သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များကအားတက်သရောဆောင်ရွက်

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များကအားတက်သရောဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

          မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိ ပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ် အရေးကြီးလှပါသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ  Clean city၊ Clean Village များဖြစ် လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိ မြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

          ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက် ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများသန့်ရှင်းသာယာ လှပရေးကိုအားတက်သရောဆောင်ရွက်လျက်ရှိကြပါသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်အပါအဝင် မြို့နယ်(၇)မြို့နယ်တို့၌လည်းကောင်း၊ ကချင်ပြည်နယ်၊မြစ်ကြီးနား မြို့နှင့် တနိုင်းမြို့တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့အပါအဝင် မြို့နယ်(၇)မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် မိုင်းရှူးမြို့တို့၌လည်းကောင်း၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့ အပါအဝင် မြို့နယ် (၄)မြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်အပါအဝင် မြို့နယ်(၅)မြို့နယ် နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့အပါအဝင် မြို့နယ်(၃)မြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အပါအဝင် မြို့နယ်(၁၀)မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၅)မြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့အပါ အဝင် မြို့နယ်(၆)မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အပါ အဝင် မြို့နယ်(၁၉)မြို့နယ်နှင့် ချင်းပြည်နယ်၊ ဖလန်းမြို့နယ်တို့၌လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အပါအဝင် မြို့နယ်(၁၀) မြို့နယ်တို့၌လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ တို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

          ထို့ပြင် မန္တလေးမြို့ပေါ်ရှိ တာဝန်သိ လူငယ်၊ လူရွယ်များစုစည်း၍ မြို့ရွာ သန့်ရှင်းရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုလမ်းဆုံပန်းခြံပတ်ဝန်းကျင်တို့တွင် အမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာချောင်ချိမှုရှိစေရန် ပြည်သူများ ထံမှ အမှိုက်တစ်ပိဿာကို ၁၀၀ ကျပ်ဖြင့် ဝယ်ယူပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။