ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဋ္ဌမအကြိမ်စုံညီ တွေ့ဆုံပွဲအခမ်းအနားကျင်းပ
နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးများ၏ နိုင်ငံနှင့်ပြည်သူအတွက် ကြိုးစားပေးမှုကို ဂုဏ်ပြုသောအားဖြင့် အသက် ၆၀ ပြည့်မြောက်ချိန်မှစပြီး အသက်ရှင်နေသမျှကာလပတ်လုံး လစဉ်ချီးမြှင့်ကြေး များ ထောက်ပံ့ပေးလျက်ရှိရာ ယခုဆိုလျှင် ၂၂၃ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၄၄ သိန်း လစဉ်ချီးမြှင့်ပေးနေပြီဖြစ်ကြောင်းနှင့် ထပ်မံ၍ အသက် ၆၀ ပြည့်ပြီးသူများကို ခံစားခွင့် ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပသည့် မြန်မာ့အားကစား လက်ရွေးစင် ဟောင်းများအသင်း ဆဋ္ဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများရရှိရေးကို စိစစ်ထောက်ခံပေးလျက်ရှိကြောင်းနှင့် ယနေ့အထိ ၄၂၀ ရရှိပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလအတွင်းကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် ဘက်ပေါင်းစုံ မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ (၃၃)ကြိမ်မြောက်နှင့် နောက်ပိုင်းကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ အာရှအဆင့်ပြိုင်ပွဲများ၊ နိုင်ငံတကာအဆင့် ဖိတ်ခေါ်ပြိုင်ပွဲများတွင် ထိုက်သင့်သည့် အောင်မြင်မှုရရှိစေရန် အိုလံပစ် အားကစား နည်းများအပါအဝင် အားကစားနည်းများ ရွေးချယ်သတ်မှတ်ပြီး နည်းပြ/ဒိုင်သင်တန်းများ၊ အားကစား အခြေခံ/အဆင့်မြှင့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အားကစားကလပ်များကို ပံ့ပိုးပေးခြင်း၊ လက်ရှိကျင်းပနေသည့် ပြိုင်ပွဲများအပြင် ကလပ်ပေါင်းစုံ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြိုင်ပွဲအသီးသီးက ထူးချွန်သည့် အားကစားသမားများကို အသက်အရွယ်နှင့် ထူးချွန်မှုအလိုက် အားကစားနှင့် ကာယပညာသိပ္ပံများနှင့် လူငယ်အားကစား လေ့ကျင့်ရေးစခန်းတို့တွင် လက်ခံလေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းအတွက် ငွေကျပ် ၁၀သိန်း၊ စပို့ရှပ်အထည် ၂၅၀ နှင့် Track Suit ၂၇ စုံကိုပေးအပ်ခဲ့ပြီး အလှူရှင်များက တာဝန်ရှိသူများထံ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခြင်း၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၏ နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းပံ့ပိုးကူညီခဲ့သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၁-၂၀၂၂ အတွက် ထုတ်ဝေသော မဂ္ဂဇင်းများကို အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ အမျိုးသား မှတ်တမ်းများ၊ မော်ကွန်း တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက်နှင့် စာပေဗိမာန်စာကြည့်တိုက်များသို့ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ယမန်နေ့ ညနေပိုင်းက တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အတူတကွညစာစားသုံးကာ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်သည့် အားကစားသမားကောင်းများ၊ ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
(သတင်းစဉ်)