၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲကို အဆင့်သုံးဆင့်ခွဲ၍ကျင်းပမည်

၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲကို အဆင့်သုံးဆင့်ခွဲ၍ကျင်းပမည်

ရန်ကုန်၊ အားကစား

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲကို  အဆင့်သုံးဆင့်ခွဲ၍ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး ၂၀၂၄ ခုနှစ်  ဇူလိုင်  ၂၆ ရက်မှ သြဂုတ်  ၁၁ ရက် အထိ ကျင်းမည်ဖြစ်ကာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် ပြင်သစ်အသင်းနှင့်အတူ ခြေစစ်ပွဲအောင်မြင် သည့်အသင်း ၁၁ သင်း စုစုပေါင်းပြိုင်ပွဲဝင် အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

၂၀၂၄ ပါရီအိုလံပစ်အမျိုးသမီးဘောလုံး ပြိုင်ပွဲ အာရှဇုန်ပထမအဆင့်ခြေစစ်ပွဲစဉ် များကို ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ၊   ဒုတိယအဆင့်  ခြေစစ်ပွဲစဉ် များကို အောက်တိုဘာ ၂၃ ရက်မှ ၃၀ ရက်အထိ၊   နောက်ဆုံးအဆင့်   ခြေစစ် ပွဲစဉ်များကို  နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ  အဆင့်သုံးဆင့်ခွဲ၍  ကျင်းပ မည်ဖြစ်သည်။

အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲများကို ပြိုင်ပွဲဝင်အသင်း ၃၀ ဖြင့်ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မြင့်မား သည့် အသင်းများအနေဖြင့် ပထမအဆင့် ခြေစစ်ပွဲကစားရမည်မဟုတ်ဘဲ ဒုတိယ အဆင့်ခြေစစ်ပွဲစဉ်မှ စတင်ကစားရမည်ဖြစ်ပြီး  အာရှဇုန်မှ အသင်းနှစ်သင်းသာ ဝင်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းအနေဖြင့် အာရှဇုန်ခြေစစ်ပွဲတွင် ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး   အဆိုပါ ခြေစစ်ပွဲပြီးလျှင် ၂၀၂၃ ခုနှစ်အတွင်း (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို   ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အမျိုး သမီးဘောလုံးအသင်းကို စုဖွဲ့ထားခြင်းမရှိသေးဘဲ အသင်းနည်းပြအဖြစ်လည်း ပြီးခဲ့သည့်  (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအပြီးတွင် နည်းပြချုပ် ဦးတင်မြင့်အောင်နှင့် လမ်းခွဲခဲ့သည့်အတွက်    နည်းပြနေရာ လစ်လပ်နေပြီး  မကြာမီ အသင်းနည်းပြခန့်အပ်ကာ ၂၀၂၃ ခုနှစ်အတွင်းကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲ များအတွက် ပြင်ဆင်မည်ဖြစ်ကြောင်း သိရ သည်။

STA