(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ

နေပြည်တော်   နိုဝင်ဘာ  ၂၉

    ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ပဒေသာ ကပွဲ(စတုတ္ထနေ့)ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်  မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။

ပဒေသာကပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဦးရွှေကြိမ်း၊ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊     ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊    တပ်မတော်မှ အရာရှိကြီးများနှင့်    ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းမိသားစုများနှင့်   ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ပဒေသာကပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ အနုပညာရှင်များက   အောင်ယိမ်း၊ ပြန်လည်ထူထောင်ရေး၊   ဗိုလ်ရှုသဘင်၊ စိန်ရတုလွတ်လပ်ရေးနေ့ယိမ်း၊ ပင်ချင်းယှက်၍ နွယ်ချင်းခက်သော် တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊    မှန်လိုက်တာဆရာရယ်ပြဇာတ်ဖြင့် လည်းကောင်း၊ ဥမကွဲ သိုက်မပျက်၊  ပန်းပန်ရင်နန်းဆန်မယ် ကျေးလက်ယိမ်း၊ သူရဲကောင်းအဓိပ္ပာယ်များ၊ ငြိမ်းချမ်းရေးပန်းခင်း၊   မနောကြည်ချိုမြ ဗြောစည်တိုအက၊ We are Soldier တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မျက်လှည့်အဖွဲ့က လည်းကောင်း၊ ထာဝရ လွတ်လပ်ရေး၊ အောင်မြင်ပါစေ မြန်မာပြည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းပါစေ တိုင်းရင်းသားယိမ်း၊  ထာဝရသစ္စာ၊ မြန်မာ့ကြွေးကြော်သံ၊ သာတူညီမျှ တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊   မြဝတီ အငြိမ့်အဖွဲ့၏  ဖျော်ဖြေမှုဖြင့် လည်းကောင်း ပျော်ရွှင်စွာသီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ဖျော်ဖြေတင်ဆက်မှု အပြီးတွင် အနုပညာရှင်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုပန်းခြင်းကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဖျော်ဖြေရေးကိုကြည့်ရှု အားပေးကြသည့် မိဘပြည်သူများက ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါပဒေသာကပွဲကို    ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့်    လွတ်လပ်ရေး၏ အငွေ့အသက်များ   ခံစားနားလည်နိုင်စေရန် ရည်ရွယ်၍ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီတို့ကကြီးမှူးပြီး နေပြည်တော် မြို့တော်ခန်းမရှိ    လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည  ၁၁  နာရီအတွင်း  ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း     သိရသည်။