အားလုံးပါဝင်ပေး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး
နိုင်ငံတစ်နိုင်ငံသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ မူဝါဒများ ချမှတ်အကောင်အထည် ဖော်ရာတွင် ကျား/မရေးရာ တန်းတူညီမှုနှင့် အမျိုးသမီးများ၏ အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆောင်ရွက်မှသာ သာယာလှပသည့် လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ လက်တစ်ချောင်းချင်းစီဖြင့် ဝန်နှင့်အား မျှတအောင် မဆောင်ရွက်နိုင်ပေ။ လက်တစ်ဖက်၏ အားသည် လက်ချောင်းအားလုံးတွင် တည်ရှိသည်။ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌လည်း မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးနှင့် ဥပဒေ၏ အကာအကွယ် ရယူပိုင်ခွင့်ပြုထားသဖြင့် အမျိုးသမီးများသည် အိမ်ထောင်တာဝန် ထိန်းသိမ်းပေးသူ၊ သားသမီးများ၏ မိခင်အဖြစ် ရှုမြင်ခြင်းအစား သာလွန်ပြည့်ဝအနာဂတ်လှဖို့ အမျိုးသားများနည်းတူ ခွဲခြားတားဆီးခြင်း ကင်းစွာ အသိအမှတ်ပြုပေးရန် ဖြစ်သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု(Violence Against Women-VAW)ကို ရှုမြင်ရာတွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပုံစံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကျား/မခန္ဓာဗေဒ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့် ခွဲခြားမှု၊ တန်းတူညီမျှမရှိမှု ပြယုဂ်များသာဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပြဿနာများသည် နိုင်ငံအားလုံးတွင် ဖြစ်ပွားလျက်ရှိပြီး အမျိုးသမီးများအနေဖြင့် အရင်းအမြစ်များ သုံးစွဲခွင့်၊ ပိုင်ဆိုင်ခွင့်ဆိုင်ရာ အခြေခံ လွတ်လပ်ခွင့်များ ဆုံးရှုံးကြရပြီး တစ်စထက်တစ်စ အမြစ်တွယ်လာသည့်ပမာ ကျား/မရေးရာလုပ်ပိုင်ခွင့်များ၊ သဘောထားအမြင်များနှင့် ရှုထောင့်များ ပိုမိုကွဲပြားလာပြီး အမျိုးသမီးများအတွက် အဟန့်အတားသဖွယ် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်လာခဲ့သည်။
၁၉၉၅ ခုနှစ် ဘေဂျင်းလုပ်ငန်း စီမံချက်အရ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် အခြားသော ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များအား မတရားသဖြင့် ပိတ်ပင်တားမြစ်ခြင်းများသည် အမျိုးသမီးများအပေါ် ကျား/မအခြေပြု အကြမ်းဖက်လုပ်ရပ်များဟု ဖွင့်ဆိုထားသည်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် ရည်ရွယ်ချက်ဖြင့် ကိုယ်ထိလက်ရောက် အင်အားသုံး၍ သေဆုံးစေခြင်း၊ မသန်စွမ်းမှုဖြစ်စေခြင်း၊ အနာတရဖြစ်စေခြင်းကို ဆိုလိုပေသည်။
အမျိုးသမီးများ၏ကျား/မတန်းတူညီမျှ အခွင့်အရေး ရရှိမှုကိုဆန်းစစ်ကြည့်လျှင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အခန်းကဏ္ဍအသီးသီးတွင် အချိုးကျ ပါဝင်မှုအားနည်းခဲ့သည်ကိုတွေ့ရှိရသည်။ အသက် အရွယ်မရွေး အမျိုးသမီးအားလုံးသည် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျှ ရပိုင်ခွင့်များကို ခံစားပိုင်ခွင့်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ ပဋိညာဉ်ပါ သာတူညီမျှရှိစေရေး၊ ခွဲခြားဆက်ဆံ ခံရမှုမရှိစေရေး၊ ဖိနှိပ်ချုပ်ချယ်မှု ကင်းစင်ရေးဆိုင်ရာ ဘုံသဘောတူညီမှု ရည်မှန်းချက်များဖြင့် အမျိုးသမီးများ ဖိနှိပ်ခံရမှု ကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိသော်လည်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည် သုံးဦးလျှင် တစ်ဦးမှာ လိင်ကွဲပြားမှု အခြေပြုအကြမ်းဖက်မှု ကြုံတွေ့ရလျက်ရှိသည်။
အကြမ်းဖက်မှုတိုင်းသည် အခြားသူများ၏ အခွင့်အရေးနှင့် လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ မိမိလိုအင်ဆန္ဒပြည့်မီရန် ဆောင်ရွက်ခြင်းသာဖြစ်သည်။ အကြမ်းဖက်မှုပုံစံများကိုလေ့လာကြည့်ရာတွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူကုန်ကူးခြင်းနှင့် အလိုမတူ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းများကိုတွေ့ရှိရပြီး နှိပ်စက်ညှဉ်းပန်းမှုမှတစ်ဆင့် ကိုယ်ခန္ဓာထိခိုက် ဒဏ်ရာရရှိခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပေသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ တစ်မျိုးဖြစ်သည့် သတင်းအချက်အလက် နည်းပညာ အသုံးပြု၍ အွန်လိုင်းမှနှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းစေသည့် ရုပ်ပုံများဖြန့်ဝေခြင်း၊ နောက်ယောင်ခံ လိုက်ခြင်းများသည် အကြမ်းဖက်ခံအမျိုးသမီးများအား စိတ်ထိခိုက်ခံစားမှုကိုဖြစ်ပေါ်စေပြီး စိတ်ဓာတ်ကျဆင်းမှုအလိုက် ပူပန်စိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များဖြင့် စိတ်မလုံခြုံစွာ ရပ်တည်ကြရလေ့ရှိသည်။
မည်သည့်အကြမ်းဖက် ပုံစံဖြင့်မဆို ထပ်မံအကြမ်းဖက် မခံရစေရန် ကာကွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် အသိပညာပေးခြင်း လုပ်ငန်းသည် အသုံးဝင်သည်။
အကြမ်းဖက်ခံအမျိုးသမီးများ၏ ဘဝနောင်ရေး ရတက်အေးစေမည့် အသက်မွေးဝမ်းကျောင်း သင်တန်း၊ အလုပ်အကိုင်ပံ့ပိုး ကူညီရန်လည်း လိုအပ်သည်။ အဆိုပါ လုပ်ငန်းများအပြင် အခြားအခြေခံလူမှုရေး ဝန်ဆောင်မှုများ ရယူနိုင်ရန် တိုးမြှင့်ဆောင်ရွက်ပေးရမည်ဖြစ်သည်။အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်စေရန် အများပြည်သူမှလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးခြင်း၊ အစိုးရများမှလည်း ဥပဒေ၊ မူဝါဒများခိုင်မာစွာ ရေးဆွဲချမှတ်ခြင်း၊ လုပ်ငန်းစီမံချက်များတွင် လူထုအခြေပြု အဖွဲ့အစည်းများ၊ ပရဟိတ လုပ်ကိုင်သူများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ ပါဝင်ပြီး ဒေသတွင်း လှုပ်ရှားမှုမှ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်လျက် အကြမ်းဖက်ခံရခြင်း၏ သဘောသဘာဝနှင့် အခြေခံ အကြောင်းတရားများကို ပြည်သူလူထုသိမြင်နိုင်အောင် အသိပေးခြင်း၊ အကြမ်းဖက်ခံရသူများအား သင့်လျော်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းကျွမ်းကျင် ပညာရှင်များ၏ လူမှုရေး ဝန်ဆောင်မှုများ ပံ့ပိုးခြင်း၊ အကြမ်းဖက်ခံရသူများအား ကူညီရန်အရင်းအမြစ်များကို စုစည်းပြီး ဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပါသည်။
လူတစ်ဦးချင်းစီသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရန် တာဝန်ရှိပေသည်။ အကြမ်းဖက်မှုများသည် မတူညီသော အဆင့်များကို အခြေခံ၍ ဖြစ်ပေါ်လာသဖြင့် အချိန်နှင့်တစ်ပြေးညီ ကာကွယ်တုံ့ပြန်ရန်၊ နည်းလမ်းမျိုးစုံအသုံးပြု၍ ချဉ်းကပ်ဆောင်ရွက်ရန် လိုသည်။ အမျိုးသားအဆင့်၊ ဒေသဆိုင်ရာအဆင့်နှင့် အေဂျင်စီအားလုံးသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ မူဝါဒ၊ စီမံကိန်း၊ စနစ်နှင့်လုပ်ငန်းစဉ်များကို တိကျစွာ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာအစိုးရ အေဂျင်စီ၊ NGO များ၊ ပုဂ္ဂလိကကဏ္ဍများ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက် လှုပ်ရှားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် တားဆီးရန်၊ ကာကွယ်ရန်၊ အရေးယူရန်နှင့် အကြမ်းဖက်ခံရသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများပါဝင်သည်။ အဆိုပါ လုပ်ငန်းစဉ်များတွင် အကြမ်းဖက်ခံရသူ၊ အသက်ရှင်ကျန်ရစ်သူ၊ ဖယ်ကြဉ်ခံထားရသူနှင့် ထိခိုက်လွယ်သော အုပ်စုများမှ အမျိုးသမီးများ၏ အသံကို နားစွင့်ခြင်းဖြင့် တားဆီးကာကွယ်ခြင်းလုပ်ငန်းများ စတင်ရပါမည်။ တားဆီးကာကွယ်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် လုံလောက်သော အချက်အလက်၊ သုတေသန၊ အကဲဖြတ်ဆန်းစစ်မှုနှင့် စောင့်ကြည့်ကြပ်မတ်မှု လုပ်ငန်းများ အချိုးကျပါဝင်သင့်ပြီး တိကျသော ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်သည်။
အကြမ်းဖက်မှုပြုလုပ်သူတိုင်းတွင် တာဝန်အပြည့်ရှိသည်။ အကြမ်းဖက်မှုများ တည်ရှိနေသည့် ပတ်ဝန်းကျင်တစ်ရပ်သည် မငြိမ်းချမ်းနိုင်ပေ။ ငြိမ်းချမ်းသာယာသော ဝန်းကျင်ကောင်းဖန်တီးရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိရန် လိုအပ်သည်။ အကြမ်းဖက်မှုကို တွန်းလှန်တိုက်ထုတ်နိုင်ရေး လူတိုင်းတတ်စွမ်းသရွေ့ ပါဝင်ကြရမည်ဖြစ်သည်။ အကြမ်းဖက်ခံရသူများ၏ ခံစားချက်ကို ဦးစားပေးနားထောင်ပြီး လူအချင်းချင်း အပြန်အလှန်လေးစားမှု ဖော်ထုတ်ပြသရပေမည်။ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာသင်ယူပြီး လှပသောအနာဂတ်ကို ကိုယ်တိုင်ပါဝင် တည်ဆောက်ကြခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်လှုပ်ရှားမှုများ ရပ်တန့်သွားစေမည်ဖြစ်ပါကြောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခါသမယကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ပါသည်။ ။
ထက်ဝေအောင်(စစ်ကိုင်း)