အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ ဒီဇင်ဘာ ၁၀
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်း ကျေးရွာနေ နီနီမာသည် ၎င်းအသုံးပြုသည့် “ချစ်သူရင်ခွင်” Facebook အကောင့်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နေ ဝင့်ထူးထူးအောင်သည် ၎င်းအသုံးပြုသည့် “Wint Htoo Htoo Aung” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ် (၄)ရပ်ကွက်နေ သိန်းထွန်းထိုက်သည် ၎င်းအသုံးပြုသည့် “Thein Htun Htike” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ သန်းနိုင်သည် ၎င်းအသုံးပြုသည့်“U Than Naing” Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်နေ စန်းမောင်မြင့် (ခ) စောယွန်း(ခ) နန်းဦးလွင်သည် ၎င်းအသုံးပြုသည့် “Nann Oo Lwin” Facebook အကောင့်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဆကာရပ်ကွက်နေ သီရိမွန်(ခ) ပိုးဟပ်ဖြူသည် ၎င်းအသုံးပြုသည့် “Thiri Mon (ပိုးဟပ်ဖြူ)” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်အပ်ပါသည်။