နိုင်ငံ့စီးပွားတိုးတက်စေဖို့ MSME လုပ်ငန်းတက်ညီလက်ညီဆောင်ရွက်စို့
ကမ္ဘာကြီးသည် အရွေ့အပြောင်း အလွန်မြန်ဆန် လာနေပြီဖြစ်သည်။ သိပ္ပံနှင့်နည်းပညာများ အံ့မခန်း တိုးတက်လာမှုနှင့် အတူ ကမ္ဘာ့လူသား အများစုသည်လည်း ခေတ်မီတိုးတက် လာကြသည်။ ခေတ်မီတိုးတက်လာမှုနှင့် တစ်ဆက်တည်းတွင် လိုအပ်ချက်များလာမှု ဆက်နွှယ်ပတ်သက်လာသည့် စားရေရိက္ခာ၊ အသီးအနှံ၊ စက်မှုပစ္စည်း၊ လူ့အသုံးအဆောင် အဝတ်အစား၊ စက်မှုနှင့် စိုက်ပျိုးမွေးမြူရေးသုံးဆက်စပ်ပစ္စည်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် တခြားသောလိုအပ်ချက်များ ကြီးမားလာခြင်းသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆင်းရဲချမ်းသာ ကွာဟချက် ပိုမိုများပြားလာခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ တိုးတက်အောင် အားပေး၍ ပြည်တွင်း လိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစား အကောင်အထည်ဖော်ရန် များစွာ လိုအပ်သည်။ မျက်မှောက် ၂၁ ရာစုကာလတွင် ကမ္ဘာ့ နိုင်ငံအသီးသီးတို့သည် မိမိနိုင်ငံစီးပွားရေး ခိုင်မာ တောင့်တင်းစေရန် နိုင်ငံအလိုက် စီးပွားရေးမူဝါဒများ ချမှတ်ကျင့်သုံးလျက်ရှိကြသည်။ အထူးသဖြင့် ကမ္ဘာ့လူသားများ၏ ခေတ်နှင့်အညီ လိုအပ်မှု၊ အသုံးပြုမှု၊ ကုန်ထုတ်လုပ်နိုင်စွမ်း ဝယ်လိုအား၊ တီထွင်ဆန်းသစ်မှု စသည်တို့ကိုတွက်ချက်၍ လိုအပ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ကာ အပြိုင်အဆိုင်ကြိုးစား လာကြသည်။
စီးပွားရေးလုပ်ငန်းများ ထူထောင်ရာတွင် ပြည်တွင်း လိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုတို့ အဆင်ပြေအောင်လည်း တွက်ချက် အကောင်အထည်ဖော်ကြသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကောင်း၊ မကောင်းကို နိုင်ငံ၏ GDP ကိုလေ့လာကြည့်က သိနိုင်သည်။ အခြေခံအကျဆုံးအချက်ဖြင့် တွက်ချက်ကြည့်ပါက နိုင်ငံတစ်ခု၏ စီးပွားရေးသည် ပြည်ပပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးတို့၌ များစွာမူတည်လျက်ရှိသည်။ ပြည်ပမှ မှာယူ တင်သွင်းမှုများနေသမျှ စီးပွားရေး တိုးတက်မှုသည်လည်း အနုတ်လက္ခဏာပြနေမည်သာဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအင်အား တောင့်တင်းသော နိုင်ငံများကိုလေ့လာကြည့်သော် ခေတ်ပညာတတ် ပေါများပြီး သိပ္ပံနှင့်နည်းပညာက အဆင့်မြင့်ကာ ဆန်းသစ်တီထွင်မှု အားကောင်းသည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်သည်။ လေးနက်သော အခြေခံအကြောင်း တရားတစ်ရပ်ကို ရှာဖွေတွေ့ရှိသည်။ ပြည်တွင်း လိုအပ်ချက်ကို ပြည်တွင်း၌သာ ထုတ်လုပ်နိုင်ရေး အလေးပေးခြင်းပင်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည်ပမှ မတင်သွင်းရသဖြင့် အသားတင်ထုတ်ကုန် တန်ဖိုးမြင့်မားသလို ပြည်တွင်းထုတ်ကုန်ပိုလျှံမှုအား ပြည်ပသို့တင်ပို့ခြင်းဖြင့် စီးပွားရေးအင်အား ပိုမိုခိုင်မာလာစေသည်။
နိုင်ငံအချို့သည် စီးပွားရေးနှင့်ပတ်သက်သည့် သုတေသနပြုမှု အားကောင်းကြပြီး မည်သည့်ကုန်ပစ္စည်း အသစ်ထွက်ရှိကြောင်းကို အချိန်နှင့်တစ်ပြေးညီ သိအောင်ဆောင်ရွက်သည်။ မကြာမီအချိန်ပိုင်းအတွင်း ထိုကုန်ပစ္စည်းကို မိမိနိုင်ငံအတွင်းရအောင် ထုတ်သည်။ ထုတ်ကုန်လိုအပ်ချက် အနည်းအများ၊ ထုတ်ကုန်၏ အရည်အသွေးနှင့် ဝယ်လိုအားတို့ကို မူတည်လျက် အဆင့်မြင့်ထုတ်ကုန် ဖြစ်အောင်ပြုပြင်ရင်း ပြည်ပသို့ ပို့ကုန်အဖြစ် ပို့ဆောင်နိုင်သည်အထိ အကျိုးပြုလာသည်။ အဓိကအားဖြင့် နိုင်ငံအတွင်းရှိနေသော အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အားကောင်းရေးကိုပုံဖော်ပြီး နိုင်ငံခြားဝင်ငွေ စီးဝင်လာအောင် ကြိုးစားနိုင်ကြခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေး အတွက် အခြေခံကျသော အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)စီးပွားရေးလုပ်ငန်း လေးသောင်းကျော်ရှိရာ ၂၀၁၅ ခုနှစ် မြန်မာ့စီးပွားရေး လုပ်ငန်းစစ်တမ်းအရ စီးပွားရေးလုပ်ငန်း အရေအတွက် အများဆုံးသည် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင်ရှိပြီး စုစုပေါင်းလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းရှိသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်း ကျော်မှာ လုပ်ငန်းငယ်များသာဖြစ်သည်။ မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်မှု စစ်တမ်း(၂၀၁၇)တွင်မူ ထုတ်လုပ်မှုလုပ်ငန်း အများစုသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိကြပြီး တောင်ပိုင်းကမ်းရိုးတန်းဒေသ တစ်လျှောက်တွင်နည်းပါးကြောင်း သိရသည်။ ပြည်ပမှတင်သွင်းသည့် စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်းများမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်လက်လှမ်းမီနိုင်သည့် နိုင်ငံတကာ အဆင့်အတန်းမီမှု လွန်စွာနည်းပါးကြောင်း ထိုစစ်တမ်းတွင် ဖော်ပြပါရှိသည်။ စစ်တမ်းအရ နိုင်ငံတော်၏ စီးပွားရေး တိုးတက်စေရန်အတွက် MSME စီးပွားရေးလုပ်ငန်းများ အားကောင်းလာအောင် များစွာပြုပြင်ပြောင်းလဲရမည်မှာ အထင်အရှားပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပေါများရေးနှင့် ပြည်တွင်းစီးပွားရေး ကောင်းမွန်စေရေးအတွက် ဦးဆောင်ကြိုးပမ်းလျက် ရှိရာတွင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် ပါဝင်ဆောင်ရွက်ကြရပေမည်။ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ ကုန်ကြမ်းများပေါများရေး၊ သွင်းအားစုများ လုံလောက်စွာရရှိရေး၊ အရင်းအနှီးများ ရရှိရေးနှင့် လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရန်တို့လိုအပ်သည်။ ကုန်ကြမ်းကို ပြည်တွင်း၊ ဒေသတွင်း၌ လုံလောက်စွာရရှိရန် လိုအပ်သကဲ့သို့ သွင်းအားစုနှင့် ပတ်သက်၍လည်း ပြည့်စုံစွာရရှိမည် ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများအတွက် အရေးပါသည်မှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ် များစွာရှိသည်။ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းမှာ အရင်းအနှီးကြီးမားသော်လည်း ရေရှည်အတွက် ကောင်းမွန်သည့်လုပ်ငန်း တစ်ရပ်ဖြစ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို မကြာမီတွင် မြင်တွေ့ရမည်ဖြစ်သည်။ လုပ်ငန်းများအားလုံးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ရရှိရေးတွင် ရေအားလျှပ်စစ်နှင့် နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများအပြင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်ရမည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့်ကဏ္ဍစုံတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးမှာ ပြည်သူတို့၏ မျှော်လင့်ချက်ဖြစ်သည်။ လုပ်ငန်းတိုင်း အောင်မြင်စွာ လည်ပတ်နိုင်ရန်အတွက် သွင်းအားစုများ ဖြည့်တင်း ပေးနိုင်ရေးမှာလည်း အရေးပါသည်။ စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေနှင့်မြေသြဇာ၊ မွေးမြူရေးလုပ်ငန်းအတွက် တိရစ္ဆာန်အစားအစာ၊ စက်မှုလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အားတို့ရရှိမှသာ လုပ်ငန်းများပိုမိုအောင်မြင်မည်ဖြစ်သည်။ လုပ်ငန်းများ လည်ပတ်ရန် အတွက် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့် ပတ်သက်၍ ပြန်လည် ပေးဆပ်ရန် ကာလကိုလည်း သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ် သုံးစွဲငွေများ ရှိပြီးဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ချေးငွေများကိုလည်း ထုတ်ချေးပေးလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေး ကောင်းမွန်ရေးမှာ သွင်းကုန်လျော့နည်းပြီး ပို့ကုန်များပြားစွာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ပြည်ပသို့ အဆင့်အတန်းမီ ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် စွမ်းဆောင်ကြိုးစားနေရသလို ပြည်ပမှဝယ်ယူ တင်သွင်းမှုများကိုလည်း လျော့နိုင်သမျှလျော့နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ စတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့် ပတ်သက်၍ မြေ၊ ရေနှင့်လူ့စွမ်းအား အရင်းအမြစ်များရှိပြီးဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ကြရန်သာဖြစ်သည်။ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည် ဆိုပါက ပြည်တွင်းဆီ ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သည်။ ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာစိုက်ပျိုး နိုင်မည် ဆိုပါကလည်း ပြည်တွင်းဆီ လိုအပ်ချက်ပြည့်မီ ဖူလုံစေပြီး စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူအဖြစ် ရောက်ရှိမည်ဖြစ်သည်။
စားသုံးဆီနည်းတူမဖြစ်မနေ တင်သွင်းနေရသည်မှာ စက်သုံးဆီဖြစ်သည်။ စက်သုံးဆီကို နှစ်စဉ်တင်သွင်း အသုံးပြုနေရသဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်များ၊ ကန့်သတ်ချက်များ ဖြစ်ပေါ်လျက်ရှိသည်။ စက်သုံးဆီ လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားသုံး အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေးကို အချိန်ယူဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင်လည်း လောင်စာနှင့် ဓာတ်ငွေ့များ အသုံးပြုခြင်းထက် နေရောင်ခြည် စွမ်းအင်သုံးနှင့် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထုတ်ယူနိုင်ရေးအတွက်လည်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ရာ အောင်မြင်မှု သတင်းကောင်းများ ကြားရမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဆန်စပါးကဏ္ဍသည် ယခင်ကထက်ပိုမို ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်။ ခေတ်နှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် အရည်အသွေးနှင့် အထွက်နှုန်းပိုမို ကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်း တစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အမျိုးသားပို့ကုန် မဟာဗျူဟာ ရည်မှန်းချက်အရ မြန်မာ့ဆန်စပါး တိုးတက်ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် မြန်မာ့ဆန်စပါး ညီလာခံ ၂၀၂၂ ကို နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့်ကြိုးပမ်းစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့သည်။
MSME လုပ်ငန်းများအတွက် ကုန်ကြမ်းများရရှိရေး၊ လိုအပ်သည့် ငွေကြေးများရရှိရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အပါအဝင် လိုအပ်ချက်များကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ဖြည့်ဆည်းပေးခဲ့ပြီး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများ၊ တိုက်တွန်းအားပေးမှုများကို ပြုလုပ်ပေးခဲ့ရာ MSME စီးပွားရေး လုပ်ငန်းအတွက် ကြီးမားသည့် အင်အားကိုဖြစ်ပေါ်စေရာ နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်ကြရေး လိုအပ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
အောင်ထက်လင်း(ကြိမ်ချောင်း)