ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေး ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၃၀
ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovichနှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပထမအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဌများ ဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ် ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့က နှုတ်ခွန်းဆက် စကားများပြောကြားကြသည်။
ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဌနှစ်ဦးက အစည်း အဝေး အစီအစဉ်အား အတည်ပြုကြပြီး အစည်းအဝေးတက်ရောက်လာသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။