ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်တွဲကားတစ်စီး မီးလောင်မှုဖြစ်ပွား

နေပြည်တော်  အောက်တိုဘာ  ၂၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နွားထိုးကြီးမြို့နယ် ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းအပိုင်တွင်   ယနေ့မွန်းလွဲပိုင်း၌ ကုန်တင်တွဲကားတစ်စီး ဦးခေါင်းပိုင်းမီးလောင်မှု ဖြစ်ပေါ်ခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီ ၂၅ မိနစ် ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်၊ ၃၁၉/၅ အနီး၌ မန္တလေးမှ ရန်ကုန်သို့ ယာဉ်မောင်းအောင်နိုင်စိုး တံတားဦးမြို့နယ်နေသူ တစ်ဦးတည်း မောင်းနှင် လာသော ယာဉ်အမှတ်၊ YGN-4N/---- MAN ဘီး နောက်တွဲအမှတ် 1TLR/----အဖြူရောင်ယာဉ်သည် ဘိလပ်မြေအိတ်များ တင်ဆောင်မောင်းနှင်လာစဉ် စက်ချွတ်ယွင်း၍ လမ်း၏ ယာဘက်မြေသားလမ်းပေါ်သို့ ဆွဲချခဲ့စဉ်အရှိန်မထိန်းနိုင်ဘဲ တံတားကွင်း လမ်းဖောက်လုပ်နေသည့် ချောက်အတွင်းသို့ဦးခေါင်း ပိုင်းထိုးကျ၍ ဝါယာရှော့ခ်ဖြစ်ကာ ယာဉ်၏ရှေ့ဦးခေါင်းပိုင်းမီးလောင်ကျွမ်းခဲ့ပြီး ယာဉ် မောင်းမှာထိခိုက်ဒဏ်ရာ မရရှိခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားပေါ့ လျော့စွာမောင်းနှင်၍ မီးလောင်မှုဖြစ်ပွားပြီး ယာဉ်ပျက်စီးဆုံးရှုံးစေသူ ယာဉ်မောင်း အောင်နိုင်စိုးအား ပြင်စည် အမြန်လမ်းမကြီး ရဲစခန်းယာဉ်(ပ)၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

ရဲဝင်းနိုင်(နေပြည်တော်)