မန်ယူအသင်းက ကမ်းလှမ်းလာလျှင် ပြောင်းရွှေ့ကစားရန် ဦးစားပေး စဉ်းစားမည်ဖြစ်ကြောင်း ပီအက်စ်ဗွီအသင်း တိုက်စစ် ကစားသမား ဂက်စ်ပိုပြော

မန်ယူအသင်းက ကမ်းလှမ်းလာလျှင် ပြောင်းရွှေ့ကစားရန် ဦးစားပေး စဉ်းစားမည်ဖြစ်ကြောင်း ပီအက်စ်ဗွီအသင်း တိုက်စစ် ကစားသမား ဂက်စ်ပိုပြော

    နယ်သာလန်အသင်းနှင့် ပီအက်စ်ဗွီအသင်း တိုက်စစ်ကစားသမား ဂက်စ်ပိုသည် လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းက ကမ်းလှမ်းလာလျှင် ပြောင်းရွှေ့ကစားရန် ဦးစားပေး စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဂက်စ်ပိုသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့ဖူးပြီး  မန်ယူအသင်းက အန်တိုနီကို ရွေးချယ်ခဲ့သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

    ဂက်စ်ပိုသည်  ယခုဘောလုံးရာသီတွင် ပီအက်စ်ဗွီ အသင်းနှင့်အတူ  အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး လိဂ်ပွဲစဉ် ၁၄ ပွဲကစားရာတွင် ကိုးဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု   ၁၂  ကြိမ်ပြုလုပ်ထားသည်။ ထို့ပြင် နယ်သာလန်အသင်းနှင့်အတူ  ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ၁၆ သင်းရှုံးထွက် ပွဲစဉ်ကစားပြီးချိန်အထိ ပုံစံကောင်းပြသနိုင်ကာ  သုံးဂိုးသွင်းယူထားပြီး  အသင်းသမိုင်းတစ်လျှောက်  ကမ္ဘာ့ဖလားပြိုင်ပွဲတွင်   သုံးပွဲဆက်   ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ်  မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။

    မန်ယူအသင်းကလည်း မကြာသေးမီက ဝါရင့်ကစားသမား စီရော်နယ်ဒိုနှင့်  စာချုပ်ဖျက် သိမ်းထားသောကြောင့် လာမည့်ဇန်နဝါရီ ကစားသမားအပြောင်း အရွှေ့ကာလတွင်  အသင်းတိုက်စစ်ပိုင်းအတွက် ဂက်စ်ပိုကို  ဦးစားပေးခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။