နေပြည်တော် ဒီဇင်ဘာ ၈
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U - 18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် (အမျိုးသမီး) ဘောလုံးအားကစားသမား များစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U - 18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်ကွင်းအမှတ် (၃)တို့၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၏ ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် (နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်းဦးနှင့် ဦးကျော်စိုးမိုး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု ခဲ့ကြသည်။
U - 18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသည်။
ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီမှစတင်၍ U - 18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲအုပ်စု ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)