ဘရာဇီးအသင်းက ဆွစ်ဇာလန်အသင်းကို အနိုင်ရရှိပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်းရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်သည့် ဒုတိယမြောက် အသင်းဖြစ်လာ
ကာတာနိုင်ငံ၌ကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဘရာဇီးအသင်းက ဆွစ်ဇာလန်အသင်း ကို အနိုင်ရရှိပြီးနောက် အုပ်စုနှစ်ပွဲကစားပြီးချိန်တွင် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့်ဒုတိယမြောက် အသင်းဖြစ်လာကြောင်း သိရသည်။
လက်ရှိ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းစားနေသော အသင်းများတွင် တစ်သင်းအပါ အဝင်ဖြစ်သည့် ဘရာဇီးအသင်းသည် အုပ်စုပွဲစဉ်များတွင်လည်း ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်ထားပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားသည့် ဆားဘီးယား အသင်းနှင့်ပွဲစဉ်တွင် ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဆွစ်ဇာလန် အသင်းနှင့် ကစားခဲ့ရာတွင်လည်း ကွင်းလယ်ကစား သမား ကက်စ်မဲရိုး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ရမှတ်ခြောက်မှတ် ရရှိပြီး အုပ်စုပွဲစဉ် တစ်ပွဲကစားရန် ကျန်ရှိသည့်အချိန်တွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့၍ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းပြီးလျှင် ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်သည့် ဒုတိယမြောက် အသင်း ဖြစ်လာသည်။
ဘရာဇီးအသင်းသည် အုပ်စုလက်ကျန် ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၃ ရက်တွင် ကင်မရွန်းအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။