နေပြည်တော် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် မန္တလေး- လားရှိုး- မူဆယ်ပြည်ထောင်စု လမ်းမပေါ်ရှိ ဂုတ်တွင်း တံတား သစ်ပြင်ဆင် တည်ဆောက်မှု ပြီးစီးသွားပြီဖြစ်၍ ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
အဆိုပါတံတားကို ၂ဝ၁၉ ခုနှစ် သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် သောင်းကျန်းသူများက ဖောက်ခွဲ ဖျက်ဆီး ခဲ့ခြင်းကြောင့် ပြုပြင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။
''တံတား ပျက်စီးသွားတော့ သယ်ယူပို့ဆောင်ရေး မပြတ်တောက်ဖို့ အရေးပေါ်ဘေလီ တံတားဆောက်ခဲ့ပါတယ်။ ၄၈ တန်ထိပဲ ဖြတ်သန်းခွင့်ပြုတော့ ခွင့်ပြု တာထက်ကျော်နေရင် အဲဒီမှာ ကုန်ကဲ့ပြီးတင်ရတာ ပေါ့။ အခုဆိုရင် တံတားပြီးသွားလို့ တန်ချိန် ၅ဝ ကျော် ထိ ဖြတ်သန်းနိုင်တဲ့အတွက် ကုန်ကဲ့စရာမလိုတော့ ဘူး။ ကုန်ကျငွေက ၈၇၄ သန်းလို့ သိရတယ်'' ဟု BOT လမ်းပိုင်းလုပ်ကိုင်ခွင့်ရသည့် OHC ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြော သည် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းတံတားအဖွဲ့က မူလ တံတားဟောင်းနှင့် ကပ်လျက်တွင် အလျားပေ ၂၁ဝရှိ သံကူကွန်ကရစ် အမျိုးအစား နှစ်လမ်းသွား တံတားအသစ် တည်ဆောက်ခဲ့ပြီး တံတားဖြတ်သန်းခွင့်ကို တန်ချိန် ၆ဝ ထိ ခွင့်ပြုထားသဖြင့် ကုန်တင် တွဲယာဉ်ကြီးများမှာ ကုန်ပစ္စည်း ကဲ့တင်ရန် မလိုတော့ဘဲ ဖြတ်သန်း နိုင် ပြီဖြစ်သည်။
၂၂ ဘီးတွဲယာဉ်၏ ပျမ်းမျှ အလေးချိန်သည် တန် ၅ဝ ဝန်းကျင် လောက်ရှိပြီး တံတား၏ ခံနိုင်ဝန်ကို တွက်ချက်ပြီး ခွင့်ပြု ထားခြင်းဖြစ်ကြောင်း၊ ၎င်းယာဉ်များကို တံတားအသစ်တွင် စတင်ဖြတ်သန်း ခွင့်ပြုနေပြီ ဖြစ်သောကြောင့် ယခင် ကုန်ပစ္စည်းကဲ့ တင်ရသည့် ကုန်ကျစရိတ်များ သက်သာသွားပြီဖြစ်ကြောင်း၊ တံတားအရှည်မှာ ပေ ၂၁ဝ၊ အကျယ်ပေ ၃ဝ ဖြစ်ပြီး နှစ်လမ်းသွား သံကူ ကွန်ကရစ်တံတား ဖြစ်ကြောင်း သိရသည်။
ကိုလတ်