ရန်ကုန်၊ ဖူဆယ်
၂၀၂၂ အာရှဖလား ယူ-၂၀ ဖူဆယ် ခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၉ ဖူဆယ်အသင်းသည် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှသာ လေ့ကျင့်နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ ယူ-၁၉ ဖူဆယ်အသင်းသည် ၂၀၁၉-၂၀၂၀ ဖူဆယ်လိဂ်ပြိုင်ပွဲအပြီး လေ့ကျင့်မှုရပ်နားထားကာ ယခုနှစ်ကုန်ပိုင်းတွင် စခန်းသွင်းလေ့ကျင့်မှုပြန်လည် စတင်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းထားရခြင်း ဖြစ်သည်။
“မြန်မာယူ-၁၉ ဖူဆယ်အသင်းကို နှစ်ကုန်ပိုင်းမှာ လေ့ကျင့်နိုင်ဖို့ မှန်းထားပေမယ့် လာမယ့်နှစ်ဆန်းပိုင်း လောက်မှပဲ စခန်းသွင်း လေ့ကျင့်ဖြစ်ဖို့များပါတယ်။ လက်ရှိမှာ ကစားသမားတွေကို တစ်ဦးချင်း ကြံ့ခိုင်မှုပိုင်း ပိုမိုကောင်းမွန်အောင် ကိုယ်ပိုင်လေ့ကျင့်ခန်း လုပ်ခိုင်းထားပါတယ်။ COVID-19 ရောဂါအခြေအနေပေါ်မူတည် ပြီး အဖွဲ့လိုက်လေ့ကျင့်မှုပြုလုပ်မှာပါ” ဟု ၎င်းကပြောသည်။
မြန်မာ ယူ-၁၉ ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် လက်ရွေးစင်ဖူဆယ် အသင်းနည်းပြဟောင်း ဦးဌေးမြင့် က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ ၂၀၂၂ အာရှဖလား ယူ-၂၀ ဖူဆယ်ပြိုင်ပွဲ ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် မတ်လတွင် ကျင်းပရန်လျာထားကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
အာရှဖလား ယူ-၂၀ ဖူဆယ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှစတင်ကာ နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး မြန်မာ ဖူဆယ်အသင်းက နှစ်ကြိမ်စလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ ယူ-၁၉ ဖူဆယ်အသင်းသည် ၂၀၁၇ ခုနှစ်က အုပ်စုအဆင့်၊ ၂၀၁၉ ခုနှစ်က ခြေစစ်ပွဲအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ အီရန်နိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၉ အာရှ ယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂျပန် အသင်းက ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ကိုရဲ