ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပီလီနောက်ပိုင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အသက်အငယ်ဆုံး ကစားသမားအဖြစ် စပိန်အသင်းမှ ဂါဗီမှတ်တမ်းဝင်
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက် အဆင့်ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနှင့် စပိန်အသင်းတို့ကစားသည့်ပွဲစဉ်တွင် စပိန်အသင်းနှင့်အတူ လူငယ်ကစားသမားဂါဗီ ပွဲထွက်ခွင့်ရရှိပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပီလီပြီးလျှင် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဂါဗီသည် မော်ရိုကိုအသင်းနှင့် စပိန်အသင်းတို့ ကစားသည့်ပွဲစဉ်၌ပါဝင်ကစားချိန်တွင် အသက် ၁၈ နှစ်နှင့် ၁၂၃ ရက်သာရှိသေးပြီး ပီလီသည် ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် ၁၇ နှစ်နှင့် ၂၄၉ ရက်ဖြင့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့ပြီးနောက်ပိုင်း ဂါဗီက ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
ဂါဗီသည် စပိန်အသင်းနှင့်အတူ ၂၀၂၁ ခုနှစ်က နိုင်ငံတကာပြိုင်ပွဲများ စတင်ပါဝင်ကစားပြီးနောက် လက်ရှိ နည်းပြအင်းနရစ် လက်အောက်တွင် အဓိကကွင်းလယ်ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေပြီး လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပွဲစဉ်တိုင်း ပါဝင်ကစားခွင့်ရရှိခဲ့ကာ မော်ရိုကိုအသင်းနှင့်ပွဲစဉ်အပြီး ပြိုင်ပွဲစုံ ၁၆ ပွဲအထိ ပါဝင်ကစားခဲ့သူဖြစ်သည်။
ဂါဗီသည် အုပ်စုပွဲစဉ်များ စတင်ကစားချိန်ကလည်း စပိန်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းကောင်းတစ်ရပ်ရရှိထားပြီး ယခုအခါ ဒုတိယမြောက် မှတ်တမ်းကောင်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။
Ref;Marca