ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပထမအကြိမ်ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေး
နေပြည်တော်၊ နိုဝင်ဘာ ၃၀
ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပထမအကြိမ် ညီလာခံကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ညီလာခံပထမနေ့ကို ဒေသစံတော်ချိန် ၁၄၀၀ နာရီမှ ၁၈၀၀ နာရီအထိ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှား၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ စပိန်၊ အီဂျစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ နယူးဇီလန်၊ ဆော်လမွန်၊ နိုင်ဂျီးရီးယား၊ အီသီယိုး ပီးယားနှင့် အစ္စရေးနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရဲချုပ်များ၊ သံအမတ်ကြီးများနှင့် အင်တာပိုလ်ဥက္ကဌ၊ ဒုတိယဥက္ကဌတို့ အပါအဝင် နိုင်ငံ ၃၈ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၀၀ ဉီး တက်ရောက်ခဲ့ကြပါသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr.Wang Xiaohongက မိန့်ခွန်းပြောကြားခဲ့ပြီး ညီလာခံအားအပိုင်း ၄ ပိုင်းခွဲ၍ လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာကြီးတွင် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်းတစ်ရပ်ပေါ်ထွန်းလာစေရေး၊ လုပ်ငန်းတာဝန် ကျွမ်းကျင်မှု ရှိပြီး ထိရောက်မှုရှိသော တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ပေါ်ထွန်းလာစေရေး၊ အနာဂတ်တွင် အဆင်သင့်ဖြစ်စေရန် စွမ်းရည် မြှင့်တင်ရေး အစီအစဉ်များ ပိုမိုတိုးမြှင့်ပြုလုပ်ပေးရေး၊ လုံခြုံစိတ်ချရမှုရှိသော ဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်လာစေရန် လုံခြုံရေးဆိုင်ရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့် ယန္တရားတစ်ရပ် ပေါ်ထွန်းလာစေရေးစသည့် ခေါင်းစဉ် ၄ ရပ်ဖြင့် ဆက်လက် ပြုလုပ်ခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှုများနှင့် အတား အဆီးများအား ထိရောက်စွာဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ခိုင်မာအားကောင်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာပြစ်မှု ကြိုတင်ကာကွယ်ရေးနှင့်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုများကို ထိရောက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံအချက်တစ်ရပ်အနေဖြင့် မိမိတို့သည် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲ စာချုပ်များအပါအဝင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ စာချုပ်များ၊ သဘောတူညီချက်များအား ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ညီလာခံဒုတိယနေ့ကို ဒေသစံတော်ချိန် ၀၇၃၀ နာရီမှ ၁၅၀၀ နာရီအထိ Video Conferencing ဖြင့် ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဖိုရမ်၊ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာဖိုရမ်၊ ရဲအကယ်ဒမီ ကျောင်းအုပ်ကြီးများ ဖိုရမ်စသည်ဖြင့် ဖိုရမ် ၃ ခုခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။