ပြည်သူ့အကျိုးစီးပွားဖျက်ဆီးသူများကို ဝိုင်းဝန်းတိုက်ဖျက်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်)

ပြည်သူ့အကျိုးစီးပွားဖျက်ဆီးသူများကို ဝိုင်းဝန်းတိုက်ဖျက်

နိုင်ငံသူ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအကျဆုံးသောအရာမှာ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိရေးဖြစ်သည်။ လူနေမှုဘဝတိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား လိုအပ်မှုသည် များပြားလာမည်သာဖြစ်သည်။ နေ့စဉ် ချက်ပြုတ်စားသောက်မှုအစ စီးပွားရေးလုပ်ငန်းကြီးများအထိ လျှပ်စစ်ဓာတ်အားကို အသုံးပြုနေကြရသည်။ နိုင်ငံတော်အစိုးရသည် လျှပ်စစ်ဓာတ်အားတိုးတက် ဖြည့်ဆည်းပေးနိုင်ရေးကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် ဖြည့်ဆည်းနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဝန်ထမ်းများသည် ပြည်သူလူထုအတွက် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား များကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဖြန့်ဖြူးရေး ဓာတ်အား လိုင်းများကို ပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်းများကို နေ့မအားညမနားဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ ရန်ပုံငွေဖြစ်သည့် လျှပ်စစ်ဓာတ်အားခများ ပြန်လည်ရရှိရေးအတွက် အချို့သောလျှပ်စစ်သုံးစွဲသူများမှ မိမိတို့သုံးစွဲမှုအတိုင်း ပြန်လည် ပေးဆောင်ခြင်းမရှိသည့် ဓာတ်အားခများ လိုက်လံကောက်ခံခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိမှုများအပေါ် တိုင်းပြည်နှင့် လူမျိုးကို လုံးဝကောင်းကျိုးမပြုသော NUG နှင့် ၎င်းတို့၏ အစေခံ PDF အကြမ်းဖက် သောင်းကျန်းသူများသည် အများပြည်သူသို့ ဖြည့်ဆည်းပေးလျက်ရှိသည့် နိုင်ငံတော်၏ အခြေခံအဆောက်အဦများ အပေါ် ပျက်စီးစေရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများအား လုပ်ကြံပစ်ခတ်ခံရမှု ၂၄ ကြိမ်၊ ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက်ဖောက်ခွဲဖျက်ဆီးခံရမှု ၂၀၉ ကြိမ်၊ မဟာဓာတ်အားလိုင်းတာဝါတိုင် ၄၈ တိုင်၊ ဖြန့်ဖြူးရေးလိုင်း ၄၉ တိုင်တို့ ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ပြည်သူတို့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိသော လျှပ်စစ်ဝန်ထမ်းများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းမှာ လွန်စွာယုတ်မာ ကောက်ကျစ်သောလုပ်ရပ်ဖြစ်သည်။ NUG နှင့် ၎င်းတို့၏အစေခံ PDF အကြမ်းဖက်သောင်းကျန်းသူတို့ ရက်စက်စွာ သတ်ဖြတ်မှု ကြောင့် လျှပ်စစ်ဝန်ထမ်း ၁၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ မဟာဓာတ်အားလိုင်းတာဝါတိုင်နှင့် ဖြန့်ဖြူးရေးလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့်ဓာတ်အား ၁၆၀ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ရသည်။

ထို့ကြောင့် NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ အပြစ်မဲ့လျှပ်စစ်ဝန်ထမ်းတစ်ဦးအား လုပ်ကြံပစ်ခတ်ခဲ့မှုနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေခံအဆောက်အဦများအား တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေများအား သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်အစိုးရ အဆက်ဆက်၏ အုပ်ချုပ်မှုအောက်တွင် ဝန်ထမ်းတာဝန်ဝတ္တရားနှင့်အညီ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြရသူများ ဖြစ်သည်။

ထို့ပြင် ပြည်သူလူထု၏ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်းကောင်းပီသသူများ ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ဆိုသည်မှာလည်း ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဖွံ့ဖြိုးရေး၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနေရသည့် အရာဖြစ်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများကို အကြမ်းဖက် သတ်ဖြတ်၊ ဖောက်ခွဲဖျက်ဆီးခြင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေသည့်အပြင် ပြည်သူလူထု၏ နေ့စဉ်လူမှု စီးပွားဘဝများအတွက် လိုအပ်ချက်ကိုဖျက်ဆီးနေခြင်း ဖြစ်သည်။

နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားပျက်စီးရေးကို ရှေးရှုလုပ်ဆောင်နေသော NUG လက်ဝေခံ PDF အကြမ်းဖက် သောင်းကျန်းသူများကို ပြည်သူတစ်ရပ်လုံးကလည်း စက်ဆုပ်ရွံရှာမုန်းတီးနေကြပြီဖြစ်သည်။ NUG လက်ဝေခံ PDF အကြမ်းဖက် အဖွဲ့သို့ အသိမဲ့စွာမှားယွင်းဝင်ရောက်မိခဲ့သော လူငယ်အများစုမှာ ယခုအခါ ၎င်းတို့၏ လုပ်ရပ်အမှားများကို သိမြင်လာကြပြီ ဖြစ်သည်။ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံပေးလျက်ရှိသဖြင့် ပြန်လည်ဝင်ရောက်လာမှုမှာလည်း များပြားလာနေပြီဖြစ်သည်။

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖျက်သမားတို့၏ သတင်းအစအနရလျှင်ရချင်း သက်ဆိုင်ရာသို့ အချိန်မီပေးပို့ခဲ့သည့် အတွက် အကြမ်းဖက်အဖျက်သမားများ ဖမ်းဆီးရမိမှုမှာလည်း များပြားလာနေပြီဖြစ်သည်။ ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုး စီးပွားကို ထိခိုက်စေအောင် လုပ်ဆောင်နေသူမှန်သမျှမှာ ပြည်သူလူထု၏ဒဏ်ခတ်မှုကြောင့် ကျရှုံးမှုပေါင်းများစွာ ကြုံတွေ့နေရပြီ ဖြစ်ပေရာ ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၊ မိမိဒေသအတွင်း NUG လက်ဝေခံ PDF အကြမ်းဖက်သမားကို ဝိုင်းဝန်း တိုက်ဖျက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။