တိုးတက်လာသော ခေတ်ကာလတွင် အနောက်တိုင်းဆန်သည့် အနုပညာတို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
မြန်မာ့ရိုးရာအနုပညာများနှင့် အနောက် တိုင်းအနုပညာတို့အားပြိုင်မှုအကြား လူငယ်များ ခေတ်ပေါ်တေးများ ဘက်ဆီ အားသာ သွားတတ်ကြပေသည်။ ထိုသို့သော ကာလအတွင်း မြန်မာ့အနုပညာ စစ်စစ်ဖြစ်သော အမြင့် သဘင်ဟု ခေါ်တွင်ခဲ့သည့် ရုပ်သေးကို ထိန်းသိမ်းနေရသည်။ ရုပ်သေးရုပ် ပြုလုပ်ရာတွင်လည်း အမှတ်တရ ရောင်းချ သည့် ရုပ်သေးရုပ်ငယ်ကလေးများကိုသာ ပြုလုပ်ရောင်းချမှုများပြားလာသည့်အတွက် ကကြိုးဆွဲနိုင် သည့် ရုပ်သေးရုပ်များကို ရုပ်သေးပညာရှင်များကိုယ်တိုင်ပြုလုပ်နေ ရကြောင်းလည်း သိရသည်။
ရှေးခေတ်က အမြင့်သဘင်တွင်နေရာ ယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့ အနုပညာတို့ပေါင်းဆုံရာ အဖိုးတန် အနု ပညာအဖြစ် တင်စားကြသည်။ ရုပ်သေး ပညာမှာ မြန်မာ့အနုပညာ၏ ဆက်ထုံး၊ ဆုံချက်၊ အနုပညာတို့၏ ဘုံအဖြစ် ရပ်တည်လာခဲ့သော ပညာပင်ဖြစ်သည်။ မြန်မာ့အနုပညာစစ်စစ်ဖြစ်သော ရုပ်သေး ပညာ မှာခံစားမှုအနုပညာနှင့်အတူ အသုံးချ အနုပညာအပါအဝင် အားလုံးစုံလင်ပါမှ ရသမြောက်သော ရုပ်သေးဖြစ်လာသည်။
ရုပ်သေးစင်တစ်ခုတွင် အဆို၊ အက၊ အရေး၊ အတီးအားလုံးပါဝင်ကာ လူ့စိတ်နှလုံးသားကို ဖမ်းယူနိုင်သည်အထိ စွမ်း ဆောင်နိုင်သည်။ မြန်မာနိုင်ငံရောက်နိုင်ငံ တကာခရီးသွားများက မြန်မာ့ရုပ်သေးကို အလေးထားကြည့်ရှု ကြသည်။ ထို့အတူပင် ရုပ်သေးရုပ်ကလေးများ ဖန်တီးမှုကိုလည်း စိတ်ဝင်တစားလေ့လာလေ့ရှိသည်။ မြန်မာ့ ရုပ်သေးရုပ်တစ်ခုဖြစ်ရေး ပညာရှင်များစွာ ပူးပေါင်းပေးကြရသည်။ ရုပ်သေးရုပ် ကလေးတစ်ခုဖြစ်ရန်အတွက် ပန်းပု ဆရာက ထုဆစ်အသက်သွင်းပေးလိုက်သည်။ ထိုအသက်သွင်းထားသောပန်းပု ရုပ်တုကလေးကို တော်ဝင် နန်းထိုက်ဖြစ် ရေး၊ လှပရှုချင်ဖွယ်ဖြစ်ရေးအတွက် ပန်းချီပညာဖြင့် ခြယ်သပေးကြရသည်။ လည်ဆွဲ လက်ကောက် စုံအောင် ဆင်သနိုင်ရေး အတွက် ပန်းတမော့၊ ပန်းထိမ်ပညာတို့ဖြင့် ပြုလုပ်ကြရသည်။
လှပသော ရုပ်သေးရုပ်ကလေးများ အတွက် အဝတ်အစားမှအစ လှလှပပ ဖြစ်ရေးအတွက် အဝတ်အစား အချုပ် အလုပ်၊ မှန်စီရွှေချ၊ ရွှေချည်ထိုး၊ ရွှေဆိုင်းချ၊ ဖန်ချက်လုပ်ငန်းတို့ဖြင့် အလှဆင်ကြရပေ သည်။ ပူးပေါင်းသော အနုပညာရပ်များ အကြား အရုပ်ကလေးများကို ကကြိုးများ တပ်ဆင်ပြီး လူတို့၏စိတ်နှလုံးကိုဖမ်းစား နိုင်အောင် စွမ်းဆောင်ကြသည့် အဆင့်မြင့် အနုပညာတစ်ခုဖြစ်သွားပေသည်။
မြန်မာ့အမြင့်သဘင် ရုပ်သေးကိုထိန်းသိမ်းထားသည့် ပညာရှင်များ မန္တလေး မြို့တွင်ရှိကာ ရုပ်သေးရုပ်များ ဖန်တီး ပြု လုပ်နေခြင်းသည်ပင် မန္တလေးမြို့ အတွက် ဂုဏ်ယူဖွယ်ဖြစ်နေသည်။
နွေနဒီ၊ မြစ်ငယ်