မော်ရိုကိုအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သည့် စတုတ္ထမြောက် အာဖရိကအသင်းဖြစ်လာ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်ကစားသည့် မော်ရိုကိုအသင်းနှင့် စပိန်အသင်းတို့ပွဲစဉ်တွင် မော်ရိုကိုအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်သည့် စတုတ္ထမြောက် အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်၌ ပွဲချိန် မိနစ် ၉၀ နှင့် အချိန်ပို မိနစ် ၃၀ တို့တွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည့်အတွက် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရသည်။
ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင် စပိန်အသင်းအတွက် ပယ်နယ်တီစတင်ကန်သွင်းသည့် ဆာရာဘီးယား၏ သွင်းဂိုးတိုင်ထိသကဲ့သို့ ဆိုလာနှင့် ဘက်စ်ကွတ်တို့ ကန်သွင်းမှုကိုလည်း မော်ရိုကိုအသင်းဂိုးသမား ဘိုနူက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့်အတွက် မော်ရိုကိုအသင်းက ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် မော်ရိုကို အသင်းမတိုင်မီက ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အာဖရိကအသင်းများအဖြစ် ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကင်မရွန်းအသင်း၊ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီနီဂေါအသင်း၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂါနာအသင်းနှင့် ယခု အခါ မော်ရိုကိုအသင်းက စတုတ္ထမြောက်အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
မော်ရိုကိုအသင်းသည် အုပ်စုအဆင့်တွင်လည်း ခရိုအေးရှားအသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
Ref;DailyMail