အင်းတော်ကြီးကန်အတွင်း စွန့်ပစ်ငါးဖမ်းပိုက် အဟောင်းများနှင့် မြှုံးများရှင်းလင်းမှုကို ဒီဇင်ဘာလအထိ လုပ်ဆောင်မည်

မိုးညှင်း  အောက်တိုဘာ  ၂၂

ကချင်ပြည်နယ် မိုးညှင်းဒေသရှိ အင်းတော်ကြီးကန်အတွင်း နေထိုင်ကျက်စားသော သတ္တဝါများ ထိခိုက်မှု မရှိစေရေးအတွက် စွန့်ပစ်ငါးဖမ်းပိုက်အဟောင်းများနှင့် မြှုံးများရှင်းလင်းမှုကို အောက်တိုဘာလမှ ဒီဇင်ဘာ လအထိ ပြုလုပ်မည်ဖြစ်ကြောင်း အင်းချစ်သူအဖွဲ့ခေါင်းဆောင် ဦးဇွဲထံမှ သိရသည်။

အဆိုပါလုပ်ငန်းများကို အင်းချစ်သူအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် အပင်များအဖွဲ့နှင့်    အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများ ပူးပေါင်း၍ အင်းတော်ကြီးကန်တောင် ဘက်မှမြောက်ဘက်အထိ ရှင်းလင်းခြင်းများပြုလုပ်မည်ဖြစ်သည်။

စွန့်ပစ်ငါးဖမ်းပိုက် အဟောင်းများနှင့် မြှုံးများကြောင့် သတ္တဝါများ သေဆုံးမှုရှိနေသည့်အတွက် မျိုးသုဉ်း ပျောက်ကွယ်မှု အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ထိုသို့ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုလအတွင်း ငါးကြိမ်ခန့်လုပ်ဆောင်မည်ဖြစ်ကာ ဒီဇင်ဘာလအထိ ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငါးဖမ်းသူများအား အသိပညာပေးခြင်းလုပ်ငန်း များကို လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အင်းတော်ကြီးကန်အတွင်း ငါးဖမ်းသူများအနေဖြင့် ငါးဖမ်းပိုက်အဟောင်းများနှင့် မြှုံးများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်မည်ဖြစ်ပြီး စွန့်ပစ်ငါးဖမ်းပစ္စည်းများ၊ ငါးဖမ်းပိုက်ကွန်များ၊ ကြိုးများနှင့် ထောင် ချောက် များသည် အင်းအတွင်းရှိ ရေနေသတ္တဝါများကို သေစေနိုင်ကြောင်း သိရသည်။

ယင်းအပြင် ပင်လယ်ပြင်၌ စွန့်ပစ်မှုရှိပါက ကျောက်ဆောင်များ၊ သန္တာကျောက်တန်းများနှင့်ငြိတွယ်ကာ  နောက်ဆုံးတွင် ရေနေသတ္တဝါများနှင့် သန္တာကျောက်တန်းများ ပျက်စီးစေနိုင်သည့်အတွက် မြိတ် ကျွန်းစုဒေသ ၌လည်း ယင်းအခြေအနေများ ရှိနေသောကြောင့် နိုင်ငံတကာထိန်းသိမ်းရေးအဖွဲ့အစည်းများက ရှင်းလင်း ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။         

စိုးမိုး