ဟိုင်းကြီးကျွန်း၊ သားရဲတိရစ္ဆာန်ထိန်းသိမ်းရေး
မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ပင်လယ်ပြင်ဂေဟစနစ် ကောင်းမွန်ရေးနှင့် မျိုးတုံးပျောက်ကွယ်တော့မည့် ငါးသယံဇာတများ မျိုးထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းနှင့် ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကဒုံကနိပင်လယ်လိပ် မျိုးထိန်းသိမ်းရေးစခန်းများ ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့သမီးလှကျွန်းမှာ လက်ရှိအချိန်တော့ ပြင်သာလိပ်တစ်မျိုးတည်းပဲ ဥချတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အဓိကပေါတာက လိပ်လှောင်း၊ ပြင်သာလိပ်၊ လိပ်ကြက်တူရွေးတို့ဖြစ်ပြီး ကိုကိုးကျွန်း အပါအဝင် ကမ်းရိုးတန်းဒေသတွေမှာ အဓိက ဥချပါတယ်။ မြန်မာ့ရေပိုင်နက် အတွင်းမှာရှိတဲ့ ပင်လယ်လိပ် မျိုးစိတ်များဟာ လွန်ခဲ့တဲ့နှစ် ၂၀ နဲ့နှိုင်းယှဉ်ရင် ၃၀ ရာခိုင်နှုန်းခန့်သာ ကျန်တာတွေ့ရပါတယ်။ ဒါ့ကြောင့် လိပ်မျိုးစိတ်တွေ မျိုးမတုံးအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နေပါတယ်” ဟု သမီးလှကျွန်း ပင်လယ် လိပ်မျိုးထိန်းသိမ်းရေး စခန်းတာဝန်ခံ ဦးစီးမှူး ဦးဖုန်းမော် ကပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး လုပ်ငန်းရည်ရွယ်ချက် ငါးချက်ဖြင့် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လိပ်မျိုးမပြုန်းတီးရေး၊ မြန်မာ့သက်ရှိသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် လိပ်ဥများကို တူးဖော်စားသုံးခြင်းမပြုရေး၊ လိပ်သားပေါက်များအား ထိန်းသိမ်းစောင့် ရှောက်ရေး၊ လိပ်များကို သတ်ဖြတ်စားသုံးခြင်းမပြုရေး၊ ငါးဖမ်းပိုက်များတွင် မတော်တဆ ဖမ်းဆီးရမိပါက ဘေးကင်းရာသို့ ပြန်လွှတ်ပေးရေးစသည့် ပညာပေးနှိုးဆော်ချက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း သမီးလှကျွန်းပေါ်သို့ တက်ရောက်သော လိပ်မကြီး ၉၅ ကောင်အနက် ၆၁ ကောင်သာ ဥချခဲ့ ကြောင်းနှင့် လိပ်သားပေါက်ကောင်ရေ ၃၁၆၇ ကောင်ကိုပင်လယ်အတွင်းသို့ ပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း သမီးလှကျွန်း ပင်လယ်လိပ်မျိုးထိန်းသိမ်းရေး စခန်းမှ သိရသည်။
(၄၀၇)