နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲနှင့့်-၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲနှင့်U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၅

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့်  Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့်    ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဘော်လီဘော အားကစားသမားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။

ဘော်လီဘောအားကစားနည်းသည် တစ်ဦးချင်းရော၊ အသင်းလိုက်ပါ လေ့ကျင့်မှု ပြည့်ဝရန် အထူးလိုအပ်သည့် ကစားနည်းဖြစ်ကြောင်း၊  ထို့ပြင် အသင်းလိုက်ကစားရသည့်အတွက် တစ်ဦးချင်းထိုးဖောက်တတ်သည့်    ဉာဏ်ရည်ဉာဏ်သွေးထက်မြက် ရသလို  မိမိအသင်းအောင်နိုင်ရန် အသင်းဖော်များ၏ အရည်အသွေးပေါ်အောင် ဖန်တီး ပေးတတ်ရန်လည်း လိုအပ်ကြောင်း၊ မြန်မာ့ဘော်လီဘော အားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင်မြင်လာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် အားကစားသမားများအနေဖြင့် ဘက်စုံပြည့်စုံအောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အလွတ်တန်း ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသမီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး  အမျိုးသမီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ့်-၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို    ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့်  ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့်ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  အမျိုးသမီးဘောလုံးအားကစားသည် အမျိုးသားဘောလုံးအားကစားနည်းလို ပြည်သူလူထု၏ စိတ်ပါဝင်စားမှုရရှိနေပြီး ဖြစ်ကြောင်း၊ သက်တမ်းအလိုက် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင်လည်း အောင်မြင်မှု ရရှိနေပြီဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘောလုံးအားကစားစွမ်းရည်ဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက် နှင့်အညီ   မြန်မာ့ဘောလုံးအားကစား ပြန်လည်အောင်မြင်မှုရရှိရန်   အရေးကြီး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေး စီမံချက်ရေးဆွဲကာ     အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက  နိုင်ငံတော်သီချင်းနှင့် အားကစား သစ္စာဓိဋ္ဌာန်(၄)ချက်ကို    ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ် U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီး အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးအသင်း တို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲနှင့့် U-18 အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ် (၃)တို့၌  ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်    စိတ်ပါဝင်စားသူ မည်သူမဆို   အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။