နည်းပြအင်းနရစ်နှင့်လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်အဖြစ် လူးဝစ်ဒီလာဖွန်တီကို ခန့်အပ်ကြောင်း စပိန်အသင်းအတည်ပြုကြေညာ
မက်ဒရစ်၊ ဘောလုံး
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က နည်းပြအင်းနရစ် နှင့်လမ်းခွဲပြီးနောက် လစ်လပ်နေသည့် အသင်း နည်းပြသစ်ရာထူးအတွက် စပိန်ယူ-၂၁ အသင်း နည်းပြဖြစ်သည့် လူးဝစ်ဒီလာဖွန်တီကို ခန့်အပ်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းသည် ပြိုင်ပွဲမတိုင်မီက ချန်ပီယံဆု အတွက် ရေပန်းစား မှုစာရင်းတွင်ပါဝင်ခဲ့သော်လည်း အုပ်စုပွဲစဉ်များမှ စတင်ရုန်းကန်ခဲ့ရကာ ၁၆ သင်းရှုံးထွက်အဆင့်တွင် မော်ရိုကို အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် နည်းပြ အင်းနရစ်နှင့် စပိန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ ဆွေးနွေးမှုများ ပြုလုပ်ပြီး နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့ခြင်း ဖြစ်သည်။
နည်းပြ အင်းနရစ်သည် စပိန်အသင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လက စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး နောက်စပိန်အသင်းကို ၎င်းတာဝန်ယူကိုင်တွယ် သည့် သက်တမ်းတစ်လျှောက် အမြင့်ဆုံးအောင်မြင် မှုအဖြစ် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ဥရောပနေးရှင်း လိဂ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိအောင်သာ စွမ်းဆောင်နိုင်ခဲ့သည်။
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က အသင်းနည်းပြ အင်းနရစ်နှင့် လမ်းခွဲကြောင်းကြေညာခဲ့ပြီးနောက် နည်းပြသစ်အဖြစ် လူးဝစ်ဒီလာ ဖွန်တီကို ခန့်အပ်ရန် ဆွေးနွေးမှုများဆက်လက်ပြုလုပ်ကာ လက်ရှိတွင် စပိန်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်နိုင်ခဲ့ခြင်းဖြစ် ပြီး မည်သည့်အချိန်ထိ စာချုပ်သက်တမ်းဖြင့် ခန့်အပ်ခဲ့ခြင်းကို ထုတ်ပြန်ထားခြင်းမရှိဘဲ လာမည့်ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ခန့်အပ်ဖွယ် ရှိနေခြင်း ဖြစ်သည်။
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က “လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ယူ-၂၁ အသင်းနည်းပြ လူးဝစ်ဒီလာဖွန်တီကိုခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ။ နည်းပြလူးဝစ်ဒီလာဖွန်တီအနေနဲ့ လာမယ့် နိုင်ငံတကာပွဲစဉ်တွေကစပြီး စပိန်အသင်းကို တာဝန် ယူသွားမှာပါ” ဟု ကြေညာခဲ့သည်။
Ref;Fotmob