အသက်ထက်မြတ်သော ဂုဏ်သိက္ခာ
ဆောင်းပါးခေါင်းစီးသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက တင်ဆက်သော ဆိုငိုပြောဇာတ်ကြီး၏ အမည်ဖြစ်သည်။
ကိုဗစ်ကာလတွင် အိမ်တွင်းအောင်းနေရသော ပြည်သူများ ကြည့်ရှုခံစားနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ရွှေမြန်မာအငြိမ့်သုံးခုနှင့် ဆိုငိုပြောဇာတ်တစ်ခုကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့မှ တစ်ဆင့် တင်ဆက်ပေးခဲ့၏။ ထို့နောက် အတိတ်သမိုင်းမှ သင်ခန်းစာယူနိုင်မည့် နတ်သျှင်နောင်၊ ရာဇဓာတုကလျာ၊ ငဇင်ကာနှင့် အင်းဝဘုရင် မင်းရဲနန္ဒမိတ်တို့ ပါဝင်သော ဇာတ်လမ်းကို ကပြရန်စီစဉ်ခဲ့ပါ၏။
ပညာရှင်များ ရေးသားခဲ့သော သမိုင်းစာအုပ်များကို ဖတ်ရှုလေ့လာ၍ သမိုင်းဖြစ်ရပ် မှန်ကန်အောင် ကြိုးစားခဲ့သည်။ ဇာတ်ညွှန်းကို မန္တလေးမှ ဆရာကြီး နန်းမြင့်ဆွေက ရေးသားပါသည်။ စီစဉ်ညွှန်ကြားသူ၊ အသံ၊ မီး၊ ဆက်တင်၊ အဝတ်အစား၊ ပံ့ပိုးဆိုင်းနှင့် သရုပ်ဆောင်သူအားလုံးမှာ အနုပညာဦးစီးဌာနမှ အစိုးရဝန်ထမ်းများဖြစ်ကြသည်။
ကပြရန်အသင့်ဖြစ်သောအခါ ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း အစစ်ဆေးခံရန် ကပြ(Trial Show)၏။ ကပြချိန်မှာ သုံးနာရီခွဲရှိသဖြင့် ပမာဏ ကြီးမားသော အနုပညာ လုပ်ငန်းကြီးဖြစ်နေသည်။
ထို့ကြောင့် ရှုထောင့်စုံမှ အမြင်များကိုရလိုသဖြင့် လုပ်ငန်းဆက်စပ်သော ဝန်ကြီးဌာနအချို့၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် မြဝတီရုပ်မြင်သံကြားတို့မှ တာဝန်ရှိသူများကို ဖိတ်ကြားပြသခဲ့ပါ၏။ မျှော်လင့်သည့်အတိုင်း ကောင်းမွန်သော အကြံဉာဏ်များ ရရှိခဲ့သောကြောင့် လက်ခံပြုပြင်ခဲ့သည်။ အကြံပြုသူများကို ဝန်ကြီးဌာနက ကျေးဇူးတင်လျက်ရှိသည်။
ဇာတ်ကိုအချောကိုင်ပြီးသောအခါ မြဝတီရုပ်မြင်သံကြားက ရိုက်ကူးသည်။ တည်းဖြတ်ထုတ်လုပ်မှု ဆောင်ရွက်နေဆဲမှာပင် တပ်မတော်သဘင်ဆောင်၌ ပွဲဦးထွက်နှစ်ည ကပြဖျော်ဖြေခွင့်ရ၏။ နိုင်ငံတော်အကြီးအကဲနှင့် စစ်ဘက်၊ နယ်ဘက်အရာရှိကြီးများ၊ မိသားစုများက ချီးမွမ်းစကားဆိုကြသည်။ “အချိန်သုံးနာရီခွဲ ဘယ်လိုကုန်သွားမှန်း မသိဘူး။ မျှော်လင့်ထားတာထက် ပိုကောင်းတယ်။ အပြင်ထက်သာတယ်” ဟူသော နိုင်ငံတော်အကြီးအကဲ၏ မှတ်ချက်ကြောင့် စီစဉ်သူများနှင့် ဇာတ်အဖွဲ့သားများ အားတက်ခဲ့ကြရသည်။ ဆတက်ထမ်းပိုးတိုး၍ အနုပညာဖြင့် တိုင်းကျိုးပြည်ကျိုးသယ်ပိုးလိုစိတ်များ ထက်သန်လာခဲ့ရပေသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေးတို့တွင် ကပြရန်လမ်းညွှန်ခဲ့ပါသေးသည်။
(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ရှိနေသဖြင့် ဇာတ်အဖွဲ့နယ်မထွက်မီ တည်းဖြတ် ထုတ်လုပ်ပြီးသော အခွေဖြင့် တစ်နိုင်ငံလုံးသို့ သုံးရက်ခွဲ၍ ရုပ်သံမီဒီယာများမှ တစ်ဆင့် တင်ဆက်ပေးခဲ့သည်။ ပထမဆုံးနယ်ပွဲအဖြစ် မန္တလေးမြို့ ထိုင်ခုံ ၁၁၀၉ ခုံဆံ့ အမျိုးသားယဉ်ကျေးမှု အနုပညာကဇာတ်ရုံကြီး၌ ၁၇-၁၁-၂၀၂၂ ရက်နှင့် ၁၉-၁၁-၂၀၂၂ ရက်တို့တွင် ကပြဖျော်ဖြေပေးခဲ့သည်။ ပထမညတွင် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၊ ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများကိုလည်းကောင်း၊ ဒုတိယညတွင် သိပ္ပံကောလိပ်များနှင့် အခြေခံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကိုလည်းကောင်း ကပြဖျော်ဖြေခဲ့သည်။
ဇာတ်သဘင်နှင့် အလှမ်းဝေးသော ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစားရှိကြသည်။ သူတို့ထဲတွင် လုံးဝဇာတ်မကြည့်ဖူးသူတွေ ပါသည်။ မြန်မာ့ဇာတ်သဘင်၏ ခမ်းနားထည်ဝါမှု၊ အနုအလှ အကနှင့် ရယ်မောဖွယ်များ၊ သဘင့်ရိုးရာ အမွေ၏ သမားစဉ်အခန်းများ၊ အမောင်နတ်သျှင်နှင့် အရီးတော် ရာဇဓာတုကလျာတို့၏ လွမ်းမောဆွတ်ပျံ့ဖွယ် အဖြစ်သနစ်၊ အချစ်နှင့် တာဝန်လွန်ဆွဲပုံ၊ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံကို တိုင်းတစ်ပါးသားတို့က သိမ်းပိုက်ရန်ကြံစည်ပုံ၊ အင်းဝဘုရင်နှင့် တိုင်းရင်းသားတို့၏ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သော ဇာတိမာန်၊ အတ္တကို ရှေ့တန်းတင်၍ လူမျိုးခြားကို အားကိုးမိသော နတ်သျှင်နောင်၏ မလှပသော ဘဝဇာတ်သိမ်း စသည့်ရသအစုံကို ဖြစ်ရပ်မှန်သမိုင်းကြေးမုံတွင် သူတို့ကလေးတွေ အာရုံခံစား ထင်ဟပ်နိုင်ကြသည်။
ပြကွက်တစ်ကွက်ပြီး၍ ကန့်လန့်ကာ ဆွဲပိတ်လိုက်တိုင်း လက်ခုပ်သြဘာသံ တဖြောင်းဖြောင်း ထွက်ပေါ်လာမြဲဖြစ်သည်။
ပထမည ပွဲကအပြီးတွင် ကျောင်းသား၊ကျောင်းသူ၂၀ ခန့်က ပရိသတ်ရှေ့ထွက်၍ ဇာတ်ကြီးအပေါ် သူတို့၏အမြင်ကို ရွှင်လန်းအားရ ဖွင့်ဟကြသည်။ အဓိက ဇာတ်ကောင်များနှင့် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ထိတွေ့စကားဆိုခွင့် ရကြသည်။ အနာဂတ်အတွက် အားတက်ဖွယ်မြင်ကွင်းဖြစ်သည်။ ဒုတိယညတွင် ထူးခြားမှုတစ်ခုကို သတိပြုမိ၏။ ယေဘုယျအားဖြင့် ပြကွက်အပြီး ကန့်လန့်ကာပိတ်မှ ပရိသတ်က လက်ခုပ်တီးပါသည်။ နတ်သျှင်နောင်နှင့် ငဇင်ကာကို အင်းဝစစ်သည်တော်တို့က ဝင်ရောက်ဖမ်းဆီးသော ပြကွက်တွင် နတ်သျှင်နောင်က သူ့လူယုံတော် ငထွားကို “သစ္စာဖောက်” ဟု ဒေါနှင့်မောနှင့်ပြောလေ၏။ ထိုအခါ ငထွားက “ကျွန်တော်မျိုး အရှင့်အပေါ်မှာ သစ္စာမဖောက်သလို တိုင်းပြည်နဲ့လူမျိုး အပေါ်မှာလည်း သစ္စာရှိဆဲပါ”ဟု လျှောက်တင်လိုက်ရာ ထိုစကားဆုံးသည်နှင့် (ပြကွက်မပြီးဆုံးသေးပါဘဲလျက်)
လက်ခုပ်သံတဖြောင်းဖြောင်း ထွက်ပေါ်လာသည်မှာ ထူးခြားမှုမဟုတ်ပါလော။ ငထွားစကားကို ပရိသတ်က သဘောကျသည် မဟုတ်ပါလော။ မည်သည့်သစ္စာက ပိုကြီးမြင့်စောင့်သိရမည်ကို သူတို့သိသွားကြသည် မဟုတ်ပါလော။
ထို့ကြောင့် Preending scence တွင် အင်းဝဘုရင် မင်းရဲနန္ဒမိတ်က “အသက်ထက်မြတ်သော ဂုဏ်သိက္ခာကို ဘယ်လို လူမျိုးတွေက ပိုင်ဆိုင်သင့်သည် “ ဟု နတ်သျှင်နောင်ကို လက်ညှိုးငေါက်ငေါက် ထိုး၍ ပြောလိုက်သော အဓိပ္ပာယ်ကိုလည်း သူတို့ သိသွားကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။
ဇာတ်အဖွဲ့သားတစ်ဦး