ကလေးငယ်နှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း

ကလေးငယ်နှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း

ကလေးငယ်တို့ဟာ တစ်ခါတစ်ရံဆော့ကစားနေရင်း ဗြုန်းခနဲမိနစ်ပိုင်းအတွင်း အသက်ရှူကျပ် သွားတတ်တယ်။ သည်လိုမိနစ်ပိုင်းအတွင်း အသက်ရှူကျပ်တဲ့ လက္ခဏာထွက်ပေါ်လာရင် အသက်ရှူလမ်းကြောင်း၊ လေပြွန်ကို တစ်စုံတစ်ခုပိတ်ဆို့သွားလို့ အသက်ရှူကျပ်သွားခြင်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်ဟာ  ရောဂါပိုးမွှားကြောင့်လည်း အသက်ရှူကျပ်သွားနိုင်ရာ နာရီပိုင်းမှရက်ပိုင်းအထိ ကြာတတ်ပါတယ်။ ချက်ချင်းအသက်ရှူကျပ်သွားပါက အသက်ရှူလမ်းကြောင်းမှာ တစ်စုံတစ်ခုပိတ်နေလို့ နီးစပ်ရာဆေးရုံဆေးခန်း ချက်ချင်းပို့ရမှာ ဖြစ်တယ်။

ပို့ပေးရမှာလည်း   ကလေးငယ်ဟာ စောင်းနေရင် သက်သာသလား  သို့မဟုတ်  ပွေ့ထားရင် သက်သာသလား။ ဘယ်အနေထားမှာ သက်သာတာကို ဂရုတစိုက်ကြည့်ထားဖို့လိုတယ်။ သက်သာတဲ့ အနေအထားနဲ့ ဆေးရုံဆေးခန်းကို ကလေးကို ခေါ်လာရမှာ ဖြစ်တယ်။

 အသက်ရှူလမ်းကြောင်း၊ လေပြွန်ပေါက်ပိတ်ခြင်းဟာ အရေးကြီးလှပါတယ်။ အချိန်အနည်းငယ်အတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း၊ လေပြွန်ပေါက်ဟာ တစ်စုံတစ်ခုကြောင့် ပိတ်တတ်သလို ဗိုင်းရပ်ပိုးနဲ့ ဗက်တီးရီးယားပိုးကြောင့်   ကလေးမှာရောဂါရကာ အဆုတ်အထက်ပိုင်းနဲ့   အောက်ပိုင်းလေပြွန်ပေါက်များ ပိတ်ရာမှာလည်း  အသက်ရှူကျပ်လာနိုင်ပါတယ်။

 ရောဂါပိုးများကြောင့် အသက်ရှူလမ်းကြောင်းပိတ်ခြင်း အကြောင်းကို အဆုတ်ရောင်ခြင်းမှာ ရှင်းလင်းထားပါတယ်။ ကလေးဘဝက ကာကွယ်ဆေးများအပြည့်အဝထိုးနှံထားဖို့ လိုပါတယ်။  ဆုံဆို့နာ၊ ြက်ညှာရောဂါတို့မှာ အသက်ရှူမဝ၊ ရှူမရအောင်   ချောင်းဆိုးတာ ခံစားရပါတယ်။ ဒါကြောင့်  အသက်နှစ်လ၊ လေးလနဲ့ ခြောက်လသားအရွယ်တွေမှာ  ဆေးငါးမျိုးပါကာကွယ်ဆေးဖြစ်တဲ့  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊   ဦးနှောက်အမြှေးပါးကာကွယ်ဆေးထိုးနှံပေးပြီး ပါးစပ်မှ  ပိုလီယိုကာကွယ်ဆေးတစ်စက်အစက်ချပါတယ်။  အသက်နှစ်လသားအရွယ်မှာ အဆုတ်တီဘီကာကွယ်ဆေး(BCG)ထိုးနှံပါတယ်။

ကလေး  ငါးလ ခြောက်လအရွယ်မှာ  အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်ဆေးနဲ့ ရိုတာဗိုင်းရပ် ကာကွယ်ဆေးထိုးနှံပေးပါတယ်။ အသက် လနဲ့ ၁၈ လအရွယ်တွေမှာ  ဝက်သက်ကာကွယ်ဆေး ထိုးနှံစေပါတယ်။ အသက် ရှစ်နှစ် ကိုးနှစ် မိန်းကလေးတွေ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံစေသလို အသက် ၁၄  နှစ်အောက်မှာ ဝက်သက်နဲ့ဂျိုက်သိုးကာကွယ်ဆေးထိုးနှံ ပေးပါတယ်။  အသက်  ငါးနှစ်မှ၁၈ နှစ်အတွင်း  ကိုဗစ်-၁၉  ကာကွယ်ဆေးနှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေးများ   ထိုးနှံပေးလျက်ရှိပါတယ်။

ကစားရာမှ ပစ္စည်းတစ်စုံတစ်ခုကြောင့်  အသက်ရှူလမ်းကြောင်းပိတ်ခြင်းကိုရှင်းလင်းရာမှာ မတော်တဆ သြဇာစေ့၊ နေကြာစေ့၊ ကလေးသေနတ်ပစ်ဘောစေ့တို့ နှာခေါင်းထဲမတော်တဆ ရောက်ရှိရာမှ အသက်ရှူလမ်းကြောင်းပိတ်ခြင်း ဖြစ်တတ်ပါတယ်။

ကလေးဟာ တစ်ခါတစ်ရံကိုယ်ကစားနေတဲ့ ပစ္စည်းကလေးတွေကို ပါးစပ်ထဲ၊ နှာခေါင်းထဲထည့်တတ်တယ်။ ကလေးများ ပါးစပ်ထဲထည့်တတ်တဲ့  ပစ္စည်းတွေက ငါးပြားစေ့လိုအကြွေစေ့၊ သြဇာစေ့၊ ပဲကြီးစေ့၊ ပါတာနီပဲလှော်တို့ဖြစ်တယ်။ ဆရာဝန်များ၊ ကျန်းမာရေး ပညာပေးသူများက ကလေးများ ငါးပြားစေ့၊ သြဇာစေ့၊ ပဲလှော်စတာနဲ့ကစားရင်း  မတော်တဆ ပစ္စည်းက နှာခေါင်း သို့မဟုတ် ပါးစပ်မှာနင်ကာ အသက်ရှူလမ်းကြောင်းပိတ်တတ်ပါတယ်။ တစ်ခါတစ်ရံသကြားလုံးကျွေးခြင်း၊ ပီကေဝါးခြင်းတို့မှာလည်း မတော်တဆ တစ်၍ အသက်ရှူကျပ်နိုင်တယ်။

   ကလေးကစားစရာပစ္စည်း ထည့်နေချိန်မှာ မိခင်က အလန့်တကြားအော်လိုက်ရင် ကလေးကလန့်ပြီး မျိုချမိသွားတယ်။ သြဇာစေ့ဟာအသက်ရှူလမ်းကြောင်းအတွင်း ရောက်ရှိကာ အသက်ရှူကျပ်ရခြင်းပဲ ဖြစ်တယ်။

ကလေးရဲ့ ပါးစပ်ထဲတစ်စုံတစ်ခုရှိနေရင် မိဘအုပ်ထိန်းသူတို့က အလန့်တကြားမအော်ဘဲ ဖြည်းဖြည်းအေးအေးနဲ့ ပါးစပ်ထဲကပစ္စည်းကို ထုတ်ယူသင့်ကြောင်း၊ အကင်းပါးပါးနဲ့  အဆိုပါပစ္စည်းများ ဖယ်ထားသင့်ကြောင်း သိသင့်ပါတယ်။  မြင်မြင်ချင်းမမျိုချခင်မှာ ပါးစပ်ထဲ လက်ညှိုးထိုးထည့်ကာ ဝင်သွားတဲ့ ပစ္စည်းကို ချက်ချင်းနှိုက်ထုတ်သင့်ပါတယ်။

 ကလေးဟာ အစားအသောက်စားနေရင်၊ ရေသောက်နေရင် အထိတ်တလန့် မဖြစ်စေသင့်ပါဘူး။အစာစားနေရင်း၊ ကလေးကိုလှန့်လိုက်ရင်၊ ကလေးကို ရယ်အောင်မြှူလိုက်ရင်  ကလေးကလန့်သွားရာမှ၊ အားရပါးရရယ်ရာမှ  အစာနဲ့ရေဟာအသက်ရှူလမ်းကြောင်းထဲရောက်သွားကာ  ကလေးသီးသွားနိုင်တယ်။   ကလေးပါးစပ်အတွင်း အစာ  သို့မဟုတ် ရေတစ်ခုခုရှိနေရင် ငိုအောင်၊ ရယ်အောင် မပြုလုပ်ဖို့ လိုအပ်ပါတယ်။

  ကလေးရဲ့ အသက်ရှူလမ်းကြောင်းပြွန်ထဲကိုပြင်ပမှ အရာဝတ္ထုများ ဝင်လာတဲ့အခါ ခွဲစိတ်ပြီးထုတ်ရပါတယ်။ ခွဲစိတ်လို့ထုတ်ရတယ် ဆိုပေမယ့် ကလေးလည်ချောင်းအတွင်းမှာ  အချို့ပစ္စည်းတို့က  ဓာတ်မှန်ရိုက်ပြီး မပေါ်တတ်ဘူး။ ပလတ်စတစ်စေ့၊ ပဲလှော်စေ့၊ သီးနှံစေ့များဟာ ဓာတ်မှန်ရိုက်ရင်မပေါ်ဘဲ သံ၊ ပိုက်ဆံအေ<ကစေ့တို့သာ ဓာတ်မှန်မှာပေါ်လို့  ဓာတ်မှန်မှာမပေါ်တဲ့ပစ္စည်းများဖြစ်ရင် ကုသရာမှာခက်ခဲတတ်တယ်။

 ကလေးဟာတစ်ခါတစ်ရံနှာခေါင်းတစ်ဖက်တည်းမှ နှာရည်များကျလာတယ်။ ကျလာတဲ့နှာရည်များကလည်း နံနေရင် နှာရည်ကျတဲ့ နှာခေါင်းတစ်ဖက်မှာ ပစ္စည်းတစ်ခုခုဝင်နေကြောင်း သေချာပါတယ်။

ကလေးငယ်များဟာ  ပစ္စည်းတစ်ခုအသစ်အဆန်းတွေ့ရှိရင် နှာခေါင်းထဲထည့်တတ်တဲ့ အကျင့်ရှိတတ်တယ်။   တစ်ခါတစ်ရံ စက္ကူစများ၊ တုတ်ချောင်းများကို ကိုယ့်ဘာသာထည့်ရာမှ နှာခေါင်းထဲဝင်သွားရင် အဆိုပါပစ္စည်းက ပြန်ထွက်မလာဘဲ အနာဖြစ်ကာ နှာရည်များ ကျလာခြင်းဖြစ်တယ်။ ကလေးနှာခေါင်းထိပ်မှာ တစ်စုံတစ်ခုဝင်ရောက်နေတာသေချာလို့ ဆေးရုံအမြန်ပို့ဆောင်ဖို့ လိုအပ်လှပါတယ်။

 ကလေးရဲ့အသက်ရှူလမ်းကြောင်းမှ အခြားပစ္စည်းတစ်ခုခုရောက်နေရင် အချိန်ကြာလေလေပိုပြီး ဥပဒ်ဖြစ်လေလေ ဖြစ်တာကြောင့် အမြန်ဆုံးနီးစပ်ရာ ကျန်းမာရေး ဌာန၊ ကျန်းမာရေး ဆေးခန်း ပို့ပေးကြရမှာပဲ ဖြစ်တယ်။ အဆိုပါကိစ္စဟာ အချိန်မရွေး၊ မတော်တဆဖြစ်နိုင်တဲ့ကိစ္စပဲဖြစ်တယ်။ သြဇာစေ့လည်ချောင်းပြွန်ထဲ ဝင်တဲ့ကလေး ၁၀ ယောက်မှ  ၁၅ ယောက်ခန့်ထိ နှစ်စဉ် ဆေးရုံ ရောက်တာတတ်ကာ နှစ်ဦး၊ သုံးဦးမှာ အသက်ရှူမရ သေဆုံးရတယ်။

ရောဂါပိုးကြောင့်ဆိုရာမှာ ကလေးဘဝကာကွယ်ဆေး ပက်တာဗဲလိတ်ပါ  ဆုံဆို့ကြောင်၊ ကြက်ညှာချောင်းဆိုးကြောင့်ဖြစ်ရင် ကလေးဟာ တော်တော်မွမ်းကျပ်နေတယ်။ ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းကြွက်သားတွေ ရောင်ရမ်းနေစေလို့ အသက်ရှူမရအောင်ပိတ်ဆို့နီးပါးဖြစ်ရတယ်။ ပင်နီဆီလင်ထိုးဆေးမနက်၊  ညထိုးစေခြင်း၊  ပင်နီဆီလင်အုပ်စုဝင်စားဆေးရည် (Amoxil Syrup 12 0mg)(Cifram Syrup 120 mg) တို့လို   အကြိမ်ရေ  လေးကြိမ် ငါးရက်မှ  ခုနစ်ရက်ထိ   တိုက်ပေးဖို့လိုပါတယ်။

သည်လိုမှမကုသရင် ကလေးငယ်ဟာ  အသက်ရှူမဝရောဂါနဲ့ ဆုံးပါးသွားနိုင်ပါတယ်။

  သြဇာစေ့၊ ပဲလှော်စေ့ဝင်နေရင် အပြင်ကတွေ့နေရင်  အလန့်တကြားမဖယ်ရှားသင့်ပါဘူး။ ကလေးကိုစိတ်ငြိမ်နေအောင် ကစားစရာတစ်ခုခုနဲ့ ပေးဆော့ထားကာ မြင်ရတဲ့အနေအထားမှာ ဇာဂနာ၊ ညှပ်တစ်ခုခုနဲ့ ဖယ်ရှားပစ်နိုင်ပါတယ်။ အချို့က အထဲပိုရောက် အောင်ဆွဲပြီး ထိုးသွင်းနေတတ်တယ်။ သတိရှိသင့်တာက လေပြွန်နဲ့ အစာရေမျိုပြွန်နှစ်ခုရှိနေရာ လေပြွန်ထဲထိုးဝင်သွားဖို့ အခွင့်အရေးပိုများနေလို့ ဖြစ်နိုင်ရင်အပြင်ကို မရောက်ရောက်အောင်ဖယ်ရှားပစ်ပြီးမှ  အသက်ရှူလမ်းကြောင်းအတွက် စိတ်ချရမှာပဲဖြစ်တယ်။

လူဟာ အသက်ရှူမှသာအသက်ရှင်နေတတ်ကြရာ ဘယ်လိုနည်းနဲ့မှ အသက်ရှူလမ်းကြောင်းပိတ်ဆို့လို့ မဖြစ်ပါဘူး။ အသက်ရှူလမ်းကြောင်းဟာ ရောဂါပိုးမွှားကြောင့်ဖြစ်စေ၊ အခြားအရာဝတ္ထု ဝင်ခြင်းကြောင့်ဖြစ်စေ အသက်ရှူလမ်းကြောင်းပိတ်ပါက  အသက်ကို အန္တရာယ်ရှိနိုင်လို့   ကလေးငယ်တို့ရဲ့ အသက်ရှူလမ်းကြောင်းက လေပြွန်များ ပိတ်ဆို့ခြင်း မရှိရအောင် မိဘတိုင်းက အထူးဂရုပြုသင့်ကြပါတယ်။ အိမ်ဖော်နဲ့ လွှတ်ပေးထားပြီး  အိမ်ဖော်ကဖုန်းပွတ်နေချိန်မှာ ကလေးငယ်ကကော်စေ့ကောက်ထည့်လိုက်လို့ ဆေးရုံရောက်ရတဲ့ ဖြစ်စဉ်များ ပါတယ်။  သတိရှိစေချင်ပါ တယ်။ 

ဒေါက်တာလွင်သန့်