နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅)နှစ်မြောက် စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြု အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅)နှစ်မြောက် စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြု အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ - ၁

(၇၅)နှစ်မြောက်စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုးရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ချီးမြှင့် သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အငြိမ်းစား စစ်လက်နက်ပစ္စည်း တပ်ဖွဲ့ဝင် အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင် နှင့် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တို့က (၇၅)နှစ်မြောက်စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၇၅)နှစ်မြောက် စိန်ရစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၇၅)နှစ်မြောက် စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ယနေ့ သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကာလတွင် မြန်မာ့တပ်မတော်စတင် ဖွဲ့စည်းခဲ့ သည့် အချိန်ကပင် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည့် စစ်လက်နက် ပစ္စည်းတပ်ဖွဲ့၏ ၇၅ နှစ်ပြည့်မြောက်သော အခါသမယပင်ဖြစ်ကြောင်း။

တပ်မတော်စတင်တည်ထောင်ချိန်မှ  ယနေ့ကာလအထိ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များအပေါ်တွင် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့် “ တိုက်ပွဲအတွက် စစ်လက်နက်၊ အောင်ပွဲရှေးရှု ထောက်ကူပြု ” ဆိုသည့်  ဆောင်ပုဒ်နှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင်  စွမ်းဆောင်ခဲ့ကြသည့်အတွက်  ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ။

စစ်လက်နက်ပစ္စည်းတပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေးအကြိုကာလတွင် အရေးအပါဆုံး အချိန်ဖြစ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဗမာ့ တပ်မတော်စစ်လက်နက်ပစ္စည်းတပ်  (Burma Army Ordnance Depot-B.A.O.D)အဖြစ် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ကို “ စစ်လက်နက်ပစ္စည်း တပ်ဖွဲ့နေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း။

လွတ်လပ်ရေးရပြီးစအချိန်တွင် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့် ဝေဟင်မှ ခဲယမ်းမီးကျောက်များ ထောက်ပံ့ရေးလုပ်ငန်းများကို တီထွင်စမ်းသပ်နိုင်ခဲ့ပြီး ၁၉၄၉ ခုနှစ် သောင်းကျန်းသူ နှိမ်နင်းရေးတိုက်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ၎င်းအချိန်ကစပြီး လေယာဉ်ဖြင့် ခဲယမ်းများ ထောက်ပံ့ခြင်းလုပ်ငန်း တဖြည်းဖြည်း တိုးတက်လာခဲ့ရာ ယနေ့အချိန်ထိ တိုင်ပဲ ဖြစ်ကြောင်း။

ခေတ်ကာလအဆက်ဆက် စစ်ရေး၊ စစ်ရာ ကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် ယနေ့ကာလအထိတိုင် လက်နက်စွမ်းရည်နှင့် အုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်သည့် အစု အဖွဲ့များသည် နယ်ပယ်အလိုက် အောင်မြင်မှုရရှိခဲ့ကြသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း။ စစ်ပွဲအယူအဆများနှင့် သဘောတရားရေးရာများ မည်သို့ပင် ပြောင်းလဲစေကာမှု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့၏ အရေးပါမှု အခန်းကဏ္ဍသည် ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် သေနင်္ဂဗျူဟာပျို့တွင် “ မြစ်တွင်းကြီးခေါင်၊ ရွက်ဆောင် မချို့၊ တို့တွင်မြို့က၊ သယ်ပို့လှောင်ထား၊ ဆန်စပါးနှင့် သောက်စားဘွယ်ဘွယ်၊ အသွယ်သွယ် ဖြင့်၊ ကြီးငယ်မျှစေ၊ စစ်ပျိုစေရှင့်” ဟုဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ကမ္ဘာ့စစ်ပွဲများကို လေ့လာကြည့်မည်ဆိုလျှင် အုပ်ချုပ်ထောက်ပံ့မှုကောင်းမွန်ပြီး တိုက်ပွဲဝင်စိတ်ဓာတ် မြှင့်တင် ပေးနိုင်သည့် တပ်မတော်များကသာ တိုက်ပွဲအောင်မြင်ခြင်းဆိုသည့် သော့ချက်ကို  သမိုင်း၌  ထင်ရှားစွာ‌ တွေ့ရမှာဖြစ်ကြောင်း။

စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့ကာလ တိုင်အောင် လူအင်အား၊ တပ်အင်အား၊ ဖွဲ့စည်းပုံမျိုးစုံ၊  အမည်နာမမျိုးစုံ ပြောင်းလဲခဲ့ သော်လည်း တပ်ဖွဲ့၏ အနှစ်သာရဖြစ်သော “ ပစ္စည်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ အရည် အသွေးမှန် ထိန်းသိမ်းထုတ်ပေးရန် ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်လျက်ရှိကြကြောင်း။

စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များ အနေဖြင့် မူလတာဝန်များကို သာမက တပ်မတော်၏ အဓိကလုပ်ငန်းကြီးသုံးခုတွင် ပါဝင်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်း များနှင့်ပတ်သက်ပြီး ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းအပြင် ယင်းနောက်ပိုင်း ဖြစ်ပွားခဲ့သည့် အခြားသော သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များ၏   ပညာရပ်ပိုင်းဆိုင်ရာများကို  နိုင်ငံတကာ နှင့်  ရင်ပေါင်တန်းနိုင်ရေး ၊ ခေတ်မီ ခဲယမ်းမီးကျောက်များနှင့်   စစ်လက်နက်ပစ္စည်းများကို   ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့လည်း ပညာတော်သင်များ စေလွှတ်ပေး ပြီး သင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့၌ ရှိပြီးသား ပညာရပ်များနှင့် ပေါင်းစပ်ပြီး စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များက အရာရှိ/စစ်သည်များကိုလည်း သိရှိနားလည်အောင် သင်ကြားလေ့ကျင့်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း။   

စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့် တိုက်ပွဲဝင်စစ်သည်များအတွက် လက်နက်/ ခဲယမ်းများ သယ်ယူထောက်ပံ့ပို့ဆောင်ပေးရသည့် လုပ်ငန်းများအပြင် တပ်မတော်သားများ အတွက် လိုအပ်သည့် စစ်ဝတ်တန်ဆာပလာပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ပြည်သူလူထုအတွက် လိုအပ်သည့် ဈေးကွက်ဝင်ပစ္စည်းများကိုပါ သက်သာသော ဈေးနှုန်း များဖြင့် ရောင်းချပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိကြောင်း။

စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ ကွပ်ကဲမှုအောက်တွင်ရှိသည့် တပ်မတော်စက်ရုံများ အနေဖြင့် ပြည်ပနိုင်ငံထုတ် စစ်ဝတ်တန်ဆာပလာများအပေါ် အမှီအခိုကင်းပြီး မိမိ တပ်မတော်၏ ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သော အရည်အသွေးမြင့် စစ်လက်နက် ပစ္စည်းများဖြင့် တပ်မတော်တစ်ရပ်လုံး၏ လိုအပ်ချက်များကို ပြည့်ဝစွာ ဖြည့်ဆည်းပေး လျက်ရှိကြောင်း၊ ပိုလျှံစက်စွမ်းအားများဖြင့် ပြည်သူလူထုကို အထောက်အကူပြုသည့် ဈေးကွက်ဝင် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမှန်၊ ကုန်ပစ္စည်းမှန်၊ အရည်အသွေး မှန်ကန်စွာဖြင့် သက်သာစွာ ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း။

ထိုသို့ ပြည်တွင်းစက်ရုံများ၏ ထုတ်လုပ်ရောင်းချပေးခြင်းအားဖြင့် နိုင်ငံတော်၏ သွင်းကုန်အစားထိုးရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားရေး၊ တစ်နည်းအားဖြင့် Importer မှ Exporter သို့ ဦးတည်ချက်နှင့်အညီ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက် မပြတ် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။      

(၇၅)နှစ်တာကာလအတွင်း စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များအနေဖြင့် ပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်အတွက် ဇေယျကျော်ထင်ဘွဲ့ ရရှိသူ ၃ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၄ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၃၃ ဦး၊ စီမံထူးချွန် တံဆိပ်(ဒုတိယအဆင့်)ရရှိသူ ၂ ဦး၊ စီမံထူးချွန်တံဆိပ်(တတိယအဆင့်)ရရှိသူ ၁ ဦး၊ စက်မှု စီးပွား(တတိယအဆင့်)ရရှိသူ ၁ ဦးရရှိခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူအသိအမှတ် ပြုပါကြောင်း။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းကာလအတွင်း တပ်မတော်၏ ဦးဆောင်မှု အခန်းကဏ္ဍအောက်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည့် စစ်လက်နက် ပစ္စည်းတပ်သည် ယနေ့တွင်  ပင်စည်ကြီးကြီးမားမားဖြင့် အကိုင်းအခက်များ ဝေဆာနေသည့် တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ စစ်လက်နက်ပစ္စည်း တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များသည်  နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသည့် တာဝန်များအပေါ် ဦးလည်မသုန်ထမ်းရွက်နိုင်ခဲ့ကြသည် မှာ (၇၅)နှစ်တာ ခရီးက  သက်သေပြခဲ့ကြသည်ကို တွေ့ရှိရမှာ ဖြစ်ကြောင်း၊ မျိုးဆက်သစ် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်း တာဝန်ယူ ထိန်းသိမ်းသွားကြပြီး အနာဂတ်တပ်မတော်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင် များကို အဖိုးတန်အမွေဖြစ် ပေးအပ်သွားကြရန်နှင့် ချမှတ်ထားသည့် မိမိတို့၏ ကြွေးကြော်သံ၊ ဆောင်ပုဒ်များအတိုင်း ကျရာတာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်နိုင်ကြ ရန်တိုက်တွန်းပါကြောင်းနှင့် ယခုကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုတပ်ဖွဲ့နေ့မှသည် နောင်လာမည့်ရတုများစွာတိုင် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ အဓွန့်ရှည်တည်တံ့နိုင်ပါစေကြောင်း  ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင် က စစ်လက်နက်ပစ္စည်းတပ်ဖွဲ့သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ ဂုဏ်ပြု သီချင်းဖြင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များက  ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးက (၇၅)နှစ်မြောက်စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တက်ရောက်လာကြသည့် အငြိမ်းစား စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး တက်ရောက်လာကြသူများနှင့်အတူ(၇၅)နှစ်မြောက်စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။