ရန်ကုန်၊ ဘောလုံး
မြန်မာ့လက်ရွေးစင်နှင့် ရတနာပုံအသင်း တိုက်စစ်မှူး အောင်သူကို ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်အသင်းက ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် Buaksib မီဒီယာက ဖော်ပြထားသည်။
ဘူရီယမ်အသင်းသည် ထိုင်းလိဂ်-၁ ပြိုင်ပွဲ၏ ဒုတိယအကျော့ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ခေါ်ယူ နိုင်ရန် ချဉ်းကပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံအသင်းတိုက်စစ်မှူး အောင်သူသည် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းနှင့် ၂၀၁၉ ဘောလုံးရာသီတွင် မြောင်တောင် ယူနိုက်တက်အသင်းတို့သို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။ သို့သော် ၎င်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက မြောင်တောင်ယူနိုက်တက် အသင်း၌ ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင်ကစားခဲ့ကာ သုံးဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် အောင်သူသည် ယခုနှစ် ဘောလုံးရာသီအစပိုင်းက ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေသဖြင့် မိခင်မြန်မာလိဂ်ကလပ် ရတနာပုံအသင်း၌ ပြန်လည်ပါဝင်ကစားခဲ့ရပြီး ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် ရတနာပုံအသင်းအတွက် ခြောက်ဂိုးသွင်း ယူပေးနိုင်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ် အောင်သူသည် အမျိုးသားဘောလုံးအကယ်ဒမီ(မန္တလေး)မှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံ ရကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၏ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။
ကိုရဲ