ညီမလေးတို့ သိစေချင်

ညီမလေးတို့ သိစေချင်

    ကျွန်မသည်  Facebook ဖွင့်၍ဖတ်ရင်း ဘာတွေပါလိမ့်ဟုတွေးမိသည်။  ဤသို့ တွေးနေစဉ် မိတ်ဆွေ ကဗျာဆရာတစ်ဦးက Video ဖိုင်တစ်ခုပို့ပေးလာ၍ စိတ်ဝင်စားစွာဝင်ကြည့်လိုက်မိရာ “အလို”ဟု ဘုရားတမိလျက်သား ဖြစ်သွားရသည်။ တစ်ဆက်တည်းပင် “သြော်”ဟု သံဝေဂယူလျက်သား မင်တက်မိသွားရသည်။

သို့နှင့် အောင်မြင်မှုနောက်ကို ငွေနှင့်လိုက်တတ်ကြသော လောဘသဘောကို ဆင်ခြင်မိလေ၏။ တွေးယူမိလေသည်။ မိန်းမတစ်ယောက်၏ တန်ဖိုးဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ မိန်းမတစ်ယောက်၏ အသိပညာ ဉာဏ်ရည်ဉာဏ်သွေးတို့သည် မည်မျှတန်ဖိုးရှိနေသနည်း။ မိမိတို့သည် တန်ဖိုးအနဂ္ဃထိုက်တန်သောရတနာများ ဖြစ်ကြသည်ဟု  “မိမိကိုယ်ကို မသိသည်ဘဲလား။” “စိတ်ကြီး မဝင်ကြလေသလား”ဟု တွေးမိ၏။

သို့နှင့် မိန်းမတစ်ယောက်၏ အလှအပနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကို  ပိုမိုတောက်ပပြီး  အကျိုးရှိလာအောင် ဘယ်နေရာများတွင် အသုံးချကြရမည် ဟုလည်း ပြောပြချင်လာမိပြန်သည် စသည်ဖြင့် အတွေးများဝင်လာကာ ဤစာတစ်ပုဒ်ကို ကောက်ကာငင်ကာ ရေးထုတ်လိုက်မိပေသည်။

မကောင်းမှု၌မွေ့လျော်သော မိန်းမတို့သည် ပျက်စီးခြင်း အဆုံးရှိတတ်လေ၏။

အမိ၊ အဘ၊ မိကြီး၊ ဘကြီး၊ ဦးလေး၊ အဒေါ်၊ ဆရာသမားတို့၏ ထိန်းကွပ်ဆုံးမမှုကို မနာခံတတ်သော မိန်းမတို့သည် လောက၏ ဒဏ်ခတ်ခြင်းကို မလွဲဧကန်ခံရတတ်သည်။

ရှေးအခါက မိန်းမသားများကို ယောက်ျားသားများက ပိုးကြပန်းကြ၏၊၊ ဤသည်မှာ လောကနိယာမ သဘောတစ်ခုသာဖြစ်သည်။ အပြစ်မဆိုစကောင်းပေ။  အမျိုးသားက  မိန်းမပျိုကိုကြည့်လိုမြင်လိုလှ၍ ချောင်းမြောင်းကြရသည်ဟုဆို၏။ အမျိုးသမီးများကလည်း မိမိ၏ အလှအပကို လျှို့ဝှက်တန်ဖိုးထားကြရလေ၏။

မိန်းမတို့ ဣန္ဒြေ ရွှေပေးလို့မရစကောင်း တန်ဖိုးအနဂ္ဃထိုက်လွန်းသည်ဟု စာဆိုတို့ ချီးမွမ်းခန်း ဖွင့်ယူကြရသည်။ ထိုမိန်းမမျိုးကို ယောကျ်ားတို့က    တန်ဖိုးထားကြလေ၏။ အလေးဂရုပြုတတ်ကြသည်။

ကိလေသာ၏ သားကောင်ဖြစ်တတ်ရှာသော မိန်းမသားများအနေနှင့် သူတစ်ပါးက မိမိကိုတန်ဖိုးထားအောင် ထိန်းသိမ်းတတ်ဖို့ အထူးလိုအပ်လှပေ၏။

မြန်မာအမျိုးသမီးများထဲတွင် ဉာဏ်ပညာကြီးရင့်သူ များစွာရှိလေ၏။ စာရှည်မည်စိုး၍ ရေးမပြတော့ပေ။ မဝေးသော အတိတ်ကာလလည်းဖြစ်၊ ယခုခေတ်နှင့် နီးစပ်သော ဥပမာတစ်ခုကို တင်ပြလိုသည်။ ကျွန်မတို့ အတုယူအားကျသင့်သူ နှစ်ဦး (သို့) ဇနီးမောင်နှံရှိသည်။ ထိုသူတို့မှာ ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေးတို့ဖြစ်သည်။   မမလေးသည် ထိုခေတ်က ထိပ်တန်းအင်္ဂလိပ် အရာရှိ အင်စပက်တော်ကြီး၏ သမီးဖြစ်၏။ ခေတ်မီ လှပဗိုလ်ဆန်၏။   အထက်တန်းကျ၏။ ဂုဏ်သရေကြီးမြင့်၏။ စာပေအရာတွင် မြင့်မား၏။ အသိပညာဉာဏ်နှင့်ပြည့်စုံ၏။ လိမ္မာပါးနပ်၏။    သူသည်ခေတ်နှင့် လျော်ညီစွာ မိသားစုအနေအထားအရ ထိုခေတ်က ဗိုလ်ဆန်ဆန်နေထိုင်သော်လည်း သူ၏စိတ်သည် ရိုးသား၏။ ဖြူစင်၏။ မြန်မာစာပေကို ချစ်မြတ်နိုးတတ်၏။

မြန်မာ့ယဉ်ကျေးမှုများသည်  သူ၏နှလုံးသားထဲ၌ စီးဆင်းနေ၏။ မြန်မာထုံးတမ်း စဉ်လာများကို လေးစားမြတ်နိုး တန်ဖိုးထားလေ၏။

သူရေးသောစာများသည် မြန်မာအမျိုးသမီးထု၏ ရှေ့ဆောင်လမ်းပြဖြစ်နေသည်ကို ကျွန်မတို့ ဖတ်ရှုလေ့လာရဖူးပါသည်။

ဂျာနယ်ကျော်မမလေးသည် သူရေးသော စာများကို   သတင်းစာတိုက်သို့ပို့၏။  ထိုခေတ်က မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်မှာ ဦးချစ်မောင်ဖြစ်သည်။ ဦးချစ်မောင်သည် အသွားနှစ်လက်မရှိ လက်နက်ကိုပင် ကိုင်ဆောင်ခွင့်မရှိသော ကိုလိုနီလက်အောက်မှ     ရုန်းထွက်နိုင်ရန်  ကလောင်လက်နက်ကို  စွဲကိုင်ခဲ့သူဖြစ်၏။

နယ်ချဲ့၏ မုသားပုံပြင်များကို ယုံကြည်မိမည်စိုး၍ သတင်းစာ၌ ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားပေးခဲ့သည်။

အမှောင်လွှမ်းနေသော  လူထုအတွက် အလင်းပြ၍ ဦးဆောင်ခဲ့ပေသည်။ ဦးချစ်မောင်၏ စာများကို ဖတ်ရ၍ မမလေးသည် ဦးချစ်မောင်ကို ကြည်ညို၍နေလေ၏။ သူ၏စိတ်ထဲတွင် ဦးချစ်မောင်သည် လှပခံ့ညား ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသော ဥပဓိသမ္ပတ္တိပြည့်စုံသော ပုဂ္ဂိုလ်ကြီးအဖြစ် ပုံဖော်ထားလေသည်။ တစ်နေ့သ၌ မမလေးသည် မအူပင်မှ ရန်ကုန်သို့ဆင်းလာ၏။ ဦးချစ်မောင်နှင့် တွေ့ရန်ဖြစ်သည်။

သတင်းစာတိုက်သို့ရောက်ပြီး အခန်းဝ၌ လူတစ်ဦး စာဖတ်နေသည်ကိုတွေ့ရ၏။ ထိုသူကိုကြည့်လိုက်ရာ    တိုက်ပုံမှာ ညစ်ထေးထေးနှင့် မျက်မှန်က ပါဝါထူထူ၊   ဆံပင်က စုတ်ဖွားဖွားဖြူရော်ရော်၊ ထိုးထိုးထောင်ထောင် ဖွာရာကျလျက် ဆီဝေး၍ သေသပ်မှုမရှိပေ။ စီးထားသောဖိနပ်မှာ တာယာဖိနပ်ညစ်ပတ်ပတ်၊ အဝတ်အစားက စုတ်ပြတ်ပေတေတေ၊ ညစ်ပတ်ပတ်၊ နံစော်စော်နှင့် ရှိနေလေသည်ကို မြင်တွေ့သွားလေသည်။ စိတ်ပျက်ဖွယ်ရာ အသွင်သဏ္ဌာန်ကိုဆောင်နေ၏။ သြော် သတင်းစာတိုက်၌ ငှားရမ်းထားသော “အစောင့်

အလုပ်သမားဖြစ်မည်”ဟု တွေးမိ၏။

ထိုသို့ဆုံးဖြတ်ပြီး အသံခပ်မြင့်မြင့်ဖြင့် “ဒီမယ်ရှင့် ဦးချစ်မောင်ရှိပါသလား။ ကျွန်မ ဦးချစ်မောင်နှင့် တွေ့ချင်လို့ပါ။ အကြောင်းကြားပေးပါ”ဟု ပြောလိုက်သည်။ ထိုသူမှာ တစ်ချက်မော့ကြည့်၍ “ကျုပ်ပဲ”ဟု တိုတိုပြတ်ပြတ်ပြောကာ သူမကိုသေချာမကြည့်ဘဲ စာကို ပြန်၍ဖတ်နေသည်။ မမလေးသည် စိတ်တိုသွားပြီး “ဒါ နောက်စရာမဟုတ်ဘူး ရှင့်။ ဦးချစ်မောင်ရှိရာ လမ်းပြပေးပါ” ဟု အတွန့်တက်၍ မျက်နှာထား ခပ်တင်းတင်း ဆိုလိုက်သည်။

ထိုသူသည်  သူမအား   တစ်ချက်မော့ကြည့်ပြီး “ကျွန်တော် ဦးချစ်မောင်ပါ”ဟု ထပ်မံပြောပြီး စာအုပ်ကို ဖတ်မြဲဆက်ဖတ်၍နေသည်။ မမလေးသည် အလွန်အံ့အားသင့်သွားပြီး စိတ်ထဲတွင် မေးခွန်းတစ်ခုမေးချင်လာမိ၍ ချက်ချင်းမေးခွန်း တစ်ခုမေးလိုက်သည်။ “ဟုတ်ကဲ့ ဦးချစ်မောင်၊ လောကမှာ ဂုဏ်များစွာရှိကြပါတယ်။  ဘယ်ဂုဏ်ဟာ   အကောင်းဆုံးလဲ၊ ဘယ်ဂုဏ်ကို  ရွေးချယ် ကျင့်သုံးပါသလဲ”ဟု  မေးလိုက်ရာ ဦးချစ်မောင်က မဆိုင်းမတွပင် “ကျွန်တော်ကရိုးဂုဏ်ကို    အကြိုက်ဆုံး၊ အမြတ်နိုးဆုံးပါ၊  ရိုးဂုဏ်ကိုပဲ ရွေးချယ်ကျင့်သုံးပါတယ်။ မြန်မာတွေဟာ ဘာသာကောင်းပါရဲ့ အကျင့်ပျက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟုဖြေကာ စာကို ပြန်၍ဖတ်နေလေသည်။

ဤအဖြေကြောင့် မမလေးသည် ဦးချစ်မောင်ကို အလွန်သဘောကျသွားလေ၏။ ဦးချစ်မောင်အမှန်ပဲဟု မှတ်ချက်ချသည်။

ရိုးဂုဏ်ကို သူကြိုက်သည်။ ရိုးဂုဏ်ဆိုသည်မှာ လူကောင်းတစ်ယောက် ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်သော   အရည်အသွေးကောင်း တစ်ခုဖြစ်လေသည်။  ရိုးသားမှု ဟူသော အုတ်မြစ်အပေါ် တည်မှီမှသာလျှင် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ အရည်အသွေး ကောင်းများကို ပျိုးထောင်နိုင်ပေမည်။

ရိုးသားခြင်းသည် ထုံထိုင်းခြင်း၊ အနုံခြင်းမဟုတ်ပေ။ အသိအလိမ္မာ ကင်းမဲ့ခြင်းလည်း မဟုတ်ပေ။ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျခြင်းလည်း မဟုတ်ပေ။ လူတစ်ဦး၏ စိတ်ဓာတ် အရည်အသွေး မြင့်မားခြင်းသာဖြစ်ပေသည်။

ရိုးသားခြင်းဆိုသည်မှာ   နှလုံးသွင်း ဖြောင့်စင်းခြင်း၊ သဘောထား ဖြောင့်မတ်ခြင်း၊ တော်တည့်မှန်ကန်ခြင်း၊ အစစ်အမှန်ကို သိခြင်း၊  မြတ်နိုးတတ်၊  အသိအမှတ်ပြုတတ်ခြင်း၊ ဟန်ဆောင်ဖုံးကွယ်မှုမရှိခြင်းသာဖြစ်သည်။ ရိုးသားမှုသည် သတ္တိတစ်မျိုးသာဖြစ်သည်။ စိတ်ဓာတ်အရည်အသွေး အကောင်းဆုံးမြင့်မားဖို့ အတွက် လက်ကိုင်ထားရမည့် “ဥပဒေသ” တစ်ခုလည်းဖြစ်သည်။

ဦးချစ်မောင်သည် တစ်ညလျှင် သုံးနာရီသာအိပ်၍ စာဖတ်စာရေး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေသည်ကို သိသည်။ အယ်ဒီတာလုပ်ငန်းဖြင့် အချိန်ကုန်ဆုံး၏။ အင်္ဂလိပ်မြန်မာ နှစ်ဘာသာ ကျွမ်းကျင်သည်။ စာပေအနုပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး သမိုင်း စသည်တို့ကို ထူးချွန်စွာ တတ်မြောက်သူဖြစ်သည်။    ကလောင်လက်နက်ဖြင့် နယ်ချဲ့ကို တွန်းလှန်နေသူ ဖြစ်သည်ကို မမလေးက အသေအချာ

သိရှိနားလည်ထားသူဖြစ်သည်။ ဦးချစ်မောင်လိုလူမျိုးသည်    ကာလပယောဂ သမ္ပတ္တိ တစ်ခုခုကြောင့် ပျက်စီးသွားရလျှင် အကျိုးမဲ့ အချည်းနှီးဖြစ်ရတော့မည်။ သူ့ကိုစောင့်ရှောက်ခြင်းသည် တိုင်းပြည်နှင့် လူမျိုးကို စောင့်ရှောက်ခြင်းသာဖြစ်သည်ဟု

တွေးမိကာ မမလေးသည် အလွန်ရိုးသားသော ဦးချစ်မောင်ကို ဦးဆောင်၍ လက်ထပ်ခဲ့လေသည်။

ဦးချစ်မောင်သည်  ရိုးဂုဏ်ကို မည်မျှ ထိန်းပါသလဲဆိုလျှင် မမလေးနှင့် လက်ထပ်ပြီးနောက် ဘုရားသွားဖူးကြသည်။ ထိုခေတ်က လန်ချားစီးကြရသည်။ သူက လန်ချားပေါ် အရင်တက်ပြီး ထိုင်နေသည်။ နောက်မှတက်သော မမလေးကို လက်ဆွဲ၍မတင်ချေ။ ထိုအခါ မမလေးက သူ့လက်ကို ကမ်းပေးရတော့သည်။ ဤသို့ လက်ကမ်းပေးသည်ကို   ဆွဲဖို့အရေး  ဟိုကြည့်သည်ကြည့် လုပ်လိုက်သေးသည်ဆို၏။

သည်ခေတ်အမြင်နှင့်ပြောလျှင် အပြစ်တင်စရာဖြစ်မည်။ သို့သော် လူမြင်ကွင်းတွင် ထိန်းသိမ်းစောင့်စည်းရမည့် လူ့ကျင့်ဝတ်ကို ပြသလိုက်ခြင်းသာဖြစ်ပေသည်။  ယခုခေတ် အမျိုးသား၊ အမျိုးသမီးများ သတိထားဖွယ်ပင်။ Facebook ပေါ် လွတ်လပ်သည်ဆိုကာ ပုံစံမျိုးစုံတင်ကြ၏။ ရယ်စရာသဖွယ် လုပ်ကြသော်လည်း အမိ၊ အဖ၊ ညီ၊ ညီမ၊ နှမသားချင်းမစာနာ ရှက်စရာကို   အမြင်မတော်လျှင်  မပြုသင့်ကောင်းပေ။

မိမိ၏   အဇ္ဈတ္တအတွင်းသဏ္ဌာန်က ကိလေသာကို မဖုံးနိုင်မဖိနိုင် ဖော်ပြနေရာလည်း ရောက်တော့သည်။

ဂျာနယ်ကျော်မမလေးသည် အလွန်ရိုးသားသော ဦးချစ်မောင်အား ပြုပြင်ပြင်ဆင် ထိန်းမတ်ကာ စာပေ၌လည်းကောင်း၊ နိုင်ငံ့အရေးအရာ ကိစ္စများတွင် လည်းကောင်း ဆောင်ရွက်စေတော့သည်။ လွတ်လပ်ရေး တိုက်ပွဲ၌ ဗိုလ်ချုပ်ကိုအကြံပေး အကျိုးပြု ဆောင်ရွက်ပေးသူမှာ   ကန့်လန့်ကာ နောက်ကွယ်က   ဦးချစ်မောင်သာဖြစ်သည်။    ဦးချစ်မောင်ကွယ်လွန်တော့ ဗိုလ်ချုပ်ကိုယ်တိုင် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း ဝမ်းနည်းစကား ပြောကြားခဲ့ပေသည်။

ဤနေရာတွင် တင်ပြလိုသည်မှာ အမျိုးသမီးတစ်ဦး၏ ဉာဏ်ပညာကြီးမြတ်မှုကို မီးမောင်းထိုးပြခြင်းက အဓိကဖြစ်သည်။

မိန်းကလေးများသည်  ပတ်ဝန်းကျင်အနေအထားအရ  ခေတ်နှင့်  ရင်ပေါင်တန်းနေလိုက နေနိုင်သည်။  ခေတ်မီအဝတ်အစားကို   ဝတ်လိုက ဝတ်နိုင်ပါသည်။ သို့သော် လုံခြုံရမည်။  လုံခြုံဆိုသည့် စကားရပ်အတိုင်း တစ်ခုလုံခြုံပါက အားလုံးလုံခြုံသွားပါလိမ့်မည်။

အဝတ်အစားသည် ခေတ်နောက်မကျ ကျန်ခဲ့ဖို့လိုသလို အတွေးအခေါ် အယူအဆ အသိပညာဉာဏ်တို့သည်လည်း ခေတ်နောက်သို့ မကျသင့်ပေ။ ခေတ်မီ ဆန်းသစ်နေရပေမည်။ မမလေးလို အမျိုးသမီးများသည် စာပေအရာတွင် ဖတ်ရှုလေ့လာ နှံ့စပ်ကျွမ်းကျင်ရုံမျှမက စိတ်အစဉ်၌ တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်သည့် စိတ်၊  မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို တန်ဖိုးထားလေးစား မြတ်နိုးသဖြင့် နှလုံးသားတွင် ဘုရားတည်ကာ အစဉ်စီးဆင်းနေသော စိတ်ဓာတ်တို့ကို အားကျအတုယူ အတုခိုးလိုက်နာကြရပေမည်။ ဂျာနယ်ကျော်မမလေးသည် အမျိုးသမီးတို့၏ ဉာဏ်ပညာကြီးရင့်ကြောင်းနှင့် မိန်းမတို့၏တန်ဖိုးကို သမိုင်းသက်သေ ထူပြသွားခဲ့ပေသည်။

အမရာ၊  ကိန္နရီ၊  မဒီ၊  သမ္ဘူလအပြင် တော်လေး၀၀င်  မြန်မာအမျိုးသမီးထု၏ ဂုဏ်အင်သည် အံ့မခန်းကြီးကျယ်မြင့်မြတ် ဂုဏ်ချင်းထပ်၍ မြတ်သည်ထက်မြတ်ကြမည်။

ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ ပညာဉာဏ်ကြီးသူသည် ခွန်အားရှိသူသာဖြစ်လေသည်။ ပညာဉာဏ်ကြီးဖို့ကလည်း စာပေကိုလေ့လာ လိုက်စားကြရပေမည်။ ထိုခွန်အားဖြင့် အများအကျိုးဆောင်သူသည်သာ တန်ဖိုးရှိလေသည်။ ထို့ပြင် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အမိနိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှုများ၊ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့များကို လေးလေးစားစား၊ စည်းကမ်းရှိရှိ လိုက်နာသင့်ပါကြောင်း  စေတနာထား ကရုဏာတရားဖြင့် သတိပေး ရေးသားလိုက်ခြင်းဖြစ်ပါ သည်။   ။

ယဉ်ယဉ်(ဘက်ရဲ)