေအနေ၊ ပတ်ဝန်းကျင်နိုင်ငံများ၏ အခြေအနေနှင့် ကိုက်ညီမှု မရှိသည့်အပြင် အုပ်ချုပ်သူလူတန်းစားအချို့၏ အထွေထွေ အားနည်းချက်များကြောင့် တိုင်းပြည်သည် ဘက်စုံယိုယွင်းပျက်စီးလာခဲ့သည်။ ပြည်ပပယောဂများ၊ ပြည်တွင်းမညီညွတ်မှုများကြောင့် ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးအခင်းကြီး ဖြစ်ပေါ်လာခဲ့ရသည်။
မင်းမဲ့စရိုက်ဆန်မှုများဖြင့် တိုင်းပြည်မီးဟုန်းဟုန်းတောက်လောင်နေသည့် အခြေအနေတို့ကြောင့် တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဖွဲ့ပြီး ထိန်းသိမ်းတာဝန်ယူခဲ့ရပြန်သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရသည် ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်အချို့သည် နိုင်ငံတော်အာဏာလွှဲပြောင်းလက်ခံခြင်း မပြုမီကပင် တပ်မတော်ပြိုကွဲစေရန် ရည်ရွယ်၍ ပြောဆိုပုတ်ခတ်မှု ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရက မြန်မာနိုင်ငံရေးသမိုင်းတွင် ကြုံတွေ့ခဲ့ရသော အတိတ်ဖြစ်ရပ်များကို သင်ခန်းစာယူကာ နိုင်ငံတော်အာဏာအရပ်ရပ် ထိန်းသိမ်းထားသည်ကိုအကြောင်းပြု၍ အမရပူရမြို့တွင် လွှတ်တော်အမတ်အချို့က ယာယီအစိုးရဖွဲ့ရန် အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးတက်ရောက်ခဲ့သည့် လွှတ်တော်အမတ်အချို့မှာ တည်ဆဲအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းမခံရစေရေးအတွက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ထိုင်းနယ်စပ်ရောက် အမတ်များစုစည်း၍ KNU မာနယ်ပလောစခန်းတွင် အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့ကြသည်။
အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်မှာ သင်္ချာပညာရှင် ဒေါက်တာစိန်ဝင်းဖြစ်ပြီး ၎င်းမှာအာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း (ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်း) ၏ သားဖြစ်သည်။
နယ်စပ်ဒေသရှိ သောင်းကျန်းသူခေါင်းဆောင်များသည်လည်း ၎င်းင်းတို့အကျိုးအမြတ်ရရှိရေးကို ရည်ရွယ်၍ ဒေါက်တာစိန်ဝင်း၏အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည်။ ဒေါက်တာစိန်ဝင်း၏ အစိုးရအဖွဲ့တွင် တိုင်းရင်းသားလွှတ်တော်အမတ်များ၊ ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈ မှ ၁၉၆၂ အထိ)က ရာထူးများရရှိခဲ့ကြပြီး အာဏာလက်လွှတ်ခဲ့ရသော ပုဂ္ဂိုလ်တို့၏ သား၊ သမီးများအား ဝန်ကြီး ရာထူးများပေး၍ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ဒေါက်တာစိန်ဝင်း၏ နိုင်ငံရေးဝါနုမှုနှင့် အစိုးရအဖွဲ့ဝင်များ နိုင်ငံရေးအားနည်းမှုကြောင့် တဖြည်းဖြည်းအားနည်းမှေးမှိန်လာခဲ့သည်။ ပြည်တွင်းရှိ ရွေးကောက်ခံလွှတ်တော်အမတ်အများစုလည်း ပါတီကနုတ်ထွက် ထုတ်ပယ်ခြင်းများလုပ်ခဲ့ကြပြီး ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးအချို့လည်း အမေရိကန်၊ သြစတြေးလျ စသည့်နိုင်ငံများဆီသို့ ရွှေ့ပြောင်းအခြေချသွားခဲ့ကြသည်။ အမျိုးသားညွန့်ပေါင်းအစိုးရ၏ လှုပ်ရှားမှုများလည်း ရပ်ဆိုင်းသွားခဲ့ပြီး တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့ကြရပါသည်။
အမျိုးသားညွန့်ပေါင်းအစိုးရအနေဖြင့် တိုင်းပြည်၏အာဏာကို ရယူဆုပ်ကိုင်နိုင်ခြင်းမရှိခဲ့သော်လည်း နိုင်ငံတကာသတင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် အမိနိုင်ငံတော်အနေဖြင့် နိုင်ငံတကာအလယ်တွင် သိက္ခာကျခဲ့ရပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(တပ်မတော်အစိုးရ) က ဒီမိုကရေစီအစိုးရထံသို့ သွေးထွက်သံယိုမှုမရှိဘဲ အေးချမ်းသာယာစွာ အုပ်ချုပ်ရေးအာဏာလွှဲပြောင်း ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဲမသမာမှုများဆောင်ရွက်ခဲ့သည့်အတွက် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ခဲ့ရပြန်ပါသည်။ နိုင်ငံတော်အာဏာလက်လွှတ်ခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များသည် လေလှိုင်းထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီး နယ်စပ်ဒေသရှိ သောင်းကျန်းသူများနှင့် ပူးပေါင်း၍ PDFကို မွေးဖွားကာ နေရာအနှံ့တွင် အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်လာခဲ့ပါသည်။ အမိနိုင်ငံတော်အပေါ် ဝင်ရောက်စွက်ဖက်သည့် ကိုယ်ကျိုးရှာနိုင်ငံများနှင့် အဖွဲ့အစည်းများ၏အားကို ရယူပြီး OIC မွတ်စလင်တိုင်းပြည်များနှင့်ပူးပေါင်း၍ သစ္စာမဲ့စွာ တိုင်းပြည်ကို မီးလောင်တိုက်သွင်းလျက်ရှိသည်။ အမိနိုင်ငံတော်ကြီးအား အစိတ်စိတ်အမြွှာမြွှာပြိုကွဲစေရန်၊ အေးချမ်းသာယာမှုမရှိစေရန်၊ ပျက်စီးဆုံးရှုံးစေရန် ခေတ်အဆက်ဆက်က ကိုယ်ကျိုးရှာ သောင်းကျန်းသူ ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ဆရာ၊ ဆရာမများအပါအဝင် အပြစ်မဲ့ပြည်သူများအား စည်းလွတ်ဘောင်လွတ် ရက်စက်ယုတ်မာစွာ သတ်ဖြတ်လျက်ရှိပြီး တိုင်းပြည်၏ လမ်းတံတား၊ အဆောက်အအုံများနှင့် ဆေးရုံများကို ဖျက်ဆီးကြလေသည်။
သို့သော် မည်သည့် ပြည်ပြေးများမဆို အမိမြေကို ဖျက်ဆီးလိုသော်လည်း ခေတ်အဆက်ဆက် ပြည်ပြေးများကဲ့သို့ အခြေအနေအချိန်အခါတစ်ခုမှာ ပိန်းကြာရွက်ပေါ်ရေမတင်သလို ပျောက်ကွယ်ပျက်စီးသွားမည်မှာ မုချမလွဲပင် ဖြစ်ပါသည်။ ။
မိုးတိမ်(တမာမြေ)