ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီးယားတပ်ဖွဲ့ကို ဖွဲ့စည်းရန်ရည်ရွယ်ထားသည်ဟု ပြောကြားလိုက်သည့် ကင်ဂျုံအွန်

ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီးယားတပ်ဖွဲ့ကို ဖွဲ့စည်းရန်ရည်ရွယ်ထားသည်ဟု ပြောကြားလိုက်သည့် ကင်ဂျုံအွန်

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီးယားတပ်ဖွဲ့ကိုဖွဲ့စည်းရန်    ရည်ရွယ်ထားသည်ဟု မြောက်ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအွန်က ပြောကြားလိုက်ကြောင်း   နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။ ခေါင်းဆောင်ကင်ဂျုံအွန် ၏  အဆိုပါ ပြောကြားချက်သည် နိုင်ငံ၏အကြီးဆုံး Hwasong-17 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို   သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး  မြောက်ကိုရီးယားအနေဖြင့်  အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တန်ပြန်ရန်ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။  ခေါင်းဆောင်ကင်ဂျုံအွန် သည်  မကြာမီက  လုပ်ဆောင်ခဲ့သည့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများတွင် ပါဝင်သော  စစ်ဘက်မှ အရာရှိအများအပြား ကိုလည်း ရာထူးတိုးမြှင့်ပေးခဲ့သည်။

မြောက်ကိုရီးယား၏ အဆုံးစွန်သောရည်မှန်းချက်သည် ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူးလောက်သော  ကမ္ဘာ့အင်အားအတောင့်တင်းဆုံး  နျူကလီးယားတပ်ဖွဲ့ကို ဖွဲ့စည်းရန်နှင့်  ပိုင်ဆိုင်ရန်ဖြစ်ပြီး  နျူကလီးယား စွမ်းဆောင်ရည်ကို    တည်ဆောက်ခြင်းသည် နိုင်ငံနှင့်ပြည်သူများ၏ အချုပ်အခြာအာဏာ၊  ဂုဏ်သိက္ခာတို့ကို  ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်ဂျုံအွန်ကပြောသည်။

လက်ရှိ   မြောက်ကိုရီးယားနိုင်ငံက ပိုင်ဆိုင်ထားသည့် Hwasong-17 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် ကမ္ဘာပေါ်၌ စွမ်းဆောင်ရည် အထက်မြက်ဆုံးသော  မဟာဗျူဟာမြောက် လက်နက်တစ်ခုဖြစ် သည်ဟု ခေါင်းဆောင်ကင်ဂျုံအွန်က ယုံကြည်လျက်ရှိပြီး   ယင်းလက်နက်သည် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့ အင်အားအတောင့်တင်းဆုံး  လက်နက်ကိုင်တပ်ဖွဲ့  ဖွဲ့စည်းတည်ထောင်နိုင်ခြင်းကို ဖော်ပြလျက်ရှိကြောင်း  ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် မြောက်ကိုရီးယားသိပ္ပံပညာရှင် များသည် ယခုအခါ နျူကလီးယားထိပ်ဖူး များကို  ပဲ့ထိန်းဒုံးကျည်များ၌ တပ်ဆင်နိုင်သည့် နည်းပညာတွင်  တိုးတက်မှုများ ရှိစေရန်    လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် မြောက်ကိုရီးယားအစိုးရသည် အနာဂတ်တွင် နျူကလီးယားတားဆီးရေး စွမ်းဆောင်ရည်ကို   ပိုမိုတိုးမြှင့်လာမည့် အလားအလာရှိနေသည်။

Hwasong-17 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် မြောက်ကိုရီးယားမှ အမေရိကန် ပင်မကုန်းမကြီးအထိ ပစ်ခတ်နိုင်စွမ်းရှိသောကြောင့် မြောက်ကိုရီးယားက  ယင်းဒုံးကျည်ကို     စမ်းသပ်ပစ်လွှတ်ပြီး နောက်ပိုင်းတွင်   အမေရိကန်အစိုးရကကုလသမဂ္ဂလုံခြုံရေးကောင်စီထံ မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်နှင့်စပ်လျဉ်း ၍ တိုင်ကြားခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။လက်ရှိတွင် မြောက်ကိုရီးယားကို ဒုံးကျည် စမ်းသပ်မှုများ  လုပ်ဆောင်ခြင်းမပြုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ထားသော်လည်း  အဆိုပါ တားမြစ်ချက်ကို  ဖောက်ဖျက်၍  မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု အကြိမ်ပေါင်းများစွာ လုပ်ဆောင်နေခြင်းဖြစ်သည်။

စင်စစ်တွင် မြောက်ကိုရီးယားအစိုးရသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို စံချိန်တင်လုပ်ဆောင် ခဲ့သည်။  Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို   ၂၀၁၇ ခုနှစ်မှစ၍ ပထမအကြိမ် စမ်းသပ်ပစ်လွှတ်ခြင်းအပါအဝင် ဒုံးကျည်အစင်းပေါင်း ၃၀ ကျော်ကို   စမ်းသပ်ပစ်လွှတ်ထားပြီး ဖြစ်သည်။

ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့်   ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ အထူးသဖြင့် ဒုံးကျည်စမ်းသပ်မှုများသည် တောင်ကိုရီးယားအစိုးရ သစ်ကို ပိုမိုစိုးရိမ်မကင်းဖြစ်စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီး ယားနှင့်   တောင်ကိုရီးယားနိုင်ငံတို့မှာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးသဘောတူညီချက်တွင်   လက်မှတ်ရေးထိုး၍  ရပ်ဆိုင်းထားခြင်းမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခြင်းဖြစ်သောကြောင့် ဖြစ်သည်။   ထိုသို့သောအကြောင်းရင်း များကြောင့်  ယင်းနှစ်နိုင်ငံကြား  အချိန်မရွေး ပဋိပက္ခဖြစ်ပွားလာနိုင်သည်။

ထို့ကြောင့် တောင်ကိုရီးယားအစိုးရက နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်   လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း   အောင်မြင်ခြင်းမရှိသေးပေ။ လက်ရှိ တောင်ကိုရီးယားသမ္မတသစ် ယွန်ဆွတ်ယိုလက်ထက်တွင် မြောက်ကိုရီးယား၏   နျူကလီးယားနှင့်  ဒုံးကျည်အစီအစဉ်များကို လျှော့ချနိုင်ရေးအတွက်   မြောက်ကိုရီးယားအစိုးရကို ဖျောင်းဖျစည်းရုံးခဲ့သည်။

တောင်ကိုရီးယား   အစိုးရအနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနှင့် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများကို လျှော့ချနိုင်ရေးအတွက် အကူအညီများပေးအပ်မည်ဟု  သမ္မတ ယွန်ဆွတ်ယိုက ယခုနှစ် သြဂုတ် ၁၅ ရက်တွင် ကမ်းလှမ်းခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသို့   အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသို့ တောင်ကိုရီးယားကပေးအပ်မည့် အကူအညီများတွင် စားနပ်ရိက္ခာများအပြင်  မြောက်ကိုရီးယားနိုင်ငံ   ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူပြုမည့် ဆိပ်ကမ်းကြီးများ၊ လေဆိပ်များနှင့်  ဆေးရုံများ   စသည့်အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေး အစီအစဉ်များလည်း ပါဝင်သည်။

တောင်ကိုရီးယားအစိုးရ၏ကမ်းလှမ်း မှုသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်ပြောဆိုမှုများ  ထွက်ပေါ်လာပြီးနောက်ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။   မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ဖြစ်ပွားသော မည်သည့်စစ်ပွဲတွင်မဆို နိုင်ငံ ၏နျူကလီးယား လက်နက်များကို   ဖြန့်ကြက်ရန်အသင့်ရှိကြောင်း ခေါင်းဆောင်  ကင်ဂျုံအွန်က   ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ထို့ပြင်  အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံတို့ကြားလုပ်ဆောင်သော မည်သည့်    စစ်ရေးလေ့ကျင့်မှုမျိုးကို မဆိုမြောက်ကိုရီးယားအစိုးရက   ဆန့်ကျင်ထားပြီး ယင်းစစ်ရေးလေ့ကျင့်မှုများသည် နိုင်ငံအတွင်းသို့   ကျူးကျော်ဝင်ရောက်ရန်   အစမ်းလေ့ကျင့်နေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ယူဆလျက်ရှိသည်။ ထို့ပြင် တောင်ကိုရီးယား၌ ဖြန့်ကြက်ထားသည့် အမေရိကန်၏စစ်လက်နက်များကလည်း နိုင်ငံရပ်တည်မှုကို ခြိမ်းခြောက်နေသည်ဟု မြောက်ကိုရီးယားက  ရှုမြင်နေ သည်။   ထိုသို့သောအကြောင်းရင်းများသည်   မြောက်ကိုရီးယားကို  ၎င်းတို့၏နျူကလီးယားစွမ်းဆောင်ရည် ပိုမိုတိုးတက် လာစေရေးလုပ်ဆောင်ရန် တွန်းအားပေးနေသကဲ့သို့    ဖြစ်လာခဲ့သည်ဟုဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယားက  အမေရိကန်အား  မိမိနိုင်ငံအပေါ်ခြိမ်းခြောက်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်  သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ယခုလည်း    မြောက်ကိုရီးယားအစိုးရသည်   အမေရိကန်ကိုသာ  အဓိကဦးတည်၍  ကမ္ဘာပေါ်၌   အင်အားအတောင့်တင်းဆုံးနှင့် စွမ်းဆောင်ရည်အရှိဆုံး    နျူကလီးယား တပ်ဖွဲ့ကိုဖွဲ့စည်းရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။    ။               

 ဇေယျဘုန်း

Ref:ST, Alarabiya